လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စကားပြန်ဝန်ထမ်း တစ်ဦးထံမှ ဘိန်းဖြူနှင့် မူးယစ်စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ တူးဖော် ထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းက စကားပြန်ဝန်ထမ်း တစ်ဦးထံကနေ ဘိန်းဖြူနှင့် မူးယစ်စိတ်ကြွဆေးပြားတွေ ဖေဖော်ဝါရီ (၁၃)ရက် ည(၈)နာရီ အချိန်က ဖမ်းဆီးရရှိခဲ့ကြောင်း အမှတ်(၈) မုံရွာ(မူးယစ်)တပ်ဖွဲ့စုမှူး ဒုရဲမှူး စံတိုးထံမှ သိရပါတယ်။
ဖြစ်စဉ်မှာ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းအနီး၊ ဝေဠုဝန် ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ အဆောက်အအုံ တစ်ခုမှာ အခန်းကန့်ပြီး ခေတ္တ တည်းခို နေထိုင်လျက်ရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စကားပြန်ဝန်ထမ်း တစ်ဦးဖြစ်သူကို မူးယစ်ဆေးဝါး သတင်းများအရ အမှတ်(၈) မုံရွာ(မူးယစ်) တပ်ဖွဲ့စုမှူး ဒုရဲမှူးစံတိုးနှင့် အဖွဲ့မှ ၀င်ရောက် ရှာဖွေ စစ်ဆေးခဲ့ရာမှာ ဘိန်းဖြူမှုန့် အလေးချိန် (၀ဒသမ၀၁)ဂရမ်နှင့် 88 စာတန်းပါ မူးယစ် စိတ်ကြွရူးသွပ်ဆေးပြား (၁၄၈)ပြားများကို အဲဒီလူရဲ့ အခန်းအတွင်းရှိ ရှုးဖိနပ် အတွင်းမှ တွေ့ရှိရတဲ့အတွက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူ စကားပြန်ဝန်ထမ်းကို ဒုရဲအုပ် စည်သူအောင်က ဆားလင်းကြီး မြို့မရဲစခန်းမှာ တရားလို ပြုလုပ်ကာ အမှုဖွင့် တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တိုင်တန်းချက်ကို ရဲစခန်းက မူးယစ်(ပ)၁/၂၀၁၅ မူးယစ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါတယ်။
SUN
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း