စားသုံးရန် မသင့်တော်သည့် အစားအစာများနှင့် ရေသန့်ထုတ်လုပ်ရောင်းချသူများအား ထိထိရောက်ရောက် အရေးယူတော့မည်

စားသုံးဖို့မသင့်တဲ့ အစားအသောက်နဲ့ ရေသန့် ထုတ်လုပ်သူတွေကို အရေးယူဖို့ ရှိတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က ပြောပါတယ်။
အခုရက်ပိုင်း သတင်းစာတွေထဲမှာ ကျန်းမာရေး ၀န်ကြီးဌာနက စားသုံးဖို့ မသင့်တဲ့ အစားအစာနဲ့ ရေသန့်တွေ ဆက်တိုက် ဖော်ပြနေတာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းကြည့်ရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဈေးကွက်ထဲဖြန့်နေတဲ့ ရေသန့်တချို့ဟာ မှတ်ပုံတင်ထားခြင်းမရှိဘဲ ထုတ်ရောင်းနေတာ၊ ရေသန့်ဖြစ်ကြောင်း ထောက်ခံချက် မပါဘဲ ထုတ်လုပ်နေတာတွေ စစ်ဆေးတွေ့ရှိရတယ်လို့ ဒေါက်တာမြင့်ဟန်က ပြောပါတယ်။
အခုနှစ် ကျောင်းဖွင့်ချိန်ကစပြီး ပြည်နယ်နဲ့ တိုင်း ၇ ခုက ကျောင်းတွေမှာ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနဲ့ ကျောင်းကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး ကျောင်းဈေးတန်းတွေက အစားအသောက်တွေကို စီမံချက်ချ စစ်ဆေးနေပါတယ်။
အခု လတ်တလော ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်း၊ ကရင်၊ မွန်နဲ့ ကချင်ပြည်နယ်တို့အတွင်းရှိ အခြေခံပညာကျောင်းတွေက အစားအသောက်တွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။
ရွှေအောင်
DVB



