စက်ရုံဝန်ထမ်းနှင့် ကျူးကျော်များအတွက် အငှားအိမ်ရာများ တည်ဆောက်ပေးနိုင်ရန် စောင့်ရှောက်မှု့စီမံကိန်း စတင်တော့မည်

ရွှေပြည်သာနှင့် လှိုင်သာယာ စက်မှုဇုန်များမှ စက်ရုံဝန်ထမ်းတွေနဲ့ ကျူးကျော်တဲတွေအတွက် အိမ်ရာတွေ တည်ဆောက်ပေးတော့မှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က အိမ်ရာစီမံကိန်းတွေ ဆောင်ရွက်ပေးနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ပထမအဆင့်အနေနဲ့ စက်မှုဇုန်များနဲ့ အဆင်ပြေ သင့်တော်မယ့် စီမံကိန်းမြေလွတ် နေရာတွေမှာ ဆောင်ရွက်နိုင်ရေး စက်မှုဇုန်များမှ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး အမြန်ဆုံး ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ စက်ရုံ အလုပ်ရုံ ဝန်ထမ်းအိမ်ရာတွေအတွက် ဈေးနှုန်း သက်သာပြီး စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် Steel Structure များနဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ဝယ်ယူနိုင်မယ့် ဝန်ထမ်းတွေအတွက် ဝယ်ယူခွင့် ပေးနိုင်သကဲ့သို့ စာချုပ်စာတမ်းနဲ့ အငှားချစနစ်နဲ့လည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံများမှ အလုပ်သားများ၊ ကျူးကျော်တဲနဲ့ နေသူများ နေထိုင်ရေး အဆင်ပြေစေလိုကြောင်း စသဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ညှိနှိုင်း အစည်းအဝေးကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်၊ ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုး၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေပြည်သာနှင့် လှိုင်သာယာစက်မှုဇုန်တို့မှ စက်မှုဇုန် စီမံခန့်ခွဲရေး ဥက္ကဋ္ဌများနဲ့ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
SUN
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း



