မြန်မာနိုင်ငံသူနိုင်ငံသားများ (လောက်ကိုင်ဒေသမှ တိုက်ပွဲကျ/ ဒဏ်ရာရ တပ်မတော်သားများ၊ ကျဆုံး ရဲတပ်ဖွဲ့ဝင်များ၊ သေဆုံး ပြည်သူများနှင့် တိုက်ပွဲရှောင် ပြည်သူများ အတွက် ထောက်ပံ့ လှူဒါန်း)

hnm | 月曜日, 4月 06, 2015 |




လောက်ကိုင်တိုက်ပွဲတွင် စွန့်စားတာဝန်ထမ်းခဲ့သော တပ်မတော်သား၊ ကြက်ခြေနီနှင့် သတင်းထောက်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဂုဏ်ပြုစကားပြော


ဖေဖော်ဝါရီ ၁၇ ရက်တွင် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က ကြက်ခြေနီ ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်သန်းအား ကြက်ခြေနီတပ်ဖွဲ့ဝင်များက သယ်ဆောင်လာစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

 လောက်ကိုင်ဒေသ တိုက်ပွဲများအကြားတွင် ရဲဝံ့စွာ တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သတင်းမီဒီယာသမားများသည် ကိုင်စွဲသော လက်နက်ချင်း မတူညီသော်လည်း စွန့်လွှတ်ရဲ၊ စွန့်စားရဲသည့် သူရဲကောင်းစိတ်ဓာတ်ထားရှိပုံခြင်းမှာ တူညီသဖြင့် လေးစားစွာ ဂုဏ်ပြုပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ  ဦးခင်အောင်မြင့်က ပြောသည်။
‘‘တပ်မတော်သားတွေက လက်နက်ကို ကိုင်တယ်။ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေက ဆေးသေတ္တာနဲ့ ထမ်းစင်ကိုကိုင်တယ်။ သတင်းမီဒီယာသမားတွေက ကင်မရာနဲ့ ကလောင်ကိုကိုင်တယ်။ ကိုင်စွဲတဲ့ လက်နက်ချင်းမတူသော်လည်းပဲ စွန့်လွှတ်ရဲ၊ စွန့်စားရဲတဲ့ သူရဲကောင်းစိတ်ဓာတ်ချင်းမှာ အတူတူပဲလို့ ပြောချင်ပါတယ်’’ဟု ဦးခင်အောင်မြင့်က ပြောသည်။
ဧပြီ ၄ ရက်တွင် လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သော နိုင်ငံတော်အတွက် အသက်ပေးဆပ်သူများ၊ ဒဏ်ရာရစစ်သည်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် သတင်းမီဒီယာသမားများအား ဂုဏ်ပြုပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် အငြိမ်းစားဗိုလ်ချုပ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တပ်မတော်နှင့် သက်ဆိုင်သည့် အချက်များ၊ ဖုန်ကြားရှင် အဖွဲ့၏ သမိုင်းကြောင်းများကို ပြောကြားခဲ့ပြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် နိုင်ငံတော်အတွက် အသက်ကို ပေးဆပ်ရခြင်းထက် ကြီးမြတ်သောဂုဏ် မရှိပြီဟု မိန့်ခွန်း ကောက်နုတ်ချက်ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတ်ာအတွက် အသက်ကို ပေးဆပ်ရခြင်းထက် ကြီးမြတ်သောဂုဏ်မရှိပြီဟု ဗိုလ်ချုပ် အောင်ဆန်းမှာကြားခဲ့ကြောင်း၊ ဘာကြောင့်ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကားရသလဲဆိုလျှင် မိမိတို့ ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အချိန်နှင့်အမျှ ရှိနေကြောင်း၊ ယခုမှလာပြီး အကြီးအကျယ် သတိရနေခြင်း မဟုတ်ကြောင်း ပြောကြားလိုသည်ဟု ၎င်းကဆိုသည်။
‘‘ဖုန်ကြားရှင်၏ လက်နက်ကိုင်ဆန့်ကျင်မှုသည် နိုင်ငံရေး အယူဝါဒကြောင့်လည်းမဟုတ်၊ လူမျိုးစွဲအမြင်ကြောင့်လည်းမဟုတ်၊ မူးယစ်ရာဇာတစ်ယောက်၏ နယ်မြေလုတိုက်ပွဲပဲ ဖြစ်ပါကြောင်း’’ ဟု ဦးခင်အောင်မြင့်ကပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ မြောက်ပိုင်းရှိ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော လောက်ကိုင်နှင့် ကုန်းကြမ်းမြို့ နယ်များအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တပ်မတော်မှ အရာရှိ၊ စစ်သည်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တို့ ကျဆုံးခဲ့ပြီး အရပ်သားများ၊ သတင်းမီဒီယာသမားအချို့လည်း ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သည့် ကြက်ခြေနီယာဉ်တန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ကြက်ခြေနီအမှတ်တံဆိပ်အား အထင်အရှား ဖော်ပြထားပါလျက် ပစ်ခတ် သတ်ဖြတ်ရက်သူများသည် လူသားမဆန်သူများသာ ဖြစ်သည်ဟု ဦးခင်အောင်မြင့်က ပြောသည်။
‘‘အမြောက်ဆန်၊ ဗုံးဆန်၊ ကျည်ဆန်များကြားကို သတင်းမီဒီယာသမားများ ဘာကြောင့် ရောက်လာကြသလဲ။ သတင်းမီဒီယာသမားဆိုတာ အမှန်တရားကို ပြည်သူအတွက် တင်ဆက်ရန် လာခြင်းဖြစ်ပါကြောင်း၊ သတင်းမီဒီယာမရှိလျှင် အမှန်တရားသည် လုပ်ကြံခြင်း ခံသွားရနိုင်ခြင်းကြောင့် သတင်းမှန်ကို ဖော်ထုတ်ရန် ရောက်လာကြကြောင်း’’ ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မီဒီယာများနှင့် ပတ်သက်၍ ပြောကြားသည်။
ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ နိုင်ငံတော်အတွက် အသက်ပေးဆပ်ခဲ့သူ ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်သန်းနှင့် ဒဏ်ရာရတပ်ဖွဲ့ဝင်များ၊ ဒဏ်ရာရ သတင်းမီဒီယာတစ်ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

မင်းဟိန်းကျော်
7DD



လက်ရှိ ကူညီထောက်ပံ့ပေးနေမှု့ အခြေအနေ

ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်ဒေသမှ တိုက်ပွဲရှောင် ပြည်သူများ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနမှ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိရာ တိုက်ပွဲကျ/ ဒဏ်ရာရ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ် တိမ်းမှောက်၍ သေဆုံးခဲ့သည့် ပြည်သူများ၊ တိုက်ပွဲရှောင် ၀န်ထမ်းများနှင့် ပြည်သူများ အတွက် မတ် ၂၅ ရက်အထိ ငွေသား ထောက်ပံ့မှု စုစုပေါင်း (၅၁၅၈၀၀၀၀)နှင့် တန်ဖိုးငွေ (၅၀၇၀၃၉၆၉)ရှိ ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ စောင်၊ တဘက်၊ ဒန်အိုး၊ ဇလုံ၊ ခြင်ထောင်၊ ကာဘော်လိပ် ဆပ်ပြာစသည့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။ 

ထပ်မံ၍ ဧပြီ ၂ ရက်တွင် လောက်ကိုင်ဒေသ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် တပ်မတော်သားများ အတွက် တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် ထောက်ပံ့ငွေများ လှူဒါန်းခဲ့ရာ လားရှိုးမြို့ရှိ စစ်ဆေးရုံတွင် တက်ရောက် ကုသလျက် ရှိသည့် တပ်မတော်သားများ အတွက် ငွေကျပ် (၅၀၀၀၀၀၀)၊ ပြင်ဦးလွင်မြို့ရှိ စစ်ဆေးရုံတွင် တက်ရောက် ကုသလျက် ရှိသည့် တပ်မတော်သားများ အတွက် ငွေကျပ်(၅၀၀၆၁၀၀၀/-) လှူဒါန်းခဲ့ သဖြင့် ငွေနှင့် ပစ္စည်း ထောက်ပံ့ လှူဒါန်းမှု စုစုပေါင်းမှာ (၁၁၂၂၉၀၀၆၉ိ/-) (ကျပ် တစ်ထောင် တစ်ရာ နှစ်ဆယ့် နှစ်သိန်း ကိုးသောင်း ခြောက်ဆယ့် ကိုး တိတိ) ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်သည်။

 ၎င်းအပြင် နယ်မြေ အေးချမ်းပြီး ပြန်လည် အခြေချ နေထိုင်မည့် ဒေသခံ ပြည်သူများ အတွက်လည်း ယာယီ နေထိုင်နိုင်ရေး အတွက် မိုးကာတဲများ၊ မိုးကာလိပ်/ မိုးကာစများကို ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန လားရှိုးခရိုင် ဦးစီးမှူးရုံးတွင် အသင့် သိုလှောင် ထားရှိပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

mbn






အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြင်ဦးလွင် တပ်မတော်ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူလျက်ရှိသည့် တပ်မတော်သားများအား သွားရောက်တွေ့ဆုံအားပေး






ပြင်ဦးလွင်မြို့တွင် ရောက်ရှိနေသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ( ၈ ) နာရီတွင် ပြင်ဦးလွင်မြို့ရှိ သူရမချစ်ပို အုတ်ဂူသို့ သွားရောက် ဂုဏ်ပြုပန်းခွေ ချခဲ့ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ပြင်ဦးလွင်ရှိ တပ်မတော် ဆေးရုံတွင် လောက်ကိုင် ဒေသတိုက်ပွဲများ၌ ဒဏ်ရာရရှိခဲ့ကြသဖြင့် ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေသော တပ်မတော်သားများအား တွေ့ဆုံအားပေးစကားပြောကြားကာ ဂုဏ်ပြုလက်ဆောင် ပစ္စည်းများကို တစ်ဦးချင်း ပေးအပ်သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြင်ဦးလွင်ရှိ တပ်မတော်ဆေးရုံခန်းမတွင် ကျင်းပသည့် နိုင်ငံတော်အတွက် အသက်ပေးဆက်သူ တပ်မတော်သားများနှင့် ဒဏ်ရာရ တပ်မတော်သားများအား ဂုဏ်ပြုသည့် အခမ်းအနားသို့ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး နှင့် ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူတို့ တက်ရောက် ကြသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမှာစကားပြောကြားရာတွင် အမျိုးသားလွှတ်တော်၏ ယခုခရီးစဉ်သည် နိုင်ငံတော်အတွက် အသက်စွန့် တိုက်ပွဲဝင်နေကြသော ရှေ့တန်းရောက်တပ်မတော်သားများ၊ တပ်မတော်သားများ နည်းတူ တိုက်ပွဲဝင်နေကြသည့် မိသားစုဝင်များ၊ ဆေးတပ်ဖွဲ့ဝင်များ၊ အလားတူ ကြက်ခြေနီ၊ မီဒီယာစသည့် ဆက်နွယ်နေသူများကို အလေးပြုသည့် ဂုဏ်ပြုခရီးစဉ် ဖြစ်ပါကြောင်း။
တပ်မတော်၊ ကြက်ခြေနီ ၊ မီဒီယာတို့နှင့် ပတ်သက်၍ လားရှိုးမြို့တွင် ပြည့်ပြည့် စုံစုံ ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ တပ်မတော်သားများအနေဖြင့် ရှေးယခင်က ရှေ့တန်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အလွန်ချို့တဲ့ခဲ့ပါကြောင်း၊ အရေးပေါ်ကုသနိုင်ရေးအတွက် မော်ဖိန်း၊ အသက်ကယ်ဆေးများနှင့် ကျန်ဆေးဝါး များကို တပ်မတော်သားများကိုယ်တိုင် အရန်သင့် ဆောင်ထားရပါကြောင်း၊ မိမိတို့ခေတ်ကာလတွင် ငှက်ဖျားရောဂါသည် အဓိကရန်သူအဖြစ် ရှိနေခဲ့ပါကြောင်း၊ ရှေ့တန်းတွင် မိုင်းဒဏ်ရာရရှိပါက ရှေးဦးသူနာပြုစုမှု ကောင်းမွန်မှု မရှိသည့်အတွက် ခြေဖျားခြေဆစ် မိုင်းထိလူနာများအနေဖြင့် ဒူးအထက်သို့တိုင် ဖြတ်တောက် ကုသမှုကို ခံခဲ့ရသည်များလည်း ရှိပါကြောင်း၊ ယခုအချိန်တွင် ဆရာဝန်များ ကိုယ်တိုင်ပါရှိသည့်အတွက် ရှေးဦးပြုစုမှုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည့် အပြင် အချိန်မီလည်း ဆေးရုံသို့ ပို့ဆောင်ပေးနိုင်သည့် အတွက် ယနေ့ဆေးရုံတွင် တွေ့ရှိရသည့် အခြေအနေမှာ ကျေနပ်ဖွယ် ဖြစ်ပါကြောင်း၊
ယခင်က ရှေ့တန်းတာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်အတွက် အသက် ပေးဆက်သွားသူများကို ရောက်ရှိ နေရာများတွင်သာ သင့်လျော်သလို သင်္ဂြိုဟ် မြေမြုပ်ခဲ့ရပါကြောင်း၊ လောက်ကိုင်ဒေသဖြစ်စဉ်များတွင် အသက်ပေးဆက်သူ များကို မီးသင်္ဂြိုဟ်၍ အရိုးပြာများကို ရအောင်သယ်ယူကာ လားရှိုးမြို့တွင် သူရဲကောင်းစစ်သည်ဗိမာန် တည်ဆောက်၍ ဂုဏ်ပြုပေးနိုင်ခဲ့ပါကြောင်း၊ အချို့သော လူ့အန္ဓများသည် တပ်မတော်၏ ကျေးဇူးတရားများကို နားလည်သိရှိခြင်းမရှိဘဲ တပ်မတော်မကောင်းကြောင်း ပြောလျှင် သဘောကျနေ ကြကြောင်း၊  တပ်မတော် မရှိလျှင် ဘာဖြစ်သွားမလဲ ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း များကို ပြန်လည် ဖတ်ရန် လိုအပ်ကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဆိုတာကို နားမလည်၊ သဘောမပေါက်၊ လက်မခံနိုင်သူများ ရှိနေသေးကြောင်း။
အမျိုးသားလွှတ်တော်ဟူသည်မှာ တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးကို ကိုယ်စားပြုခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုခရီးစဉ် တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ စုံစုံညီညီနှင့် အမျိုးသားလွှတ်တော်တွင်ရှိသော နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့်အတွက် ယခုကဲ့သို့ လာရောက်ဂုဏ်ပြုချီးမြှင့် ခြင်းသည် တစ်နိုင်ငံလုံးကိုယ်စား ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ပါကြောင်း၊
အရပ်ထဲတွင် မောင်တစ်ထမ်း မယ်တစ်ရွက်ဟူသည့် စကားရှိသော်လည်း တပ်မတော်တွင် မောင်တစ်ထမ်း မယ်တစ်ထမ်းဟူ၍သာ ပြောရမည်ဖြစ်ပါကြောင်း၊ မိသားစု များသည် စစ်ပညာရပ်များဖြစ်သည့် တပ်စိတ်၊ တပ်စုအဆင့် စစ်နည်းဗျူဟာ ဘာသာရပ်များ၊ လက်နက်ငယ်/ လက်နက်ကြီး ကျွမ်းကျင်မှုများ  သင်ယူထားပြီး နောက်တန်းလုံခြုံရေးကို တာဝန်ယူကြရကြောင်း၊ ယခုလောက်ကိုင်ဒေသ တပ်ရင်း တပ်ဖွဲ့များမှ ရဲမေများသည် ခင်ပွန်းသည် တပ်မတော်သားများ ရှေ့တန်းတာဝန် ထမ်းဆောင်နေသည့်အတွက် တပ်ရင်းဌာနချုပ်များကို ၄င်းတို့ကိုယ်တိုင် ရွပ်ရွပ်ချွံချွံ ကာကွယ်တိုက်ပွဲဝင်ခဲ့သည်ကို သိရှိရပါကြောင်း၊  အကြောင်းတိုက်ဆိုင်၍ မြန်မာနိုင်ငံ၏သမိုင်းတွင် နိုင်ငံတော် ကာကွယ်ရေးအတွက် တိုက်ပွဲဝင်၍ စွမ်းရည်သတ္တိဘွဲ့ရရှိသည့် သူရမချစ်ပို အကြောင်းကို ပြောကြားလိုပါကြောင်း၊ မချစ်ပိုသည် အမှတ် (၁) ပေါင်းစပ် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်လှမောင်၏ ဇနီးဖြစ်ပါကြောင်း၊
ရောင်စုံ သောင်းကျန်းသူများသည် ပြင်ဦးလွင်မြို့ကို ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ (၂၃) ရက်နေ့တွင် အလစ်အငိုက် စီးနင်း သိမ်းပိုက်ခဲ့သဖြင့် တပ်မတော် က ဆုတ်ခွာခဲ့ပြီး  ပြန်လည်တိုက်ခိုက်ရာတွင်  ရန်သူ့သတင်း ထောက်လှမ်းရေး တာဝန်များကို မည်သူ့တိုက်တွန်းချက်မျှမပါဘဲ မချစ်ပိုကိုယ်တိုင် ဆန္ဒပြုပြီး စွမ်းဆောင်ခဲ့သူ ဖြစ်ပါကြောင်း၊ ထောက်လှမ်းရေးတာဝန်များ ထမ်းဆောင်ရင်း ရဲရဲတောက် သတ္တိသွေးဖြင့် ရန်သူ့ခံစစ် စခန်းကုန်းများကို ရှေ့တန်းကျကျ ပါဝင် တိုက်ခိုက်ခဲ့ပါကြောင်း၊ မချစ်ပိုသည် ခမောက်တစ်လုံးဆောင်း၊ တုတ်တစ်ချောင်း ကိုင်ကာ နွားကျောင်းသူယောင်ဆောင်၍ ရန်သူ့လက်နက်ကြီးနေရာများကို သိရှိအောင်စုံစမ်းပြီး သတင်းများပေးပို့နိုင်ခဲ့မှုကြောင့် တပ်မတော်အနေဖြင့် ရန်သူများကို ထိထိရောက်ရောက် ပြန်လည် တိုက်ခိုက်နိုင်ခဲ့ပါကြောင်း၊ မချစ်ပို၏ စွမ်းဆောင်မှုကြောင့် သောင်းကျန်းသူများသည် ယင်းကို လွန်စွာ မုန်းတီး ကြပါကြောင်း၊ မချစ်ပိုတစ်ယောက်၏ အင်အားသည် စစ်သည်တစ်သိန်းအားနှင့် ညီမျှခဲ့သည်ဟုပင် တင်စားလိုကြောင်း၊  မချစ်ပိုသည် ရန်သူ၏လက်ချက်ကြောင့် တိုက်ပွဲတွင် ၀မ်းဗိုက် ဒဏ်ရာပြင်းထန်စွာရရှိ၍ ပြင်ဦးလွင်ရှိ ဒေါက်တာဘရှင်က ဆေးကုသပေးနေချိန်တွင် သစ္စာဖောက်တစ်ဦး၏ သတင်းပေး လက်ထောက် ချမှုကြောင့် ရန်သူ၏ ဖမ်းဆီးမှုကို ခံခဲ့ရပါကြောင်း၊
ရောင်စုံသောင်းကျန်းသူများသည် တပ်မတော်၏ သတင်းရရှိရေးအတွက် မချစ်ပိုကို ပြင်းထန်စွာ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခဲ့ကြကြောင်း၊ နှိပ်စက်မှုများကို ကြံ့ကြံ့ခံပြီး လုံးဝမဖော်သည့်အတွက် မေ့မျောနေသော မချစ်ပို ကို ရေတွင်းထဲသို့ ပစ်ချပြီး အုတ်ခဲများဖြင့် ဖို့ထားခဲ့ကြောင်း၊ မချစ်ပိုသည် ၁၉၄၉ ခုနှစ် ဧပြီလ (၈) ရက်နေ့ အသက် (၄၂) နှစ်အရွယ်တွင် နိုင်ငံအတွက် အသက်ပေးလှူ ခဲ့ကြောင်းကို မှတ်တမ်းမှတ်ရာများအရ သိရှိရပြီး နိုင်ငံတော်ကလည်း သူရဘွဲ့ ချီးမြင့်ခဲ့သဖြင့် အမျိုးသမီးများထဲတွင် ပထမဆုံးနှင့် တစ်ဦးတည်း သူရဘွဲ့ ရရှိခဲ့သူဖြစ်ပါကြောင်း၊ ယနေ့သည် ဧပြီလ (၅)ရက်နေ့ ဖြစ်သည့်အတွက် (၆၆) နှစ် ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ထို့အတွက် မချစ်ပိုကို မမေ့ကြရန် မှာကြားချင်ပါကြောင်း ၊ ယနေ့ နံနက်တွင်လည်း မချစ်ပိုအုတ်ဂူသို့ သွားရောက်အလေးပြု၍ လွမ်းသူ့ပန်းခွေ ချခဲ့ပါကြောင်း၊ လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ်များတွင် ရဲမေများက ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်ကို အထူးအလေးထား ဂုဏ်ပြုပြောကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီ စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်ရွှေ က ဂုဏ်ပြုရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လောက်ကိုင်ဒေသဖြစ်စဉ်များနှင့်ပတ်သက်ပြီး နိုင်ငံတော် အတွက် အသက်ပေးဆက်သူ တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၅၀၀) ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကပေးအပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်က လက်ခံရယူသည်။
ဆက်လက်၍ ဒဏ်ရာရ တပ်မတော်သားများအတွက် ဂုဏ်ပြုငွေ ကျပ်သိန်း (၂၀၀) ကို အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့်ကူညီ စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက ပေးအပ်ရာ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ်မြင့်မော်က လည်းကောင်း၊ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲမေများအတွက် အမျိုးသားလွှတ်တော်ရုံးမှ ဂုဏ်ပြုငွေ ကျပ်သိန်း (၁၀၀) ကို အမျိုးသားလွှတ်တော်ရုံး ကိုယ်စား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်းကပေးအပ်ရာ ပြင်ဦးလွင်ရှိ တပ်မတော် ဆေးရုံ တပ်မှူးဗိုလ်မှူးကြီးမျိုးသန့်က လည်းကောင်း ဂုဏ်ပြုငွေများကို လက်ခံရယူ ကြသည်။
မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် ပြင်ဦးလွင်မြို့မှ နေပြည်တော်သို့ လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ကြသည်။
ဧပြီ ( ၄ ) ရက် ညပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ရှိ တပ်မတော် ဆေးရုံ၌ ဆေးရုံတက် ဒဏ်ရာရ တပ်မတော်သားများအား အနုပညာရှင်များက ဖျော်ဖြေသည့်ဂုဏ်ပြုပွဲကျင်းပခဲ့ရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ်မြင့်မော်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ ပြင်ဦးလွင်တပ်နယ် တပ်မတော် အရာရှိကြီး များနှင့် တပ်မတော်သားများ၊ ဒဏ်ရာရ တပ်မတော်သားများ၊ တပ်နယ်မှမိသားစုများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြ သည်။
အဆိုပါ ဂုဏ်ပြုဖျော်ဖြေပွဲတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကျေးရွာဝါဒသီချင်းဖြင့် သီဆိုဂုဏ်ပြုချီးမြှင့်သည်။
ဆက်လက်၍ ထပ်ဆင့်အကယ်ဒမီ ဦးစင်ရော်မောင်မောင်ဦးဆောင်သည့် အနုပညာရှင်များဖြစ်ကြသော နန်းဆုရတီစိုး၊ သီရိရှင်းသန့်နှင့် ဟန်သီတို့က တေးသံသာများဖြင့်လည်းကောင်း၊ တယောပညာရှင် ဂျူးဂျူးကေ၊ နိုနိုကေနှင့် မစ္စတာကေတို့က တေးသံသာများကို တီးခတ်ဖျော်ဖြေခြင်းဖြင့်လည်းကောင်း၊ အနုပညာရှင်များ စုပေါင်း၍ သင်္ကြန်မိုး သီချင်းဖြင့်လည်းကောင်း၊ အငြိမ့်မင်းသမီး သန္တာလင်းနှင့် နှင်းဆုလှိုင်၊ လူရွှင်တော် ဦးထင်ပေါ်၊ ဦးထင်ကျော်၊ ချစ်ဖူး၊ ထက်လင်းနှင့် အေးချမ်းတို့အဖွဲ့က အငြိမ့်ဖြင့်လည်းကောင်း အသီးသီးဂုဏ်ပြု ဖျော်ဖြေခဲ့ကြသည်။
MOI




Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ