ရုပ်သံလိုင်းများတွင် ပြသလျက်ရှိသည့် မြန်မာရုပ်သံဇာတ်လမ်းတွဲများအပေါ် ပရိသတ်စိတ်ဝင်စားမှုရရှိထားပြီး မြန်မာရုပ်သံဇာတ်လမ်းတွဲရိုက်ကူးမှု များပြားလာ

hnm | 金曜日, 2月 07, 2014 |


ပန်းနုရောင်သံစဉ်ဇာတ်လမ်းတွဲ ဇာတ်ဝင်ခန်းတစ်နေရာ


ပြည်တွင်းရုပ်သံလိုင်းများတွင် မြန်မာရုပ်သံဇာတ်လမ်းတွဲများကို ပြသနေမှုအပေါ် ပရိသတ်များ၏ စိတ်ဝင်စားမှုနှင့် ကြည့်ရှုမှု အထိုက်အလျောက်ရရှိထားပြီး လက်ရှိတွင် မြန်မာရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမှုများနှင့် ရိုက်ကူးရန် စီစဉ်နေမှုများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

“ တကယ်တော့ ပြည်တွင်းရုပ်သံလိုင်းတွေအတွက် ပြည်တွင်းဇာတ်လမ်းတွဲတွေဆိုတာ လိုအပ်ပါတယ်။ ကျွန်တော်တို Forever BEC Tero ကနေ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကို ပရိသတ်စိတ်ဝင်စားမှုရရှိဖို့ အကောင်းဆုံးကြိုးစား ရိုက်ကူးတင်ဆက် နေပါတယ်။
ဒီဇာတ်လမ်းတွဲတွေကနေတစ်ဆင့် အနုပညာမှာအခွင့်အလမ်းတွေ ရရှိလာစေမှာဖြစ်သလို ကိုယ့်ရိုးရာယဉ်ကျေးမှုတွေကိုလည်း ပိုမိုဖော်ထုတ်ပြသခွင့် ရလာနိုင်စေဖို့ကိုလည်း ရည်ရွယ်ထားပါတယ်” ဟု MRTV-4 တွင် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးတင်ဆက်နေသည့် Forever BEC Tero ၏ Country Mananger ကိုစိုးသူရ က ဆိုသည်။

လက်ရှိတွင် မြန်မာရုပ်သံဇာတ်လမ်းတွဲကို MRTV-4 နှင့်မြ၀တီတို့မှ ထုတ်လွှင့်ပြသနေပြီး ထာဝရမန္တလေး ဇာတ်လမ်းတွဲသစ်ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ပြသမည် ဖြစ်သည်။ 5 Plus ရုပ်သံလိုင်းတွင်လည်း မြန်မာ ဇာတ်လမ်းတွဲများ ပြသရန်စီစဉ်နေသည်ဟု သိရသည်။

“ပြည်တွင်းမှာ ရုပ်သံလိုင်းတွေ​ များလာတာနဲ့အမျှ နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲတွေကိုချည်းပဲ အားကိုးပြသနေလို့ မရနိုင်ပါဘူး။ ပြည်တွင်းရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်သံအစီအစဉ်တွေများများ ရှိလာဖို့လိုအပ်ပါတယ်။ အခုအခြေအနေကလည်း အဲဒီလိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ လုပ်နေကြတဲ့သဘောပဲ။ နောက်ပိုင်းမှာလည်း ပြည်တွင်းရုပ်သံဇာတ်လမ်းတွဲတွေ ပိုများလာမယ်လို့ ထင်ပါတယ်” ဟု ဒါရိုက်တာ ကြည်စိုးထွန်းကဆို ပါသည်။

မြန်မာဇာတ်လမ်းတွဲသစ်များကို Laurel Art Academy နှင့် Forever BEC Tero မှ ထပ်မံရိုက်ကူးရန် စီစဉ်လျက်ရှိသည်။ ထို့ပြင် Family Entertainment ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးမှ ဘီလူး၊ ကမ္ဘာတည်သမျှသာမည့်လ ဇာတ်လမ်းတွဲများကို ရိုက် ကူးရန် စီစဉ်ထားပြီး ဦးစံရှားနှင့် ဦးဒိန်းဒေါင်၊ မှုခင်းဖိတ်စာ စသည့်ဇာတ်လမ်းတွဲများကို စတင်ရိုက်ကူးလျက် ရှိသည်ဟု သိရသည်။

EMG

Category: , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ