ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး အသိပညာပေး

hnm | 金曜日, 2月 20, 2015 |





ကမ္ဘာ့အမွေအနှစ်နဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၁၇)ရက်က ပြည်တက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီဆွေးနွေးပွဲကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်နဲ့ UNESCO ပညာရှင်များဖြစ်တဲ့ အင်္ဂလန်နိုင်ငံ Cambridge University မှ ပါမောက္ခDr.Janice Stargedt ၊ အီတလီနိုင်ငံ Lerici Foundation မှ Dr. Patrizia ၊ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်၊ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်နဲ့ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူ များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 ဆွေးနွေးပွဲမှာ ဒုတိယဝန်ကြီးက ပျူမြို့ဟောင်း(၃)မြို့ကို ကမ္ဘာ့အမွေအနှစ်ကော်မတီက (၂ဝ၁၄)ခုနှစ် ဇွန်(၂၂)ရက်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် အတည်ပြု သတ်မှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အမွေအနှစ်တွေ ရေရှည် တည်တံ့ရေးအတွက် ဒေသခံပြည်သူတွေက ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ကြောင်း၊ လူငယ်လူရွယ်တွေနဲ့ ကျောင်းသား ကျောင်းသူတွေဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် မျိုးဆက်သစ်များ ဖြစ်ကြောင်း၊ ဘိုးဘွား အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်လိုစိတ် ရှိပါက ရှေးဟောင်းအမွေအနှစ်များ ရေရှည်တည်တံ့မှာ ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါတယ်။ 

အဲဒီနောက်မှာတော့ တက်ရောက်လာသူတွေက သိရှိလိုတာတွေကို ဒုတိယဝန်ကြီးနဲ့ ကျောင်းအုပ်ကြီးတို့က ဖြေကြားခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက်လာသူတွေကို ကမ္ဘာ့အမွေအနှစ် အထိမ်းအမှတ် တံဆိပ်ပါ အိတ်နှင့် ဗလာစာအုပ်တွေကို အမှတ်တရ ပေးဝေခဲ့တယ်လို့ သိရပါတယ်။

 ဆက်လက်ပြီး ဒုတိယဝန်ကြီးနဲ့အဖွဲ့ဟာ ပြည်တက္ကသိုလ်ရဲ့ ရှေးဟောင်းပစ္စည်း ပြခန်းကို ကြည့်ရှုလေ့လာခဲ့ပြီး သုတေသန လုပ်ငန်းခွင်တွေကိုလည်း ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိပါတယ်။

 နေ့လယ်ပိုင်းမှာ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) အစည်းအဝေးခန်းမမှာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်ရေး၊ မှတ်တမ်းပြုစုရေးတို့နဲ့ ပတ်သက်ပြီး မှာကြားခဲ့တယ်လို့ သိရပါတယ်။

 ဖေဖော်ဝါရီ(၁၆)ရက်ကလည်း ဒုတိယဝန်ကြီးနဲ့အဖွဲ့ဟာ သရေခေတ္တရာ မြို့ဟောင်းအတွင်းရှိ မုဋ္ဌောရွာလယ်ပြင်ဘုန်းကြီးကျောင်း ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး ကမ္ဘာ့အမွေအနှစ်နဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာတွေကို အသိပညာပေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

SUN

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ