မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် Hilton ကြယ်ငါးပွင့်ဟိုတယ် ငါးလုံးထဲမှ ပထမဆုံးဟိုတယ် နေပြည်တော်၌ ဖွင့်လှစ်

hnm | 日曜日, 10月 19, 2014 |


Hilton ဟိုတယ်ကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)


မြန်မာနိုင်ငံတွင် ဧဒင်လုပ်ငန်းစုမှ Hiltonအမည်ဖြင့် ကြယ်ငါးပွင့်ဟိုတယ် ငါးလုံးဖွင့်လှစ်ရန် ရည်ရွယ်ထားရာ ၎င်းတို့အနက် ပထမဆုံးဟိုတယ် Hilton နေပြည်တော်ကို နေပြည်တော် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်း အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ဖွင့်လှစ်လိုက်သည်။

“နိုင်ငံတကာ အမှတ်တံဆိပ် ဟိုတယ်ကြီးဖြစ်တဲ့Hilton ဟိုတယ် မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အတွက် ဝမ်းမြောက်ကြိုဆိုပါတယ်။ အခုဆိုရင် နေပြည်တော်မှာ နိုင်ငံတကာ ဟိုတယ်ကြီးတွေဖြစ်တဲ့ Kempinskiနဲ့ Park Royal တို့လည်း ရောက်ရှိဖွင့်လှစ်ပြီး ဖြစ်ပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဟိုတယ်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

နေပြည်တော်Hiltonဟိုတယ်သည် မြေဧက ၁ဝဝ ခန့်ပေါ်တွင် တည်ရှိပြီး အမေရိကန် ဒေါ်လာ ၄၇ သန်းကျော် ရင်းနှီးမြှုပ်နှံထားသည်ဟု သိရသည်။

“ကျွန်တော်တို့က ပုဂံ၊ အင်းလေး၊ မန္တလေး၊ ငပလီနဲ့ နေပြည်တော်မှာ Hiltonဟိုတယ် ငါးလုံးဖွင့်သွားဖို့ ရည်ရွယ်ထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုက ကျွန်တော်တို့က ရာနှုန်းပြည့် ပိုင်ဆိုင်တာဖြစ်တဲ့အတွက် နိုင်ငံသားပိုင်ဖြစ်ပါတယ်။ Hilton က စီမံခန့်ခွဲမှု နည်းစနစ်နဲ့ စံနှုန်းပေးတာ ဖြစ်ပါတယ်” ဟု ဧဒင်အုပ်စုမှ ဒါရိုက်တာဦးသန်းထွဋ်က ပြောကြားသည်။

၎င်းတို့ ဧဒင်လုပ်ငန်းစုနှင့် Hiltonတို့ ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် ဟိုတယ်ငါးလုံးတွင် Hilton Ngapali Beach Resortကိုလည်း ၂ဝ၁၄ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်မည်ဟု ရည်ရွယ်ထားကြောင်း သိရသည်။

“ကျန်ဟိုတယ်တွေကိုလည်း နောက်နှစ်နှစ်ကနေ သုံးနှစ်အတွင်း ဖွင့်သွားဖို့ မျှော်မှန်းထားပါတယ်” ဟု ဦးသန်းထွဋ်က ဆက်လက် ပြောကြားသည်။

ဧဒင်လုပ်ငန်းစုနှင့် Hilton ဟိုတယ်တို့သည် စီမံခန့်ခွဲမှု သဘောတူညီချက်ကို ယခုနှစ် ဇွန် ၁၁ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်Hiltonဟိုတယ်သည် အခန်းပေါင်း ၂ဝ၁ ခန်း ပါဝင်ပြီး ဝန်ထမ်းပေါင်း ၃ဝဝ ကျော် ခန့်အပ်ထားသည်။

အဆိုပါ Hiltonနေပြည်တော် အပါအဝင်၊ သင်္ဂဟဟိုတယ်နှင့် Kempinskiဟိုတယ်တို့ကို အမေရိကန်သမ္မတ အိုဘားမား ယခုနှစ်နှောင်းပိုင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် တည်းခိုရန် တောင်းဆိုမှုအချို့ ရှိနေကြောင်း သိရသည်။

“အမေရိကန်သံရုံးကHilton နေပြည်တော်၊ သင်္ဂဟနဲ့ Kempiski တို့ကို အမေရိကန် ကိုယ်စားလှယ်တွေ တည်းခိုဖို့ တောင်းထားတယ် ကြားပါတယ်။ သေချာတော့ အတည်မပြုနိုင်သေးပါဘူး” ဟု ဦးသန်းထွဋ်က ဆက်လက်ပြောကြားသည်။

အမေရိကန်သမ္မတ အိုဘားမားသည် ယခုနှစ်နှောင်းပိုင်းတွင် ဒေသတွင်း အစည်းအဝေးများကို တက်ရောက်ရန် အရှေ့တောင် အာရှသို့လာရောက်စဉ် မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက်မည်ဖြစ်သည်။


နွဲ့ယဉ်အေး
EMG

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ