နိုင်ငံခြားသား ခရီးသွားများကို ချောင်းသာနှင့် ငွေဆောင် ကမ်းခြေရှိ ဟိုတယ် ၄၄ လုံးတွင် တည်းခိုနေထိုင်ခွင့်ပြုထား

နိုင်ငံခြားသား ခရီးသွားများကို ချောင်းသာနှင့် ငွေဆောင်ကမ်းခြေရှိ ဟိုတယ် ၄၄ လုံးတွင် တည်းခိုခွင့်ပြုထားပြီး အခန်းအရေအတွက် ၁,၄၉၃ ခန်းရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နိုင်ငံခြားသား ခရီးသွား အများအပြားသွားရောက်သည့် ငွေဆောင်ကမ်းခြေရှိ ဟိုတယ်တစ်လုံး၏ တည်းခိုဆောင်အချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ACE ဟိုတယ်) ငွေဆောင်ကမ်းခြေတွင် နိုင်ငံခြားသား ခရီးသွားတည်းခိုနိုင်သည့် ဟိုတယ် ၂၃ လုံး၊ အခန်းပေါင်း ၁,၂၀ဝ ကျော်ရှိသည်။
ချောင်းသာကမ်းခြေတွင် နိုင်ငံခြားသား ခရီးသွားတည်းခိုနေထိုင်နိုင်မည့် ဟိုတယ် ၂၁ လုံးကို ခွင့်ပြုပေး ထားပြီး အခန်းပေါင်း ၂၂၈ ခန်းရှိသည်။ ငွေဆောင် ကမ်းခြေတွင် နိုင်ငံခြားသား ခရီးသွား တည်းခိုနေထိုင်နိုင်မည့် ဟိုတယ် ၂၃ လုံးရှိပြီး အခန်းပေါင်း ၁,၂၆၄ ခန်း ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်တွင် နိုင်ငံခြားသား ခရီးသွားများ တည်းခိုနေထိုင်နိုင်မည့် ဟိုတယ် ၁ဝ လုံးကို ခွင့်ပြု ပေးထားပြီး အခန်းပေါင်း ၂၂၈ ခန်း ရှိသည်။
ဧရာဝတီတိုင်းသို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုသည် ၂ဝ၁၄ ခုနှစ်တွင် ပုသိမ်သို့ ၁,၄၄၂ ဦး၊ ချောင်း သာသို့ ၃,၈ဝ၅ ဦး၊ ငွေဆောင်သို့ ၁၃,၆၂ဝ ဦး ဝင်ရောက်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် ချောင်သာကမ်းခြေ သို့ ပြည်တွင်းခရီးသွား နှစ်သိန်းကျော် လာရောက်ခဲ့ပြီး ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း ခရီးသွား ၄ဝ,ဝဝဝ ကျော် လာရောက်ခဲ့သည်။
ပြည်တွင်း ခရီးသွားများသည် ငွေဆောင်ကမ်းခြေထက် ချောင်းသာကမ်းခြေသို့သာ သွားရောက်မှု အလွန်များပြားသော်လည်း နိုင်ငံခြားသား ခရီးသွားများမှာမူ ငွေဆောင်ကမ်းခြေသို့ သွားရောက်မှုများပြားသည်။ တစ်နိုင်ငံလုံးတွင် ဟိုတယ်အလုံးရေ ၁,ဝဝဝ ကျော်ရှိပြီး အခန်းပေါင်း ၄ဝ,ဝဝဝ ကျော်ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံသို့ ၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား သုံးသန်းကျော် ဝင်ရောက်လာခဲ့ပြီး လာမည့်နှစ်များ၌လည်း နိုင်ငံခြားသား ခရီးသွားများ လာရောက်မှု ပိုမိုမြင့်တက်လာဖွယ် ရှိသည့်အတွက် ခရီးသွားများ တည်းခိုနေထိုင်ရန် ကမ္ဘာကျော် ဟိုတယ်လုပ်ငန်းစုများ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လုပ်ဆောင်နေသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ခရီးသွားများ လာရောက်မှု တိုးမြင့်လာသည့်အတွက် ခရီးသွားများ စိတ်ဝင်တစား သွားရောက်နိုင်မည့် အပန်းဖြေဒေသ အသစ်များ ဖော်ထုတ်နေသည်။
သီဟကိုကို
ရန်ကုန် (မဇ္ဈိမ)
Category: bcjpnoa, News, winnaingoo, zaw tun, လမ်းမိုင်း