ပြည်ထောင်စုရွေူးကောက်ပွဲကော်မရှင်မှ တိုက်တွန်း

hnm | 火曜日, 10月 20, 2015 |






၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၇ နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့သည်။

၂။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့လာသော နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်များ၏ ပုံစံ(၁၅)များကို နေရပ် လိပ်စာပါ ရပ်ကွက်/ကျေးရွာအုပ်စု မဲစာရင်းတွင် ပါ/မပါ စိစစ်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ပေးပို့ပြီး ဥပဒေနှင့်အညီစိစစ်၍ မဲစာရင်းတွင် အမည်ပါဝင်ရေးနှင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့သည်။

၃။ မဲစာရင်းတွင် အမည်ပါဝင်သူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ခေါ်ယူဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အသီးသီးမှ တာဝန်ရှိသူများအား မဲလက်မှတ်များနောက်ကျောဘက်တွင် ကော်မရှင်အဖွဲ့ခွဲ၏ တံဆိပ်ရိုက်နှိပ်စေခြင်း၊ တာဝန်ခံထုတ်ပေးသူ၏ အမည်နှင့်လက်မှတ်ရေးထိုးစေခြင်းတို့ကို ဆောင်ရွက်စေခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများရှိ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများထံသို့ ဆန္ဒမဲလက်မှတ်များ ပေးပို့ခဲ့ပြီးဖြစ်သည်။

၎။ နိုင်ငံခြားရှိသံရုံးများ အသီးသီးအနေဖြင့်လည်း တစ်နိုင်ငံလုံးရှိ မြို့နယ်အနှံ့မှ လက်ခံရရှိသော မဲလက်မှတ်များအား သက်ဆိုင်ရာမဲဆန္ဒရှင်များသို့ လည်းကောင်း၊ မဲပေးရမည့်လွှတ်တော်များအလိုက် လည်းကောင်း အဆင်ပြေစွာမဲပေးနိုင်ရေးသည် လွန်စွာမှကြီးမားသော လုပ်ငန်းပမာဏဖြစ်သည်။ ရွေးကောက်ပွဲအတွေ့အကြုံနည်းခြင်း၊ သံရုံးများ၌ ဝန်ထမ်းကန့်သတ်ချက်ရှိခြင်းသည် အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန်အတွက် သံရုံးအသီးသီး၌ အခက်အခဲရှိမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခံစားနားလည်မိပါကြောင်း၊ ပြည်တွင်း/ပြည်ပရှိမဲဆန္ဒရှင်များအနေဖြင့်လည်း နားလည်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံအသိပေးကြေညာအပ်ပါသည်။




Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ