စုပေါင်းပိုင် အဆောက်အအုံတစ်ခုတွင် ၁၂ ထပ်ထက် မနည်းရန်နှင့် အိမ်ခန်းအရေအတွက်အတိုင်း ယာဉ်ရပ်နားရန်နေရာနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးများ လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ပြောကြား

hnm | 日曜日, 10月 19, 2014 |




စုပေါင်းပိုင် အဆောက်အအုံတစ်ခုတွင် ၁၂ ထပ်ထက် မနည်းရန်၊ အိမ်ခန်းအရေအတွက်အတိုင်း ယာဉ်ရပ်နားရန်နေရာ၊ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးများ သတ်မှတ်ထားရန်လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။

ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသည့် စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်နိုင်သည့် အနည်းဆုံးမြေဧရိယာကို တစ်ဧကဟု သတ်မှတ်ထားကြောင်း၊ အဆိုပါ သတ်မှတ်ချက်အစား လက်တွေ့ဆောင်ရွက်ရာတွင် အဆင်ပြေရန်အတွက် အနည်းဆုံး စတုရန်းပေတစ်သောင်းဟု သတ်မှတ်သင့်ကြောင်း၊ စုပေါင်းပိုင် အဆောက်အအုံများ၏ ဘေးကင်းလုံခြုံ စိတ်ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် အလေးထား ဆောင်ရွက်သင့်ကြောင်း ဥပဒေကြမ်းကော်မတီက အကြံပြုထားသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုးမြင့်က “ကော်မတီအနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် အခန်း ၁၂ ပုဒ်မပေါင်း ၃၉ ခုပါဝင်တဲ့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကို အသစ်ပြန်လည် ရေးဆွဲခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေထားပါတယ်” ဟု အစီရင်ခံစာတင်သွင်းစဉ် ပြောကြားသည်။

ဥပဒေကြမ်းကော်မတီက ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသည့် အချို့အခန်း ခေါင်းစဉ်များနှင့် ပြဋ္ဌာန်းချက်များသည် နည်းဥပဒေတွင်သာ ဖော်ပြသင့်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအတွက် ဥပဒေပြုပိုင်ခွင့် အာဏာကို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်သို့ အပ်နှင်းထားကြောင်း၊ ထို့အတွက် စုပေါင်းပိုင် အဆောက်အအုံများ တည်ထောင်ခြင်းမှစကာ အခန်းများ လွှဲပြောင်းရောင်းချခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စုပေါင်းပိုင် အဆောက်အအုံကို ဖြိုဖျက်ပြီး အသစ်ပြန်လည် ဆောက်လုပ်ခြင်းကို ပြည်ထောင်စုဝန်ကြီးဌာနက စီမံခန့်ခွဲမည့်အစား တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ဆောင်ရွက်သင့်ကြောင်း အကြံပြုပြောကြားသည်။ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းအား ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် အောက်တိုဘာ ၂၀ ရက် နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

EMG

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ