ဒေသခံရွာသား ၁၄ ဦးအား RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် အတင်း အကြပ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာသားများပြောကြား

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်တိုက်နယ်၊ နမ့်ထပိုကျေးရွာအုပ်စု၊ ပန်လင်းကျေး ရွာ သို့ မတ်လ ၂၇ ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော် (RCSS/SSA) အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ဒေသခံရွာသား ၁၄ ဦးအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းရွာသားများထံမှ သတင်းရရှိသည်။
၎င်းလူသစ် ၁၄ ဦးအဖြစ် စုဆောင်းခံရသူများမှာ ပန်လင်းကျေးရွာမှ ၁၀ ဦး၊ လုံးထွေကျေးရွာမှ ၂ ဦးနှင့် ကုန်းယောကျေးရွာမှ ၂ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။
“အဲ့ဒီအဖွဲ့တွေ မနက်ပိုင်း ၁၀ နာရီလောက် ရွာကို ရောက်လာတယ်။ ပြီးတော့ သူတို့စာရင်းထဲက လူတွေကို အတင်း ဖမ်းသွားတယ်။ မရှိတဲ့ လူတွေ အစား အဲ့ဒီလူရဲ့အိမ်ကတစ်ယောက်ယောက်ကို ခေါ်သွားတယ်။ ပြန် လာ လဲ ဖို့ ပြောသွားတယ်” ဟု ယင်းရွာမှ ရွာသားတစ်ဦးက ဆိုသည်။အဆိုပါ အဖွဲ့ သည် ပန်လင်းကျေးရွာသို့ ရောက်ရှိလာပြီး ရွာသား ၁၀ ဦးအား အတင်းအကြပ် ဖမ်းဆီးကာ လုံးလင်း ရေထွက်ရွာဘက်သို့ ခေါ်ဆောင် သွားကြောင်း သိရှိရသည်။
RCSS/SSA အဖွဲ့သည် ကျေးရွာများအလိုက် လူသစ်နှုန်းထားများ သတ်မှတ်ကာ အတင်းအကြပ်လိုက်လံဖမ်းဆီး နေကြောင်းနှင့် မတ်လ ၂၅ ရက်နေ့တွင်လည်း မိုင်းပွန်တိုက်နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၁၂၀ ဦးအား မော်တော် ယာဉ်များဖြင့် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။
ဒီမိုကရေစီစနစ်ကျင့်သုံးနေသော နိုင်ငံတစ်နိုင်ငံတွင် ယခုကဲ့သို့ RCSS/SSA အဖွဲ့မှ အာဏာရှင်ဆန်ဆန် လုပ်ဆောင်နေမှု များအပေါ် စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူသင့်ကြောင်း နှင့် ပြည်သူလူထုအပေါ် ညှင်းပန်းနှိပ်စက်ရာ ရောက်ကြောင်း လွိုင်လင်မြို့နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ ပြောကြား သွားသည်။
စိုင်းစံလူ
mbn
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း