လိုင်စင်မဲ့ ကားစီးသောကြောင့် ရခိုင်ပြည်နယ် လွှတ်တော်အမတ်တစ်ဦးကို အမှုဖွင့်

hnm | 木曜日, 10月 23, 2014 |



ရခိုင်ပြည်နယ် ကျောက်တော်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် အမတ်တစ်ဦးကို လိုင်စင်မဲ့ ကားစီးမှုဖြင့်  ကျောက်တော်မြို့နယ် ရဲစခန်းက တရားမ၀င် ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မအရ အမှုဖွင့်အရေးယူထားသည်ဟု မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်မှူး ဦးခင်မောင်က အောက်တိုဘာလ ၂၃ ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
အဆိုပါပြည်နယ် လွှတ်တော်အမတ်၏ တရားမဝင် လိုင်စင်မဲ့ကားစီးခြင်းကို မြို့နယ် အမျိုးသမီးကွန်ရက်အဖွဲ့ဝင် တစ်ဦးက ရဲစခန်းသို့ သတင်းပေး တိုင်ကြားခဲ့ခြင်းဖြစ်သည်။
မြို့နယ်မှူး ခင်မောင်က “လွှတ်တော်အမတ် တစ်ယောက် ဖြစ်တဲ့အတွက် လုပ်ရကိုင်ရတာတော့ ခက်ခဲ့တာပေါ့၊ ဒါပေမဲ့ ဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
လွှတ်တော်အမတ်၏ လိုင်စင်မဲ့ ကားစီးမှုကို ကျောက်တော်မြို့နယ် မြို့မ ရဲစခန်းမှုးက အောက်တိုဘာ ၁၆ ရက်တွင် တရားလို ပြုလုပ်၍ အမှုဖွင့်ကာ တရားစွဲဆိုရန်အတွက် ယင်းမြို့နယ် ဥပဒေရုံးသို့ ဥပဒေအကြံ တောင်းခံထားပြီး ဖြစ်သည်ဟုလည်း  မြို့နယ်မှူး ဦးခင်မောင်က ရှင်းပြသည်။    
တိုင်ကြားခဲ့သည့် အမျိုးသမီးကွန်ရက် အဖွဲ့ဝင် ဒေါ်လှမေက “ကျွန်မတိုင်တယ် ဆိုတာက ပြည်သူတွေ လိုင်စင်မဲ့ ကားစီးရင် ထောင်ချခံရတယ်။  ဥပဒေဘောင် အတွင်းက လူတွေကျတော့ ဒီလို ဥပဒေမဲ့ လုပ်လို့ရသလား။ အစိုးရအဖွဲ့ဝင် လွှတ်တော်အမတ်က ဥပဒေမဲ့ လုပ်နေတာ တွေ့လို့  တိုင်လိုက်တာပါ” ဟု ဆိုသည်။

  မင်းအောင်ခိုင်
ရန်ကုန် (မဇ္ဈိမ)

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ