ကမ္ဘောဇ လေကြောင်းလိုင်း ရန်ကုန်-ချင်းမိုင်ခရီးစဉ် စတင်ပြေးဆွဲမည်

 ကမ္ဘောဇလေကြောင်းလိုင်းက လာမည့် မေလဆန်းပိုင်းမှစ၍ ရန်ကုန်-ချင်းမိုင် ခရီးစဉ် ပျံသန်းသွားမည်ဟု လေကြောင်းလိုင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးမိုးဆန်းအောင်က ပြောသည်။
“လေကြောင်းလိုင်စင်ကတော့ ပြည်တွင်းရော ပြည်ပပါ နှစ်ခုစလုံး ရရှိထားပေမယ့် ဒီချင်းမိုင် ခရီးစဉ်ကတော့ ကျွန်တော်တို့ လေကြောင်းလိုင်းရဲ့ ပထမဆုံး နိုင်ငံတကာလို့ပဲ ပြောရမှာပါ။ နောက်ပိုင်းဆိုရင် ဘန်ကောက်အထိ ပျံသန်းမှု တွေ တိုးချဲ့သွားမှာပါ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်-ချင်းမိုင် ခရီးစဉ် လေယာဉ်ခနှုန်းနှင့် တစ်ပတ်ပြေးဆွဲမည့် ခရီးစဉ်ခေါက်ရေတို့ကို အတိအကျ သတ်မှတ်ခြင်း မရှိသေးသော်လည်း သင့်တင့်မျှတသော နှုန်းထားဖြင့်သာ ပြေးဆွဲရန် မှန်းထားကြောင်း၊ လက်ရှိ လေယာဉ်တစ်စင်းလျှင် ခရီးသည် အရေအတွက် ၆၈ ဦးအထိ လိုက်ပါနိုင်သည့် ATR အမျိုးအစား လေယာဉ်များဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ရှင်းပြသည်။
နိုင်ငံခြားသားလေယာဉ် စီးနင်းသူကိုသာ အဓိက အားထားနေသည့် ကမ္ဘောဇ လေကြောင်းလိုင်းမှာ ယခုနှစ်ပိုင်း ခရီး သည်ရရှိမှု ပိုမိုတိုးတက်လာသည့်အတွက် ထိုကဲ့သို့ ခရီးစဉ်အသစ်များ တိုးချဲ့ပြေးဆွဲရခြင်း ဖြစ်သည်ဟုလည်း လေကြောင်း လိုင်းတာဝန်ရှိသူက ထပ်မံရှင်းလင်းသည်။
ဦးမိုးဆန်းအောင်က “အရင်နှစ်တွေနဲ့ ယှဉ်ရင် မြန်မာနိုင်ငံအတွက် လေကြောင်းသွားလာမှုတွေ တော်တော်တိုးတက် လာတယ်။ လေကြောင်းလိုင်း စထောင်တော့ လေယာဉ်နှစ်စင်းပဲ ရှိခဲ့တာ။ အခုဆို ရှစ်စင်းအထိ ရှိသွားပြီ။ စီးတဲ့ ပရိသတ်ကတော့ နိုင်ငံခြားသားတွေ များတယ်” ဟု ဆိုသည်။
ကမ္ဘောဇ လေကြောင်းလိုင်းမှ တစ်လလျှင် လေယာဉ်စီး ခရီးသည် လေးသောင်းအထိ ရရှိထားပြီး ခရီးသည် သုံးသောင်းမှာ နိုင်ငံခြားသားများ သာဖြစ်ပြီး လေယာဉ်လက်မှတ် ရောင်းချမှုအကုန်လုံးကို အွန်လိုင်းစနစ်ဖြင့် လုပ်ကိုင်နေ သည်ဟု ယင်းလေကြောင်းလိုင်း တာဝန်ရှိသူက ပြောသည်။
၂၀၁၁ ခုနှစ် ဧပြီလပိုင်းမှ စတင်ခဲ့သည့် ယင်းလေကြောင်းလိုင်းမှာ ယခုအချိန်တွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ညောင်ဦး၊ ကလေး၊ ဟဲဟိုး၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ စစ်တွေ၊ သံတွဲ ပြည်တွင်းခရီးစဉ်များကို နေ့စဉ်ပြေးဆွဲလျက် ရှိကြောင်း ယင်းလေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။
နိုင်နိုင်ဇော်
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း