သက်တမ်းကုန် ၀ှိုက်ကတ် ပြန်အပ်နှံသူများ နိုင်ငံသားပြန်လျှောက်ထားနိုင်

မြန်မာနိုင်ငံသား မဟုတ်သူတွေကို ထုတ်ပေးထားတဲ့ ယာယီသက်သေခံ လက်မှတ် (၀ှိုက်ကတ်) သက်တမ်းဟာ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြန်အပ်ပြီး နိုင်ငံသားလျှောက်ထားနိုင်တယ်လို့ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ် အပါအ၀င် နယ်မြို့တချို့မှာ ၀ှိုက်ကတ် လာအပ်သူတချို့ရှိနေပြီး အရေအတွက်ကိုတော့ ပြောလို့ မရနိုင်သေးဘူးလို့ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုညွန်ကြားရေးမှူး ဦးစိုင်းဘမန်းက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ရဲ့ လက်မှတ်တွေအပ်ဖို့ဆိုပြီး ကျနော်တို့ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာ စာထဲမှာပါတယ်လေ။ အဲတော့အပ်တဲ့ဟာကို ဧပြီလရယ်၊ မေလကုန် အထိပေါ့။ ဒီ ၂လမှာ သူတို့ အပ်တာကို ကျနော်တို့ လက်ခံနေတာ ပေါ့နော်။ လက်ခံရရှိကြောင်း ကျနော်တို့ သူတို့ကို ပြန်ပြီး ပြေစာလေးပေးပါတယ်။ ကျနော်တို့ ၀ှိုက်ကပ်ပေးထားကတည်းကိုက မြန်မာနိုင်ငံတွင်း နေထိုင်သူများကို ပေးတာပဲ။ ဥပဒေအရ သက်တမ်းသတ်မှတ်လို့ သက်တမ်းကုန်သွားတာကို။ သက်တမ်းကုန်သွားလို့ သူက နိုင်ငံမဲ့သဘောမသက်ရောက်ပါဘူး။”
သက်တမ်းကုန် (၀ှိုက်ကတ်) ပြန်အပ်နှံသူတွေကို အစိုးရက ပြန်အပ်ကြောင်း ပြေစာ အထောက်အထား ပြန်ထုတ်ပေးထားတယ်လို့ လည်း ဦးစိုင်းဘမန်းက ပြောပါတယ်။
“လာအပ်ပြီဆိုရင် လောလောဆယ် သူ့လက်ထဲမှာဘာမှမရှိဘူး။ မရှိဘူးဆိုတော့ ကျနော်တို့က သူ့ကို Document သဘောမျိုးပေါ့ ပြေစာလေးပေးထားတဲ့သဘောပါပဲ။ အဲဒီထဲမှာ သူ့နံပါတ်တွေ ပါတယ်ဗျာ။ တချိန်တုန်းက သက်တမ်းကုန်တဲ့ ၀ှိုက်ကတ်တွေ ကိုင်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်။ အဲတော့ သူဝှိုက်ကတ်ကိုင်တုန်းကရတဲ့ အနေအထားအတိုင်းပဲပေါ့။”
သက်တမ်းကုန်လို့ ပြန်လည်အပ်နှံသူအနေနဲ့ သူတို့ဆန္ဒပေါ်မှာမူတည်ပြီး ဥပဒေအတိုင်း နိုင်ငံသား လျှောက်ချင်ရင် လျှောက်ခွင့်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူ က ပြောပါတယ်။
DVB
Edited (TEAM BCJP)
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း