ကိုးကန့် တိမ်းရှောင် အင်အားစုကို စစ်မှုထမ်းဟောင်းအဖွဲ့ ရှုတ်ချ

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ဗဟိုစည်းရုံးရေး ကော်မတီက ကိုးကန့်တိမ်းရှောင်အင်အားစုကို ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်ကို ဖေဖော်ဝါရီ(၁၃)ရက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တိမ်းရှောင် အင်အားစုတွေဟာ ကုန်းကြမ်းဒေသရှိ တပ်ဌာနချုပ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ရုံး၊ ဆီအော့ အကျဉ်းဦးစီးဌာန၊ ရန်လုံကျန်း ရဲစခန်းနဲ့ လောက်ကိုင် တပ်နယ်အတွင်းကို ဖေဖော်ဝါရီ(၈)ရက်မှ စတင်ပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်ရှိ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်နဲ့ နိုင်ငံတော် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နေတဲ့ တပ်မတော်က ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်ရာမှ တိုက်ပွဲတွေဖြစ်ပွားပြီး တပ်မတော်သားများ ကျဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းနဲ့ လောက်ကိုင်ဒေသရဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြယ်သွားတဲ့အတွက် များစွာ စိတ်မကောင်း ဖြစ်မိပါကြောင်း၊ တရားသော စစ်ဆင်နွှဲရင်း နိုင်ငံတော်အတွက် အသက်စွန့်သွားကြတဲ့ တပ်မတော်သားနဲ့ မိသားစုတွေအတွက် အစဉ်အမြဲ လေးစားဂုဏ်ယူလျက် ရှိကြောင်းနဲ့ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို နှောင့်ယှက် ဖျက်ဆီးတဲ့ ရန်သူ ဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင် အင်အားစုတွေရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း သိရပါတယ်။
စစ်မှုထမ်းဟောင်း ဗဟိုစည်းရုံးရေး ကော်မတီနဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်အားလုံးအနေနဲ့ တရားသောစစ်ကို ဆင်နွှဲနေတဲ့ တပ်မတော်သားများရဲ့ စွမ်းဆောင်ချက်တွေကို ထောက်ခံပါကြောင်းနဲ့ တပ်မတော်နဲ့အတူ ပါဝင်ဆင်နွှဲတိုက်ပွဲဝင်ဖို့ အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
SUN
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း