အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံတော်က ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းဖြစ်သော်လည်း လုပ်ပိုင်ခွင့်များကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

အောက်တိုဘာ ၁၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြဖြေကြားစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံတော်က ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်း ဖြစ်သော်လည်း မိမိလုပ်ပိုင်ခွင့်များကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက နေပြည်တော်တွင် အောက်တိုဘာ ၁၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်း၏ မေးခွန်းအားဖြေကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက “မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် အစိုးရလက်နက် ကိရိယာတစ်ခု (သို့မဟုတ်) သီးခြားလွတ်လပ်တဲ့ အဖွဲ့တစ်ခု ဖြစ်၊ မဖြစ် သိရှိလိုကြောင်း၊ ကော်မရှင်၏ ဆောင်ရွက်မှုတို့ကို သိလိုကြောင်း” ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးခွန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ကော်မရှင်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမို၍ကာကွယ် စောင့်ရှောက်နိုင်ရန် အလို့ငှာ နိုင်ငံတော်က ဥပဒေတစ်ရပ် ပြဋ္ဌာန်း၍ ဖွဲ့စည်းပေးပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေပံ့ပိုးမှုဖြင့် လွတ်လပ်စွာဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် မိမိ၏ လုပ်ပိုင်ခွင့်များကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိကြောင်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁ ၏ ပုဒ်မ ၂၄(က)တွင် အတိအလင်း ဖော်ပြထားပြီး အစီရင်ခံစာ တင်သွင်းမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ လူ့အခွင့်အရေး အခြေအနေနှင့် ကော်မရှင်၏ ဆောင်ရွက်မှုများ၊ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ သင့်လျော်သည့် အကြံပြုထောက်ခံချက်များ ပါဝင်သည့် နှစ်ပတ်လည်အစီရင်ခံစာကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် သတ်မှတ်ပြဋ္ဌာန်းထားကြောင်း ဥက္ကဋ္ဌဦးဝင်းမြက ဆိုသည်။
ကော်မရှင် ဖွဲ့စည်းတည်ထောင်ပြီး ကော်မရှင်ဥပဒေအရ အပ်နှင်းထားသည့် လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ငွေကြေးကို နိုင်ငံတော်က ထောက်ပံ့ရမည် ဖြစ်သည့်အတွက် ကော်မရှင်သည် နိုင်ငံတော်၏ ငွေကြေးထောက်ပံ့မှုဖြင့် ဖွဲ့စည်းဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း ဦးဝင်းမြက ဆိုသည်။
ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် ဒုတိယအကျော့ လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ၌ သုံးသပ်ခံရန်ရှိရာ ယင်းလုပ်ငန်းစဉ်အတွက် အကောင်အထည်ဖော်ခြင်း၊ အစီရင်ခံစာ ညှိနှိုင်းပြုစုခြင်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ သွားရောက်ဖြေဆိုခြင်းတို့ကို အစိုးရပိုင်းမှ ဆောင်ရွက်ရာတွင် မိမိတို့ကော်မရှင်က ပံ့ပိုးကူညီခြင်းနှင့် ကော်မရှင်၏ သီးခြားအစီရင်ခံစာ ပြုစုတင်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။
ဝေယံဖြိုးဦး၊ မျိုးမင်းထက်
EMG
Category: bcjpnob, News, လမ်းမိုင်း



