ဗိုလ်ချုပ် နှစ်(၁၀၀)ပြည့်နဲ့ မြန်မာနိုင်ငံ ကလေးများနေ့ စစ်တွေမှာ ကျင်းပပြုလုပ်ပေးခဲ့

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ခရိုင်မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးပြီး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် မွေးနေ့နဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကို ဖေဖော်ဝါရီ (၁၃)ရက်က ကျင်းပခဲ့ပါတယ်။
အဲဒီ အခမ်းအနားကို ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၁၅) မူလတန်း(လွန်)ကျောင်းမှာ ပြုလုပ်တာဖြစ်ပြီး အခမ်းအနားကို ခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မူလတန်းကျောင်းသား /ကျောင်းသူများ တက်ရောက် ခဲ့ကြပါတယ်။
အခမ်းအနားမှာ ဗိုလ်ချုပ်ရဲ့ နိုင်ငံတော်အတွက် စွန့်လွှတ် စွန့်စား ဆောင်ရွက်ခဲ့ပုံတွေကို မျိုးဆက်သစ် လူငယ်တွေ သိရှိစေဖို့အတွက် ဟောပြောခဲ့တယ်လို့ ခရိုင်ပြန်ကြားရေးနဲ့ ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းအောင်က အခုလို ပြောပါတယ်။ ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ(၁၃)ရက်ကို ကလေးများနေ့အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးမှာ ၁၉၅၇ ခုနှစ်က စတင်ပြီး ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်းတွေကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီလို မြန်မာနိုင်ငံ ကလေးများနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးခြင်းဖြင့် ကလေးတွေအနေနဲ့ ဗိုလ်ချုပ်မွေးနေ့ကို အမှတ်ရစေမှာ ဖြစ်တယ်လို့ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှယဉ်ကလည်း အခုလို ပြောပါတယ်။
စစ်တွေမြို့နယ်မှာ ဖေဖော်ဝါရီ (၁၁)ရက်ကလည်း ဗိုလ်ချုပ် နှစ်(၁၀၀)ပြည့် မွေးနေ့နဲ့ မြန်မာနိုင်ငံကလေးများနေ့ အကြို အထိမ်းအမှတ်အဖြစ် အခြေခံပညာ မူလတန်းကျောင်းများမှာ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်း၊ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြပါတယ်။
အဲဒီ ပြိုင်ပွဲတွေမှာ ဆုရရှိတဲ့ ကလေးငယ်တွေကို ဖေဖော်ဝါရီ (၁၃)ရက်မှာ ပြည်တော်သာ မူလတန်း(လွန်)ကျောင်းမှာ ဆုများ ချီးမြှင့်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
SUN
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း



