မြန်မာ-ထိုင်း နယ်စပ် တံတားသစ် ဆောက်လုပ်ရန် ထိုင်းအစိုးရက ဘတ်သန်း ၃၀၀ ဘတ်ဂျက်ချပေး

မြန်မာနိုင်ငံရှိ မြဝတီနယ်စပ်နှင့် ဆက်သွယ်မည့် လေးလမ်းသွား တံတားသစ်ကို ဆောက်လုပ်နိုင်ရန် ထိုင်းအစိုးရက ဘတ်သန်း ၃ဝဝ (ကျပ်ငွေ သန်း ၉,၄၅ဝ) ခွင့်ပြုခဲ့သည်ဟု ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြသည်။
ထိုင်းအစိုးရသည် ၎င်း၏ မဲရာမက်နှင့် ဖော့ဖရာပြည်နယ်များရှိ ခရိုင် ၁၄ ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးစီးပွားရေးဇုန် တစ်ခု တည်ထောင်ရန် စီစဉ်နေခြင်းဖြစ်ပြီး ယခုတည်ဆောက်မည့် တံတားပြီးစီးသွားပါက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု သိသိသာသာ တိုးတက်လာမည်ဟု မျှော်မှန်းထားသည်။
ထိုင်းနိုင်ငံ၏ မဲဆောက်အထူးစီးပွားရေးဇုန်နှင့် မြန်မာနိုင်ငံ၏ မြဝတီ အထူးစီးပွားရေး ဇုန်တို့ကြောင့် ကုန်သွယ်ရေးအပြင် ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွား လုပ်ငန်းကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်းများလည်း ဖွံ့ဖြိုးလာမည်ဟု ၎င်းတို့က မျှော်မှန်းထားသည်။
ထိုင်း-မြန်မာ ကုန်သွယ်ရေးကော်မရှင် အစည်းအဝေးကို လာမည့်သြဂုတ်လတွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင် ငံကုန်သွယ်ရေးကို တိုးမြှင့်နိုင်မည့် မဲဆောက်-မြဝတီ ကုန်သွယ်ရေးမဟာဗျူဟာကို ဆွေးနွေးသွားမည် ဖြစ်သည်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး စခန်း တစ်ခုဖြစ်သော မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေး ပမာဏ ကို ၂ဝ၁၅ တွင် ၁၅ဝ ရာခိုင်နှုန်း တိုးတက်လာရန် ထိုင်းနိုင်ငံက မျှော်မှန်းထားခြင်း ဖြစ်သည်။
ထိုသို့ကုန်သွယ်မှုပမာဏ မြှင့်တင်နိုင်ရန် မြန်မာ-ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူများ အတူတကွ ကြိုးပမ်းလျက် ရှိပြီး မြဝတီနှင့် မဲဆောက် နယ်စပ်အထူး စီးပွားရေးဇုန်များ တည်ထောင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးသည် လက်ရှိ ဘတ် ၆ဝ ဘီလီယံ (ကျပ် ၁,၈၉ဝ ဘီလီယံ) ရှိရာမှ ၂ဝ၁၅ တွင် ဘတ် ၁၅ဝ ဘီလီယံ (ကျပ် ၄,၇၂၅ ဘီလီယံ) အထိ မြှင့်တင်သွာနိုင်မည်ဟု ထိုင်းနိုင်ငံက မျှော်မှန်းထားသည်။
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း



