မြန်မာနိုင်ငံ၏ စီးပွားရေး ခေတ်မီဖွံ့ဖြိုးရန် စိုက်ပျိုးရေးနှင့် ဆက်စပ်ကဏ္ဍများ လုပ်ဆောင်မှု့ အခြေအနေ

hnm | 水曜日, 1月 14, 2015 |



မြန်မာ အန္ဒိယနယ်စပ်ရှိ တောင်သူလယ်သမား တစ်ဦး စပါးလှေ့နေသည်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ)



စားသောက်ကုန် ထုတ်လုပ်မှုများနှင့် ဆက်စပ်လုပ်ငန်းများတွင် အဆင့်မြှင့်တင်ခြင်းဖြင့် စိုက်ပျိုးရေး ကဏ္ဍအား တိုးတက်အောင် လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်အပေါ် အထောက်အပံ့ဖြစ်စေနိုင်ပြီး ပို့ကုန်ကဏ္ဍအတွက် တန်ဖိုးမြှင့်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် ခေတ်မီနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိလာစေနိုင်ကြောင်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (အိုအီးစီဒီ) ၏ နောက်ဆုံးထွက်ပေါ်လာသော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ညံ့ဖျင်းသော ကျေးလက်ဒေသ အခြေခံ အဆောက်အဦများ၊ တောင်သူလယ်သမားများ၏ ကျွမ်းကျင်မှု အားနည်းခြင်း၊ ပို့ကုန်ကဏ္ဍအတွက် အစိုးရ၏ ကူညီပံ့ပိုးမှု မလုံလောက်ခြင်းများ၊ စိုက်ပျိုးရေးကဏ္ဍအ တွက် ငွေကြေးအထောက်အပံ့ရရှိမှု နည်းပါးခြင်း အစရှိသည့် ပြဿနာများ ကိုလည်း ဖြေရှင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။


စိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံ ပြည်တွင်း အသားတင်ထုတ်လုပ်မှု ပမာဏ၏ ၃၀ ရာခိုင်နှုန်းနှင့် အလုပ်အကိုင်ရရှိမှု သုံးပုံနှစ်ပုံခန့်ကို ဖန်တီးပေးထားကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

"ပြည်သူအများစု အလုပ်လုပ်နေကြတဲ့ စိုက်ပျိုးရေးကဏ္ဍအပေါ်မှာ သေသေချာချာ အာရုံထားပြီး မြန်မာနိုင်ငံကို ခေတ်မီနိုင်ငံ တစ်နိုင်ငံဖြစ်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ ထုတ်လုပ်ရေးမှု နဲ့ အခြားဝန်ဆောင်မှုတွေ အထိ တိုးချဲ့လုပ်ကိုင်ခွင့်တွေ ရရှိလာပြီး လယ်ယာကဏ္ဍထုတ် လုပ်မှုတိုးတက်လာဖို့အတွက် ကျေးလက်ဒေသတွေမှာ ငွေကြေးထောက်ပံ့မှုတွေ တိုးမြှင့်ပေးခြင်း လယ်သမားတွေရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်" ဟု ရန်ကုန်မြို့တွင် ထုတ်ပြန်ခဲ့သည့် အိုအီးစီဒီ၏ "မြန်မာနိုင်ငံအရေးအား ဘက်ပေါင်းစုံမှ သုံးသပ်ခြင်း" (Multi-dimensional Review of Myanmar) အစီရင်ခံစာ အတွဲ ၂ တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်များအနေဖြင့် နိုင်ငံတကာ စံနှုန်းမီစေရန် အစိုးရ၏ ပံ့ပိုးကူညီမှုနှင့် ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး စနစ်များပိုမိုအားကောင်းအောင် လုပ်ဆောင်ခြင်းဖြင့် ရလဒ်ကောင်းများ ပေါ်ပေါက်လာစေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ထိရောက်သော ရင်းနှီးမြှုပ်နှံမှု လိုအပ်မည်ဟု ဖော်ပြထားသည်။ အစိုးရ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်နိုင်ရေးအတွက် လာမည့် ဆယ်စုနှစ် နှစ်ခုအထိ နှစ်စဉ်ဂျီဒီပီ ၂၁ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်းအထိ ရှိရန် လိုအပ်ပြီး ၂၀၃၅ ခုနှစ် မတိုင်မီ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအကြား လိုအပ်မည်ဖြစ်သည်။

MIZZIMA NEWS
Edited (TEAM BCJP)

Category: , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ