ယမကာ၊ ဖျော်ရည်နှင့် စားသုံးဆီများတွင် အန္တရာယ်ဖြစ်စေသည့် ဓာတုပစ္စည်းများ ပါဝင်မှု ရှိ မရှိ စစ်ဆေး

FDA မှ Mobile Team ဖြင့် ဈေးကွက်အတွင်းရှိ စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်နေစဉ်
ယမကာ၊ ဖျော်ရည်နှင့် စားသုံးဆီများတွင် အန္တရာယ်ဖြစ်စေသည့် ဓာတုပစ္စည်းများ ပါဝင်မှု ရှိမရှိ၊ အစားအသောက်များတွင် ပိုးသတ်ဆေး အကြွင်းအကျန်များ ပါဝင်မှု ရှိ မရှိ စသည်တို့ကို မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ နိုင်ငံတကာအဆင့် စစ်ဆေးမှုပြုလုပ်နေကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“အခုအသစ်ရောက်နေတဲ့ GCMS စက်ပစ္စည်းတွေက အရက်အမျိုးမျိုးအပါအဝင် စားသုံးဆီ၊ ဖျော်ရည်စတာတွေကို စစ်ဆေးလို့ရတယ်။ အဓိက,က ဓာတ်ခွဲခန်းတွေကို အဆင့်မြှင့်တာပါ။ အစိုးရက ဘတ်ဂျက်ချပေးတဲ့အပေါ်မူတည်ပြီး စက်ပစ္စည်းအသစ်တွေကို ထပ်တိုးချဲ့ ဝယ်ယူတာပါ။ အခုလက်ရှိလည်း တင်သွင်းလာတဲ့ အရက်တွေနဲ့ ပြည်တွင်းထုတ် အရက်တွေကိုလည်း ပုံမှန်စစ်ဆေးမှုတွေ လုပ်ပါတယ်”ဟု ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးများ တိုးချဲ့ဖွင့်လှစ်ရန်အတွက် ကျပ်သန်းပေါင်း ၁၂ဝဝ ရရှိထားပြီး ကော့သောင်းနှင့် မြိတ်မြို့များတွင် FDA ဌာနခွဲများ ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနရုံးအပြင် နယ်စပ်အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေးဌာနများအဖြစ် ရှမ်းပြည်နယ်ရှိ မူဆယ်၊ တာချီလိတ် နှင့် ချင်းရွှေဟော်မြို့၊ ကရင်ပြည်နယ်ရှိ မြဝတီမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့များတွင် ဖွင့်လှစ်ထားပြီး ဆက်လက်၍ ကော့သောင်းနှင့် မြိတ်မြို့များတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဌာနခွဲများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းလုပ်ဆောင်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနရုံး ခြောက်နေရာဆောက်လုပ်နိုင်ရန် ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၂ဝဝ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဌာနခွဲများ ဖွင့်လှစ်ထားပြီး ယင်းဌာနတွင် ဓာတ်ခွဲခန်းငယ် Mini Lab Laboratory များထားရှိကာ နယ်စပ်မှ ဝင်ရောက်လာသည့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
FDA မှ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးတွင် Mini Lab Laboratory များကို ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ FDA အနေဖြင့် ကုန်သွယ်မှုတိုးမြှင့်ရန် ကုန်သည်လုပ်ငန်းရှင်များ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကုန်ကျစရိတ် သက်သာရေးအတွက် လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်အတွက်လည်းကောင်း၊ နယ်စပ်မှ တရားဝင်တင်သွင်းလာသော အစားအသောက်များကို ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန်အတွက် လည်းကောင်း၊ နယ်စပ်တွင်သုံးစွဲနေသော ဆေးဝါးများ စစ်မှန်မှု ရှိမရှိနှင့် အရည်အသွေးပြည့်မီမှု ရှိ မရှိ စစ်ဆေးနိုင်ရန်အတွက် ရည်ရွယ်၍ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဓာတ်ခွဲခန်းငယ်များ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများတွင်လည်း FDA ဌာနခွဲများကို တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အိသဉ္စာကျာ်
EMG



