သမိုင်းဝင် ဘော်ကြို ဘုရားပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပရေး စီမံထားရှိ

hnm | 日曜日, 2月 15, 2015 |




မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးအနီးမှာ တည်ရှိတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်မှ ရှေးဟောင်းသမိုင်းဝင် ဘော်ကြို(မုဋ္ဌော) စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို (၁၃၇၆)ခုနှစ်၊ တပေါင်းလဆန်း(၁၀)ရက် ဖေဖော်ဝါရီ(၂၇)ရက်မှ တပေါင်းလပြည့်နေ့ မတ်(၄)ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 ယခုနှစ် ဘော်ကြို ဘုရားပွဲတော်ကြီးမှာ တပေါင်းလဆန်း(၁၀)ရက် ဖေဖော်ဝါရီ(၂၇)ရက် နံနက်ပိုင်းမှာ ဘုရားပွဲတော် ဖွင့်လှစ်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်မှာဖြစ်ပြီး အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနဲ့အတူ ဘော်ကြိုဘုရား ရုပ်ပွားတော်မြတ် (၄)ဆူကို ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း တို့ကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

ဘုရားပွဲတော်သို့ ဒေသခံ ရှမ်း၊ ပလောင်၊ ဗမာ တိုင်းရင်းသားတွေနဲ့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပရိသတ်တွေ အဆင်ပြေလွယ်ကူစွာ ဖူးမြော်ကြည်ညိုနိုင်ဖို့ စီမံထားရှိပြီး ပျော်ပွဲရွှင်ပွဲ ကြည့်ချင်ပွဲတွေအဖြစ် "သမိုင်းမွှေးရနံ့" ရှမ်းဇာတ်သဘင်၊" အမြင်သစ်" မြန်မာဇာတ်သဘင်နှင့် သီပေါမြို့နယ်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ နာမည်ကျော် အဆိုတော်များ ပါဝင်သော စင်တင်တေးဂီတ ပွဲများဖြင့် တင်ဆက် ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 မြန်မာပြည် အရပ်ရပ်မှ ဘော်ကြိုဘုရားပွဲတော်လာ ဘုရားဖူး မော်တော်ယာဉ်များအတွက် ယာဉ်ရပ်နားရန် နေရာများကို စီစဉ်ထားရှိပြီး ပြည်ထောင်စု ကားလမ်းမကြီးပေါ်မှ အစုန်အဆန် ယာဉ်လမ်းကြောင်းကိုလည်း ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရန် အထူးထိန်းသိမ်း ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဘော်ကြိုဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခင်က ပြောကြားပါတယ်။ 

အလားတူပင် ဘော်ကြိုဘုရားပွဲတော်ကို မီးရထားနဲ့ လာရောက်သူများ အဆင်ပြေစေနိုင်ရေး အတွက်လည်း ဘုရားနဲ့ အနီးဆုံးနေရာမှာ ယာယီဘူတာအဖြစ် မန္တလေး-လားရှိုး အစုန်အဆန် လူစီးရထားကို ခေတ္တရပ်တန့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါသည်။


SUN

Category: , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ