ဒေသခံတောင်သူတွေကို သွေးထိုးလှုံ့ဆော်နေသူတွေနဲ့ ပြင်ပအဖွဲ့အစည်းတွေကို အမှုဖွင့်အရေးယူဖို့ ပြင်ဆင်

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအတိုင်း ဆောင်ရွက်နေကြောင်းနှင့်
ဒေသခံများ ကျေနပ်သည်အထိ ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်မည်ဟု
အကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး ပြောကြား
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးအစီရင်ခံအတိုင်း ဆောင်ရွက်နေကြောင်းနှင့် ဒေသခံများကျေနပ်သည်အထိ ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီအတွင်းရေးမှူး ဦးတင်မြင့်က ဇန်နဝါရီ ၈ ရက်တွင် မီဒီယာများအား ပြောကြားသည်။
ဦးတင်မြင့်က “အပြင်မှာသတင်းတွေ ထွက်နေတာကြားပါတယ်။ ကျွန်တော်တို့ကော်မတီအနေနဲ့လည်း စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအတိုင်း ဆောင်ရွက်နေပါတယ်။ လယ်ယာမြေလျော်ကြေးတွေနဲ့ပတ်သက်ပြီးလည်း အစီရင်ခံစာအရ ထပ်မံတိုးမြှင့်လျော်ပေးလျက် ရှိပါတယ်။ ကော်မရှင်ရဲ့အစီရင်ခံစာကို မလိုက်နာဘူးဆိုတာ မဟုတ်ပါဘူး။ ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်နေပါတယ်။ ပဋိပက္ခတွေ ထပ်မံမဖြစ်စေဖို့ကိုလည်း ဒေသခံတွေနဲ့ ညှိနှိုင်းသွားမှာပါ။ဒေသခံတွေကျေနပ်တဲ့အထိပေါ့။ ညှိနှိုင်းရာမှာလည်း မတန်တဆကြီးတွေတော့ မဟုတ်ဘူးပေါ့။ ထိုက်သင့်တာတွေကို ညှိနှိုင်းဆောင်ရွက်သွားမှာပါ”ဟု ပြောကြားသည်။
လက်ရှိတွင် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်နေကြောင်း ယင်းသို့ဆောင်ရွက်ရာတွင် ရာနှုန်းပြည့် ပြီးစီးမှုမရှိသေးကြောင်း၊ အစီရင်ခံစာတွင် မပါဝင်သည်များကို ဆောင်ရွက်ပေးမှုများရှိကြောင်း၊ ဒေသခံများ၏ လူမှုစီးပွားကောင်းမွန်အောင် ဆောင်ရွက်နေကြောင်း ဆက်လက်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် ကော်မရှင်၏ အစီရင်ခံစာအရ ယခင်ပေးလျော်ခဲ့သည့် လျော်ကြေးငွေများနည်းပါးသည့်အတွက် တိုးမြှင့်လျော်ပေးခဲ့ကြောင်း၊ ရွှေ့ပြောင်းခဲ့သည့်ကျေးရွာများအား ယခင်ထက် ပိုမိုကောင်းအောင် အိမ်များဆောက်ပေးခဲ့ကြောင်း၊ ဆက်လက်ပြောင်းရွှေ့နိုင်ရန် ဆောင်ရွက်နေကြောင်း ကော်မတီအတွင်းရေးမှူးက ပြောကြားသည်။
ဦးတင်မြင့်က “ဒေသခံရွာသားတွေကတော့ တကယ်ရိုးသားသူတွေပါ။ အခုဖြစ်နေတဲ့ ပဋိပက္ခတွေကိုကြည့်ရင် ပြင်ပအဖွဲ့အစည်းတွေနဲ့ ကွန်ရက်တွေကြောင့်ဖြစ်နေတာ။ သူတို့တွေရဲ့သွေးထိုးလှုံ့ဆောင်မှုတွေကြောင့် ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီလိုအဖွဲ့အစည်းတွေနဲ့ ကွန်ရက်တွေကို အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်။ အရေးလည်းယူသွားမှာပါ”ဟု ပြောကြားသည်။
လက်ပံတောင်းတောင်စီမံကိန်းသည် နိုင်ငံတော်စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်းအတွက် မြေယာများသိမ်းဆည်းစဉ်က မြေသိမ်းတည်ဆဲဥပဒေများနှင့်အညီ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းစဉ်က မြေယာလျော်ကြေးပေးမှုနည်းပါးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာများအတိုင်း တိုးမြှင့်လျော်ပေးခဲ့ကြောင်း၊ ဒေသခံများ၏ အလုပ်အကိုင်ရရှိရေးများအတွက် ဆောင်ရွက်ပေးနေကြောင်း ဦးတင်မြင့်က ပြောကြားသည်။
အဆိုပါလက်ပံတောင်းတောင်စီမံကိန်းအား ယခင်အစိုးရလက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ဒါပေးပါက ဒါယူရသည့်ခေတ်တွင် လျော်ကြေးငွေများရယူထားကြောင်း၊ ယခု ဒီမိုကရေစီခေတ်တွင်မူ ပြောရဲဆိုရဲလာသည့်အပြင် သွေးထိုးမှုများကြောင့် ပဋိပက္ခများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ သွေးထိုးသူများအား အရေးယူမည်ဖြစ်ကြောင်း၊ ဒေသခံရွာသူ ရွာသားများကိုမူ ကျေနပ်သည်အထိ စည်းရုံးသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါအချက်များတွင် သိမ်းဆည်းမြေယာ ရှစ်ချက်အနက် ခုနစ်ချက်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် အကြံပြုထားသည့်အချက် ၂၃ ချက်အနက် ၁၂ ချက်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လူမှုစီးပွားအကြံပြုချက် ကိုးချက်အနက် ရှစ်ချက်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ သာသနိကအတွက် အကြံပြုသည့် နှစ်ချက်အား ဆောင်ရွက်ပြီးဖြစ်ကြောင်း ကော်မတီရှင်းလင်းချက်အရ သိရသည်။
ကော်မတီအတွင်းရေးမှူး ဦးတင်မြင့်က “စီမံကိန်း စတင်လည်ပတ်နိုင်ခြင်းမရှိသေးတဲ့အချိန်မှာ ဒေသခံတွေအတွက် ထောက်ပံ့ကြေးတွေပေးပါတယ်။ လယ်ယာမြေ တစ်ဧကကနေ ၁ဝ အထိ တစ်လလျှင် ဒေါ်လာ ၇ဝ ထောက်ပံ့ပါတယ်။ ၁၁ ဧကကနေ ဧက ၂ဝ အထိအား ဒေါ်လာ ၁၂ နှုန်းထောက်ပံ့ပါတယ်။ လယ်ယာမြေ ဧက ၂ဝ အထက်အား ဒေါ်လာ ၁၆ဝ နှုန်း လစဉ် ထောက်ပံ့လျက် ရှိပါတယ်။ တောင်သူ ၅၅၆ ဦးကို ငွေစုဘဏ်စာရင်း ဖွင့်ပေးထားပါတယ်။ ကျေးရွာသူ၊ ကျေးရွာသား ၄၂၁ ဦးကိုတော့ ငွေကျပ် ၆ဝ၂၂ ဒသမ ၅၂ သိန်း ထုတ်ပေးပြီးဖြစ်ပါတယ်။နှစ်စဉ်ထောက်ပံ့ကြေးအား ခြောက်လတစ်ကြိမ် ထုတ်ပေးပါတယ်”ဟု ပြောကြားသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအရ စာချုပ်ပြန်လည်ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ ယင်းသို့ ပြန်လည်ချုပ်ဆိုမှုအရ နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်း၊ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ရာခိုင်နှုန်း ၃ဝ ရရှိမည်ဖြစ်ကြောင်း သိရသည်။
စိုးမင်းထိုက်
EMG
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားရတာဟာ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာ အကောင်အထည် ဖော်မှု မရှိတာကြောင့် ဆိုတဲ့ ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာ အကောင်အထည် ဖော်မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး ငြင်းဆို လိုက်ပါတယ်။
အကောင်အထည်ဖော်မှု ကော်မတီအနေနဲ့ စုံစမ်းရေးကော်မတီရဲ့အစီရင်ခံစာပါ တိုက်တွန်းအကြံပြုချက်တွေ ထက်တောင်ကျော်လွန်ပြီး ဆောင်ရွက်ပေးနေတယ်လို့ အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။
"စုံစမ်းရေးကော်မရှင် ဥက္ကဌက ပြောတယ်ပေါ့၊ သို့သော်လည်း လိုက်နာမှုမရှိဘူးဆိုတဲ့အပိုင်းက ကျနော်တို့ဖက်က စုံစမ်းရေးကော်မရှင် အကြံပေးချက်တွေကို အပြည့်အဝဆောင်ရွက်ပေးနေတယ်၊ ဒီအစီရင်ခံစာမှာပါတဲ့ အချက်တွေအပြင်တောင်မှ ပိုပြီးတော့ဆောင်ရွက်ပေးနေတာတွေကို တင်ပြလိုတယ်၊ လျော်ကြေးတွေပေးလိုက်ဆိုပြီး ကျနော်တို့ပေးတယ်၊ သို့သော် ကျနော်တို့ရဲ့ စေတနာမေတ္တာကို နားလည်တဲ့လူထုက လာထုတ်တယ်၊ လျော်ကြေးမထုတ်တဲ့လူတွေကို ကျနော်တို့က ဖြောင်းဖျပြီး အိမ်တိုင်ယာရောက်လိုက်ပေးတယ်၊ အဲဒီ့ရွာတွေမှာကို လိုက်ပြီးတော့ပေးတယ်၊ အဲ့လိုပေးတဲ့ဟာကို လက်မခံတဲ့သူက မလိုက်နာတာလား၊ ကျနော်တို့က စုံစမ်းရေးကော်မရှင်မှာပါတဲ့အတိုင်း လျော်ကြေးပေးနေတာ နှစ်ကြိမ်၊ သုံးကြိမ်အထိပေးနေတာကို လျော်ကြေးမယူပါဘူးလို့ ပြောနေတဲ့သူတွေ၊ ကျနော်တို့ကတော့ ဒီစုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ ဆောင်ရွက်ပါတယ်၊ အဲတော့ မလိုက်နာဘူးဆိုတာ မဟုတ်ပါဘူး
ဒါ့အပြင် ပဋိပက္ခတွေ ထပ်မံမပေါ်ပေါက်စေဖို့အတွက် ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့လည်း အတွင်းရေးမှူး ဦးတင်မြင့်က ဆိုပါတယ်။ ဒေသခံတောင်သူတွေကို သွေးထိုးလှုံ့ဆော်နေသူတွေနဲ့ ပြင်ပအဖွဲ့အစည်းတွေကို အမှုဖွင့်အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၂၆ ရွာကို ကြေးနီစီမံကိန်းဧရိယာအဖြစ် သတ်မှတ်ထားရာကနေ ၇ ရွာကို ထပ်တိုးဧရိယာအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က စီမံကိန်းတိုးချဲ့ဧရိယာတွေမှာ ၀မ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေက ခြံစည်းရိုးဝင်ခတ်ရာ တားမြစ်ခဲ့တဲ့ ဒေသခံတွေတောင်သူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားပြီး ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။
RFA



