မန္တလေးခရိုင်တွင် နှစ်လအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၁၉ စီး ဖမ်းဆီးရမိ

(ဓာတ်ပုံ - မဇ္ဈိမ)
အမှတ် (၁၁) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ (မန္တလေး) က မန္တလေးခရိုင်အတွင်း လိုင်စင်မဲ့ယာဉ်များကို ပိုမိုဖော် ထုတ်အရေးယူနိုင်ရန် စီမံချက်ချမှတ် ဆောင်ရွက်နေခြင်းကြောင့် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၁၉ ရက်အထိ နှစ်လအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၁၉ စီးကို အရေးယူနိုင်ခဲ့ ကြောင်းသိရသည်။
လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဇန်နဝါရီလတွင် ခြောက်စီးနှင့် ဖေဖော်ဝါရီ ၁၉ ရက်အထိ ၁၃ စီး စစ်ဆေးတွေ့ရှိရသဖြင့် သွင်းကုန်၊ ထုတ်ကုန် ဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူထားသည်ဟု ယာဉ်ထိန်းရဲ ဒု-ရဲမှူး မြင့်စိုးက ပြောသည်။
''ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်အနေနဲ့ ခရိုင်တွင်းမှာ နယ်မြေအလိုက် စည်းကမ်းပျက်ယာဉ်တွေကို စစ်ဆေးအရေးယူရင်း လိုင်စင်မဲ့ကားတွေကိုလည်း အထူးစစ်ဆေးတယ်။ လုပ်သက်အတွေ့အကြုံအရ နံပါတ်နဲ့ ကားအမျိုး အစားကို ကြည့်လိုက်ရင် ခန့်မှန်းနိုင်တယ်'' ဟု ပြောကြားသည်။
ထိုသို့ စစ်ဆေးသည့်အခါယာဉ်နှင့် ပတ်သက်သည့် အထောက်အထားများပြသနိုင်ခြင်းနှင့် မှန်ကန်မှုမရှိဟု ယူဆပါက ကညနသို့ ပေးပို့ စစ်ဆေးအတည်ပြုပြီး၊ လိုင်စင်မဲ့ကားဖြစ်လျှင် ယာဉ်ကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းယူ၍ ယာဉ်မောင်းသူကိုလည်း အရေးယူသည်ဟုဆိုသည်။
''ဇန်နဝါရီလက ခြောက်စီးမှာ လိုင်စင်မဲ့ ငါးစီးက ယာဉ်ပိုင်ရှင်ကို အရေးယူခဲ့ပြီး တစ်စီးကတော့ ပိုင်ရှင်မတွေ့ရလို့ ကားပဲသိမ်းခဲ့တယ်။ လိုင်စင်မဲ့ ကားတွေ ဖမ်းဆီးရမိ တာကလူစီး (အိမ်စီး) ကားတွေပဲ။ လိုင်စင်မဲ့ ဆိုင်ကယ်တော့ မတွေ့သေးဘူး'' ဟု ၎င်းက ဆက်ပြောသည်။
မန္တလေးခရိုင်အတွင်း လိုင်စင်မဲ့ယာဉ်များ အရေးယူခဲ့ရာတွင် ၂ဝ၁၄ ခုနှစ်က ကား ၄၇ စီး၊ ထော်လာဂျီ ယာဉ် ၂၁ စီး၊ ဆိုင်ကယ် ၁၂ စီး၊ စုစုပေါင်း အစီး ၈ဝ ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် လိုင်စင်မဲ့ယာဉ်များ ပိုမိုဖော်ထုတ်အရေးယူရန်နှင့် လက်ဝယ်ထားရှိခြင်းတို့ကို ဖော်ထုတ် အရေးယူနိုင်ရေးတို့ လုပ်ဆောင်နေ ကြောင်း ဆိုသည်။
အောင်ကိုဦး
မန္တလေး (မဇ္ဈိမ)
Category: bcjpnoa, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း