အခွန်ရှောင်နေသူများနှင့် မှောင်ခိုကုန်သည်များ ရောင်းဝယ်ခြင်းများကို ပြည်သူများက သတင်းပေးပို့ကြရန် အခွန်ဘုတ်အဖွဲ့ တိုက်တွန်း

hnm | 月曜日, 2月 16, 2015 |



တရားမဝင် တင်သွင်းလာသည့် စားသောက်ကုန်များ ဖျက်ဆီးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အကောက်ခွန်) မြန်မာနိုင်ငံတွင် လူဦးရေ ၅၃ သန်းကျော် ရှိသော်လည်း မှတ်ပုံတင်အခွန်ထမ်းဆောင်သူဦးရေမှာ နှစ်သိန်းခန့်သာရှိသေးခြင်း ဖြစ်သည်။


အခွန်ရှောင်နေသူများနှင့် အခွန်ပေးဆောင်ခြင်းမရှိသည့် မှောင်ခိုကုန်သည်များ ရောင်းဝယ်ခြင်းများကို ပြည်သူများက တားဆီး သတင်းပေးပို့ခြင်းဖြင့် အကူအညီပေးပါရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးအဖွဲ့က ပန်ကြားထားသည်။


ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ် သွားလာရေး၊ လူမူဖူလုံရေး၊ တရားဥပဒေ စိုးမိုးရေးစနစ်များကို အခွန်ဘဏ္ဍာငွေ အသုံးပြုပြီး ဘက်စုံဖွံ့ဖြိုးရန် ဆောင်ရွက်ရသည်ဖြစ်ရာ အခွန်ငွေရရှိမှု အားနည်းသည်နှင့် အမျှ ပြည်သူများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများတွင် အားနည်းသွားမည်ဖြစ်သည်ဟု အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က ဆိုသည်။
သို့ဖြစ်ရာ အခွန်ဥပဒေများနှင့်အညီ ပေးဆောင်သင့်သောအခွန်များကို ပေးဆောင်ကြရေးအတွက် အခွန် ထမ်းပြည်သူများကို တိုက်တွန်းထားပြီး အခွန်ရှောင်နေသူများ၊ မှောင်ခိုကုန်သည်များ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဖောက်ကားခြင်းများကို စည်းရုံးတားဆီးခြင်း၊ သတင်း ပေးပို့ခြင်းများကိုလည်း ပြည်သူများ ဘက်က အကူအညီပေးကြရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က ပန်ကြားထားသည်။
အခွန်ကောက်ခံမှုစိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့သည် ဖေဖော်ဝါရီ ၉ ရက်တွင် တရားမဝင် အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက် ရောင်းဝယ်နေသူများသည် ပြည်တွင်းအခွန် ပေးဆောင်ကာ ရောင်းဝယ်နေသည့်လုပ်ငန်း များကို နစ်နာစေပြီး တည်ဆဲဥပဒေများ ကိုလည်း ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ရှောင်ကြဉ်ရန်သတိ ပေးထားခဲ့သည်။
အခွန်ရုံးများသို့ ခေတ်အဆက်ဆက် ဆက်သွယ်ခြင်း၊ အခွန်ပေးဆောင်ခြင်း မရှိသည့် ကုမ္ပဏီပေါင်း ၄,ဝဝဝ ကျော်ကို ပြည်တွင်း အခွန်များ ဦးစီးဌာနက ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ထုတ်ပြန်ထားကာ မတ်လ မတိုင်မီ အခွန်ရုံးသို့ လာရောက်ဆက်သွယ် ခြင်းမရှိပါက ဥပဒေအရ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။
ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်၌ အခွန်ကဏ္ဍအရပ်ရပ်ကောက်ခံ မှု စုစုပေါင်း ကျပ် ဘီလီယံ ၆,ဝဝဝ ကျော် ရရှိရန် လျာထားပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက ၂ဝ၁၄ နှစ်ကုန်ပိုင်းအထိ ကျပ် ဘီလီယံ ၂,ဝဝဝ ကျော် ကောက်ခံရရှိထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထား သည့် အခွန်ထမ်းဦးရေ နှစ်သိန်းကျော်သာရှိသေးပြီး အိမ်နီးချင်း နိုင်ငံများတွင် အခွန်ထမ်းဆောင်မှု အနည်းဆုံးနိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၃ သန်းကျော်ရှိသော်လည်း မှတ်ပုံတင်အခွန်ထမ်း ဆောင်သူဦးရေမှာ နှစ်သိန်း ခန့်သာရှိသေးကာ နိုင်ငံ့လူဦးရေ၏ ဝ ဒသမ ၄ ရာခိုင်နှုန်း ခန့်သာရှိသေးခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အခွန်အကောက်ရငွေသည် ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၁ဝ ဒသမ ၁၃၇ ဘီလီယံ၊ ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ် တွင် ကျပ် ၃၄၂၆ ဒသမ ၈၂၆ ဘီလီယံ၊ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၄၅၁၃ ဒသမ ၄၈၉ ဘီလီယံ ရရှိခဲ့ခြင်း ဖြစ်သည်။

 သီဟကိုကို
ရန်ကုန် (မဇ္ဈိမ)

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ