ယောဓလေ့ပွဲတော်ဖြစ်သည့် ဂန့်ဂေါခရိုင် ဆောမြို့နယ်မှ သနပ်ခါးပါးတို့ပွဲ

hnm | 日曜日, 10月 19, 2014 |



ဂန့်ဂေါခရိုင် ဆောမြို့နယ် ခွင်း ချောင်းကျေးရွာအုပ်စု မင်းလယ် ကျေးရွာတွင် အောက်တိုဘာ ၈ ရက် က ယောဓလေ့ပွဲတော်တစ်ခုဖြစ်သည့် သနပ်ခါးပါးတို့ပွဲကျင်းပရာ အနီး ပတ်ဝန်းကျင် ရပ်ကွက်/ကျေးရွာများ မှ လူငယ်မောင်မယ် ၆ဝဝ ကျော်တို့ ပါဝင်ဆင်နွှဲကြကြောင်းနှင့် အဆိုပါ သနပ်ခါးပါးတို့ပွဲ ကျင်းပသည့်ကာလ ဖြစ်သော အောက်တိုဘာ ၇ ရက်၊ ၈ ရက်ကာလများတွင် ဝင်္ကပါလှည့်၍ ပူဇော်ခြင်း(ခေါ်) ဗုဒ္ဓဆင်းတုတော်များ ဒေသစာရီ လှည့်လည်ပူဇော်ခံခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ ခြင်း၊ မီးကြာလှည့်ပွဲကျင်းပခြင်း၊ စတုဒိသာ တည်ခင်းဧည့်ခံကျွေးမွေး ခြင်းတို့ကိုလည်း ကျင်းပကြသည်။

အရပ်ဒေသအလိုက် ကျင်းပကြ သည့်ပွဲတော်များအနက် ဖယောင်း ထောင်ချပွဲကျင်းပ၍ ဆီမီးပူဇော်ခြင်း၊ မီးကြာလှည့်ပွဲကျင်းပ၍ ဆီမီးပူဇော် ခြင်း၊ ရပ်ကွက်/ကျေးရွာလုံးကျွတ် သင်ဘုတ်မီးထွန်း၍ ဆီမီးပူဇော်ခြင်း၊ အိုးစည်ပြိုင်ပွဲ ကျင်းပခြင်းတို့မှာ မကွေးတိုင်းဒေသကြီးအတွင်းရှိ ယော အရပ်ဒေသဖြစ်သော ဂန့်ဂေါ၊ ထီး လင်း၊ ဆော၊ ကျောက်ထုမြို့နယ် များတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် လူသိများသော ပွဲတော်များဖြစ် သည်။

အဆိုပါ သနပ်ခါးပါးတို့ပွဲကျင်းပ ရာတွင် မီးကြာလှည့်ပွဲနှင့်အတူ ထည့် သွင်း ကျင်းပလေ့ရှိရာ မီးကြာလှည့် ပွဲကျင်းပနိုင်ရန် ရောင်စုံစက္ကူ၊ မှန် ရောင်စက္ကူတို့ကို နှီးဖြင့်ပေါင်းစပ် လျက် မီးကြာခွက်များပြုလုပ်ခြင်း အပါအဝင် ပန်းကြာများ၊ မုလေးပွား များ၊ ကြက်လျှာများပြုလုပ်ခြင်းနှင့် ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ကြားခြင်း စသည်တို့ကို တစ်လခန့်ကြိုတင် ဆောင်ရွက်ကြရသည်။

သနပ်ခါးပါးတို့ခြင်းမှာ အိမ်ရှင် ရွာခံအမျိုးသမီးများက ပတ်ဝန်းကျင် ကျေးရွာမှ ပါဝင်ဆင်နွှဲကြသည့် မီး ကြာကိုင်လှပျိုဖြူများအား သနပ်ခါး ဖြင့် ပါးကိုတို့ခြင်းဖြစ်သည်။ မီးကြာ လှည့်ပွဲဖြင့် စီတန်းလှည့်လည်လာ သော ပတ်ဝန်းကျင်ကျေးရွာမှ မီးကြာ ကိုင်အမျိုးသမီးများ ဆီမီးပူဇော်မည့် စေတီပရိဝုဏ်အနီးသို့ ရောက်လာ သည့်အခါ အသင့်စောင့်နေသည့် အိမ်ရှင်အမျိုးသမီးများက ရင်းရင်း နှီးနှီး နှုတ်ဆက်စကားများ ပြောဆို လျက် မီးကြာကိုင်အမျိုးသမီးများ၏ ပါးတစ်ဖက်တစ်ချက်ကို သနပ်ခါးတို့ ဖတ်နှင့် အသာတို့လိုက်ကြသည်။

ထိုအခါ လုလင်ပျိုနှစ်ယောက်က မှန်တစ်ချပ်နှင့် ဆီးတားပေးပြီး မှန်ကို ကြည့်စေ၍ အတို့ခံထားရသည့်ပါးမှ သနပ်ခါးများ ညီညာလှပအောင် ပြင် ဆင်စေသည်။ ပြင်ဆင်ပြီးလျှင် ဆီး တားထားသော မှန်ကိုအသာမယပေး လိုက်ကြသည်။ မီးကြာကိုင်အမျိုးသမီး များ ဆက်သွားသည့်အခါ နောက် တစ်ချီ ပါးတို့ခံရသည်။ မှန်ကြည့်ပြီး ပြန်လည်ပြင်ဆင်ရသည်။ မှန်တန်း ၂ဝ ဝန်းကျင်ခန့်ကျော်လျှင် ဘုရား စေတီသို့ရောက်၍ မီးကြာခွက်ကို ဘုရားစေတီတွင် ကပ်လှူပူဇော်ကြ သည်။ ဆီမီးလှူဒါန်းပြီးသည့်အခါ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည့် ဒေသ ၏ ရိုးရာဓလေ့ဖြစ်ကြောင်း သိရ သည်။

''မီးကြာလှည့်ပွဲနဲ့ သနပ်ခါးပါး တို့ပွဲ တွဲပြီးကျင်းပတဲ့အခါ မီးကြာ လှည့်ပွဲကို ကြေးစည်၊ မုလေးပွား ကိုင်အဖွဲ့၊ ဆွမ်းတောင်ကိုင်၊ ပန်း တောင်ကိုင်အဖွဲ့၊ မီးကြာကိုင် ဧည့်သည် အမျိုးသမီးများအဖွဲ့ စသည်ဖြင့် စီတန်းလှည့်လည် ကြရပါတယ်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကြားမှာ ဒေသရိုးရာဓလေ့ အဆို၊ အကများလည်း ထည့်သွင်းလေ့ရှိ ပါတယ်၊ နောက်ဆုံးမှာတော့ အိုးစည်၊ ဒိုးပတ်နဲ့ ဝါးလက်အက များ ထည့်သွင်းကျင်းပလေ့ရှိပါတယ်၊ ဘဘတို့ငယ်ငယ်ကစပြီး ရှိနေ၊ တွေ့နေတဲ့ ဒေသဓလေ့ပွဲတော်လေး ပေါ့၊ တစ်ရွာက ပွဲတော်ကျင်းပရင် ပတ်ဝန်းကျင်ရွာတွေပါ ဖိတ်ကြရ တယ်၊ ပွဲတော်ကျင်းပတဲ့ အကျိုး အမြတ်ကတော့ တစ်ရွာနဲ့တစ်ရွာ ပိုမိုချစ်ခင်ရင်းနှီးစေတယ်၊ ယဉ်ယဉ် ကျေးကျေး ဆက်ဆံတတ်စေတယ်၊ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မြဲစေ တဲ့ ပျော်ရွှင်စရာပွဲတော်ကလေးပေါ့ ကွယ်'' ဟု အသက် ၈ဝ ကျော်ရှိ ဒေသခံတစ်ဦးကပြောသည်။

Myanmaalinn

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ