နယ်စပ်ကုန်သွယ်ရေး ယခင်နှစ်ထက် ကန်ဒေါ်လာ ၈၄၇ သန်း ပိုမို

မြဝတီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - နန်းလွင်နှင်းပွင့်၊ မဇ္ဈိမ) နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ခြောက်ဘီလီယံရရှိရန် မျှော်မှန်းထားသည်။
ယခုဘဏ္ဍာနှစ် ခြောက်လကျော်အတွင်း (ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၇ ရက်) နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင်လက်မှတ် ITC ကတ်ဖြင့် ကုန်သွယ်မှုများ တိုးလာခြင်းကြောင့် ယခင်နှစ်ထက် ကန်ဒေါ်လာ ၈၄၇ ဒသမ ၁၂၉ သန်း ပိုမိုကုန်သွယ်ထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နယ်စပ်စခန်းများတွင် အဆိုပါအိုင်တီစီ ကတ်ဖြင့် ကုန်သွယ်မှုပမာဏ ကျပ်သန်း ၄၇၆,၃၃၀ ကျော်ရှိပြီး ပို့ကုန်ပမာဏ ကျပ် ၁၇,၃၆၈ သန်းနှင့် သွင်းကုန်ပမာဏ ကျပ် ၃၀,၂၆၄ သန်းကျော် ကုန်သွယ်ထားနိုင် သောကြောင့် ယခုနှစ်အတွင်း နယ်စပ်စခန်း များမှ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ကန် ဒေါ်လာ ၃,၁၄၉ ဒသမ ၇၃၃ သန်း ရရှိ ပြီးဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုရှိပြီး အဓိကကုန်သွယ်ရေးစခန်းများမှာ မူဆယ်၊ မြ၀တီ၊ ချင်းရွှေဟော်၊ မြိတ်၊ တမူး၊ မောင်တော စသည့်နယ်စပ်ကုန်သွယ် ရေးစခန်းများဖြစ်ပြီး တာချီလိတ်စခန်းမှ အိုင်တီစီကတ်ဖြင့် ကုန်သွယ်မှုအများဆုံး ပြုလုပ်ခြင်းဖြစ်သည်။
“နယ်စပ်စခန်းတွေ အကုန်လုံးကို အိုင်တီစီကတ်နဲ့ ကုန်သွယ်ဖို့ ခွင့်ပြုထားပေမယ့် ရခိုင်ပြည်နယ်ဘက်က စစ်တွေ၊ မောင်တော နယ်စပ်စခန်းတွေကတော့ ကုန်သွယ်မှု ကြီးကြီးမားမားမရှိတဲ့အတွက် အိုင်တီစီ ကတ် မသုံးကြဘူး”ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် အိုင်တီစီ ကတ်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလက စတင်ခွင့်ပြုခဲ့ပြီး လက်ရှိတွင် နယ်စပ်စခန်းများသို့ အိုင်တီစီကတ်၂၆၇ ကတ် ထုတ်ပေးထားသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် မူဆယ်စခန်းမှ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂,၃၄၈ ဒသမ ၄၇၂ သန်း ရရှိကာ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ ၂၀၈ ဒသမ ၂၅၆ သန်း၊ မြိတ်စခန်းမှ ကန် ဒေါ်လာ ၇၁ ဒသမ ၅၄၃ သန်းနှင့် တမူး စခန်းမှ ကန်ဒေါ်လာ ၂၀ ဒသမ ၄၁၆ သန်း ရရှိထားပြီးဖြစ်သည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ၂၅ ဘီလီယံရရှိရန် လျာထား လျက်ရှိရာ နယ်စပ်ကုန် သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ ခြောက်ဘီလီယံကျော်ရရှိရန် လျာထားခြင်းဖြစ်သည်။
သိမ့်သဉ္ဇာဇင်
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, News, လမ်းမိုင်း



