နိုင်ငံရေးဆွေးနွေးပွဲများ လာမည့်နှစ်အတွင်း စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း MPC ပြောကြား

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သြဂုတ်လ ၁၁ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီက ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ဝန်ကြီး ဦးအောင်မင်း ကို တွေ့ရစဉ် Photo: Kyaw Zaw Win, Wai Yan Moe Myint/RFA
တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ လာမယ့် ၂၀၁၆ ခုနှစ်ထဲရောက်မှသာ ဖြစ်နိုင်ခြေရှိကြောင်း MPC မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရှင်းပြခဲ့ကြောင်း သိရပါတယ်။
နေပြည်တော် MAX ဟိုတယ်မှာ ဒီနေ့စတင်ကျင်းပတဲ့ “ပြည်တွင်းငြိမ်းချမ်းရေးအတွက် လွှတ်တော်ရဲ့ အခန်းကဏ္ဍ” ဆိုတဲ့ ဆွေးနွေးပွဲမှာ မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတွေက ရှင်းပြခဲ့တာလို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။
"အခု နိုင်ငံရေးဆွေးနွေးပွဲကို မရောက်သေးဘူး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သွားတဲ့ဟာက ၂ဝ၁၅ မကဘူး၊ ၂ဝ၁၆ ကို ကူးသွားမယ်လို့ သူတို့ထင်တယ် ဆိုပြီး အဲ့လိုဆွေးနွေးသွားတယ်၊ နောက်ဆုံးပိတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ လွှတ်တော်ထဲမှာပဲ ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြရမှာပဲ၊ နောက်ဆုံး နိုင်ငံရေးဆွေးနွေးပွဲဆိုတာလည်း လွှတ်တော်ထဲမှာပဲ အဆုံးအဖြတ်ပေးမှာပဲ၊ တကယ်တမ်းကျတော့ လွှတ်တော်ကို ဂရုမစိုက်လို့မရဘူးလေ၊ လွှတ်တော်ကငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးမှာတော့ ဦးဆောင်နေတဲ့အခန်းကဏ္ဍမှာပါတယ်"
အဲဒီဆွေးနွေးပွဲကို မနက်ဖြန်အထိ နှစ်ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ပြည် တွင်းငြိမ်းချမ်းရေး ပထမအဆင့်အဖြစ် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဆွေးနွေးနေ ဆဲဖြစ်ပါတယ်။
RFA
Edited (TEAM BCJP)



