e-Visa စတင်ခွင့်ပြုခဲ့သည့် တစ်လအတွင်း မြန်မာနိုင်ငံသို့ ခရီးသွား ၁၄၅၉ ဦး ၀င်ရောက်ခဲ့ပြီး အမေရိကန်နိုင်ငံမှ ခရီးသွား ၂၂၇ ဦးဖြင့် အများဆုံးဝင်ရောက်

hnm | 月曜日, 10月 13, 2014 |


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် ခရီးသွားများအား ရန်ကုန်လေဆိပ် လူဝင်မှုကြီးကြပ်ရေးကောင်တာတွင် တွေ့ရစဉ်


e-Visa စနစ် စတင်ခွင့်ပြုခဲ့သည့် တစ်လတာကာလအတွင်း မြန်မာနိုင်ငံသို့ ခရီးသွား ၁၄၅၉ ဦး ဝင်ရောက်ခဲ့ပြီး အမေရိကန်နိုင်ငံမှ ခရီးသွား ၂၂၇ ဦးဖြင့် အများဆုံး ဝင်ရောက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်းရရှိသည်။

အွန်လိုင်းဗီဇာစနစ်ဖြစ်သည့် e-Visa စနစ်အား ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှစတင်ကာ အရှေ့တောင်အာရှနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံအား စတင်ခွင့်ပြုခဲ့ပြီး အဆိုပါနိုင်ငံ ၄၁ နိုင်ငံတွင် မြန်မာနိုင်ငံသို့ ခရီးသွားအဝင်များသည့် အီးယူနိုင်ငံအချို့ ပါဝင်ခြင်းမရှိသည့်အတွက် ခရီးသွားကုမ္ပဏီများ၏ တောင်းဆိုမှုအရ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂ ရက်၌ အီးယူနိုင်ငံ အများစုပါဝင်သည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ခရီးသွားများအား e-Visa စနစ်အား ထပ်မံခွင့်ပြုပေးခဲ့သည်။

e-Visa စနစ် စတင်ခွင့်ပြုခဲ့သည့် စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၁ ရက်အထိ နိုင်ငံစုံမှ ခရီးသွား ၁၄၅၉ ဦးဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ခရီးသွားအများဆုံး လာရောက်ခဲ့သည့် နိုင်ငံများမှာ အမေရိကန်နိုင်ငံမှ ၂၂၇ ဦး၊ ယူကေမှ ၁၃၇ ဦးနှင့် ဩစတြေးလျမှ ၁၂၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

e-Visa စနစ်ခွင့်ပြုသည့် နိုင်ငံအရေအတွက်စာရင်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အဆိုပါ e-Visa စနစ်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည်များသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး အခြားစီးပွားရေး၊ လူမှုရေးကိစ္စများဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များအတွက် ပါဝင်ခြင်းမရှိသေးကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသည်များအတွက် e-Visa စနစ် အဆင်ပြေစွာ လည်ပတ်နိုင်ပြီးမှသာ အခြားစီးပွားရေးနှင့် လူမှုရေးဗီဇာများအား ထပ်မံခွင့်ပြုပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ ဗီဇာသက်တမ်းမှာ စတင်ခွင့်ပြုချိန်မှ သုံးလအတွင်း မြန်မာနိုင်ငံသို့ တစ်ကြိမ်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ရရှိမည့် ရက်ပေါင်းမှာ ၂၈ ရက်ဖြစ်သည်ဟု သိရသည်။


ရွှန်းလဲ့ဝင်း
EMG

Category: , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ