ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရန်စီစဉ်

ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှာ စိုက်ပျိုးရေး ဝန်ထမ်းတွေ တိုးချဲ့ ခန့်အပ်ပေးနိုင်ဖို့ စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်လှစ်ကာ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စိုက်ပျိုးရေး ဝန်ထမ်းကို ခန့်မယ်ဆိုရင် စိုက်ပျိုးရေး သင်တန်းကျောင်းဆင်းမှ ခန့်လို့ရတာပါ။ အခုလို ဝန်ထမ်းတွေ တိုးချဲ့ ခန့်အပ်နိုင်ဖို့အတွက် ဒေသအတွင်း စိုက်ပျိုးရေး နည်းပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်မှ ဝန်ထမ်းများ ထွက်ပေါ်လာမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းဝင်းက ပြောပါတယ်။
အဲဒီ စိုက်ပျိုးရေးသိပ္ပံကျောင်းကို လာမယ့်(၂၀၁၅-၂၀၁၆)မှာ ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့နယ်မှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဝန်ထမ်းတွေ တိုးချဲ့ခန့်ရတာက ပြည်နယ်အတွင်း မြို့နယ်တွေနဲ့ ဝေးကွာတဲ့ ကျေးရွာတွေရှိ လယ်ကွင်းတွေကို စိုက်ပျိုးရေး ဝန်ထမ်းများက မရောက်ရှိနိုင်တဲ့အတွက် တိုးချဲ့ ခန့်အပ်ရတာ ဖြစ်တယ်လို့ ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းဝင်းက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းမှာ စိုက်ပျိုးရေးစင်တာများ ထောင်ပြီး အဲဒီအထဲမှာ နည်းပညာတွေ၊ သင်တန်း ဆွေးနွေးပွဲတွေ၊ လယ်သမားများနဲ့ အကျိုးတူ ပူးပေါင်းမှုတွေ့နဲ့ စံပြနမူနာလုပ်ရင် လယ်သမားများအတွက် ပိုပြီး အကျိုးကျေးဇူးတွေ ရရှိလာမှာ ဖြစ်ပါတယ်။
အဲဒါတွေကတော့ ဇန်နဝါရီလအတွင်းက သံတွဲမြို့နယ်နဲ့ စစ်တွေမြို့နယ်တို့မှာ ပြုလုပ်ခဲ့တဲ့ လယ်ယာကဏ္ဍာ ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲက ရရှိတဲ့ အကြံပြုချက်တွေ ဖြစ်တယ်လို့ပြည်နယ် စိုက်ပျိုး ဦးစီးမှူးက ဆက်လက် ပြောကြားခဲ့ပါတယ်။
စိုက်ပျိုးရေး သင်တန်းကျောင်းမှာ ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ဖွင့်လှစ်တာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ကျောင်းပေါင်း (၁၂)ကျောင်း ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ စိုက်ပျိုးရေးသိပ္ပံကျောင်းကို (၂၀၁၅)ခုနှစ်၊ ဒီဇင်ဘာလအတွင်း အပြီး တည်ဆောက်သွားမှာဖြစ်ပြီး ကျောင်းဖွင့်လှစ်တဲ့အခါမှ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးကို သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
SUN
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း



