၁၉၈၈ ခုနှစ်မှ ၂၀၁၅ ဇူလိုင်လကုန်အထိ MIC က ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်ပေါင်း ခုနစ်သိန်းဝန်းကျင် ဖန်တီးပေးနိုင်ခဲ့

၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်ပေါင်း ခုနစ်သိန်းဝန်းကျင် ဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။ “မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ရင် ၁၉၈၈ ခုနှစ်ကနေ ၂၀၁၅ ဇူလိုင်လကုန်အထိ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ MIC က ခွင့်ပြုပေးလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အလုပ်အကိုင်တွေ ဘယ်လောက်ရရှိခဲ့လဲဆိုရင် အားလုံး ၆၉၄,၀၇၇ ယောက် ရှိပါတယ်”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း ခုနစ်သိန်းဝန်းကျင် ရရှိမှုကို နှစ်ပိုင်းခွဲ လေ့လာကြည့်ပါက ၁၉၈၈ ခုနှစ်မှ ၂၀၁၁ အထိ လက်ရှိအစိုးရ မတက်ခင်အထိ ၂၃ နှစ် အတွင်း ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုမှာ ၃၆၅,၇၅၃ ဦး ရှိခဲ့ကြောင်း သိရသည်။
လက်ရှိအစိုးရလက်ထက် ၂၀၁၁ မှ ၂၀၁၅ ခုနှစ် ဇူလိုင်လကုန်အထိ လေးနှစ်တာကာလအတွင်း ခွင့်ပြုလိုက်သည့် MIC လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၂၈,၃၂၄ ဦး ရရှိခဲ့ကြောင်း သိရသည်။
“ရာခိုင်နှုန်းနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် ယခင်အစိုးရလက်ထက် ၂၃ နှစ်မှာ ၅၄ ရာခိုင်နှုန်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အခု လေးနှစ်တာ ကာလအတွင်းမှာတော့ ၄၆ ရာ ခိုင်နှုန်း ဖန်တီးနိုင်ခဲ့ပါတယ်”ဟု MIC မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ဒါတွေက Direct employment တွေပါ။ indirect employment ဆိုတာ ရှိပါသေးတယ်။ ဥပမာ စက်ရုံတစ်ရုံပေါ်လာရင် ဒီစက်ရုံမှာရှိတဲ့ အလုပ်သမားတွေအပြင် အလုပ်သမားတွေကို သယ်ပို့ဖို့အတွက် ယာဉ်မောင်းတဲ့ သူတွေ အလုပ်ရတယ်။ စက်ရုံတည်ဆောက်တဲ့အခါမှာ ကျန်တဲ့ ပန်းရန်သမားတွေ အလုပ်ရတယ်။ စက်ရုံမှာ Maintainence လုပ်ပေးတဲ့ အလုပ်သမားတွေ အလုပ်ရတယ်။ ဒါတွေက indirect employment တွေပါ။ Indirect employment ဘယ်လောက်ပေါ်လဲဆိုတာကိုတော့ အတိအကျ စာရင်းကောက်ယူဖို့ သူ့ရဲ့ nature အရ ကောက်ယူဖို့ မလွယ်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နီလာ
Category: bcjpnoa, Ei Ei Htwe, htaynaing, Maung Thura mYint, News, winnaingoo, zaw tun, ခွန်ကံလှ