မြန်မာနိုင်ငံ၌ ပထမဆုံးအကောင်အထည်ဖော်မည့် ဆေးရုံတက်စရိတ်နှင့် ဆေးကုသစရိတ်ပေးသော ကျန်းမာရေးအာမခံ ယခုလစတင်မည်

ဆေးရုံတက်စရိတ်နှင့် ဆေးကုသစရိတ်ပေးမည့် ကျန်းမာရေးအာမခံကို ယခုလအတွင်းစတင်မည်ဖြစ်ကာ အထက်ဝန်ကြီးဌာနများ၏ခွင့်ပြုချက်ကိုတောင်းခံထားကြောင်း မြန်မာ့အာမခံကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ကျန်းမာရေးအာမခံကိုအကောင်အထည်ဖော်ရာတွင် အဖွဲ့အစည်းတစ်ခုခုမှထောက်ခံပြီး အစိုးရနှင့် ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်သည့် Unify approach ဖြင့်လုပ်ဆောင်သွားမည်ဖြစ်ကာ ပုဂ္ဂလိကအာမခံကုမ္ပဏီများကိုပါ လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျန်းမာရေးအာမခံက ဒီလအတွင်းမှာစမှာပါ။ အထက်ဝန်ကြီးဌာနကိုတင်ထားတယ်။ ခွင့်ပြုသွားမှာပါ။ ရှေ့တစ်ပတ်ထဲမှာခွင့်ပြုချက်ကျလောက်တယ်" ဟု မြန်မာ့အာမခံကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ကျန်းမာရေးအာမခံ အကောင်အထည်ဖော်ရန်အတွက် Insurance Business Regulatory Board ကို ကော်မတီအနေနဲ့ဖွဲ့စည်းထားကာ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲလာရောက်ဖွင့်ထားသည့် အာမခံကုမ္ပဏီများမှပညာရှင်များကို အတိုင်ပင်ခံအနေဖြင့် ထည့်သွင်းထားကြောင်းသိရသည်။
ကျန်းမာရေးအာမခံကိုဝယ်ယူထားသူများအနေဖြင့် ဆေးရုံတက်စရိတ်ကို ဦးစားပေး ပေးအပ်သွားမည်ဖြစ်ပြီး ဆေးကုသစရိတ်ကို သတ်မှတ်ထားသည့်ရောဂါများအတွက် ပေးလျော်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဆေးရုံတက်စရိတ်အပြင် မတော်တဆထိခိုက်ဒဏ်ရာရခဲ့ရင် သတ်မှတ်ထားတဲ့လျော်ကြေးပေးလျော်မယ်။ ထာဝရမသန်မစွမ်းဖြစ်သွားရင်လည်း လျော်ကြေးထပ်မံပေးအပ်မယ်။ သေဆုံးခဲ့ရင်လည်း လျော်ကြေးရမယ်။ လောလောဆယ် ဆေးရုံတက်စရိတ်ကို ဦးစားပေးလျော်ဖို့ အကြမ်းဖျင်းသတ်မှတ်ထားတယ်။ အရမ်း Cover များရင် ပရီမီယံကြေးများသွားမှာစိုးလို့ ချင့်ချိန်နေရတယ်။ ဆေးကုသရိတ်ပေးမှာကတော့ နာတာရှည်မဟုတ်တဲ့အချို့ရောဂါတွေကိုပေးသွားမယ်" ဟု ယင်းကဆက်လက်ပြောကြားသည်။
ကျန်းမာရေးအာမခံအတွက် ပရီမီယံနှုန်းထားကို လက်ရှိတွင်သတ်မှတ်ထားခြင်းမရှိသေးဘဲ Insurance Business Regulatory Board အဖွဲ့မှ သက်ဆိုင်ရာဆေးပညာရှင်အဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးအာမခံကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စမ်းသပ်ကာလအနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့ကြီးနှစ်မြို့တွင် တစ်နှစ်အချိန်ယူကာ ဆောင်ရွက်မည်ဖြစ်ပြီး အောင်မြင်ပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ကျန်းမာရေးအာမခံသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်မည့် အာမခံအမျိုးအစားဖြစ်ကြောင်း သိရသည်။
မြန်မာ့အာမခံလုပ်ငန်းမှ အာမခံအမျိုးအစား ၄၆ မျိုးကိုလုပ်ဆောင်လျက်ရှိကာ ၂၀၁၃ ခုနှစ် မေလမှစတင်၍ ပုဂ္ဂလိကအာမခံကုမ္ပဏီများကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၂ ခုကို အာမခံအမျိုးအစားခုနစ်မျိုးကို လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။
သက်ထား၊ အေးမြတ်မွန်
EMG
Category: bcjpnoa, News, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း



