သဘာဝဘေးအန္တရာယ်ကြောင့် ဘေးဒုက္ခရောက်ပြည်သူများအား မိမိတတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးနေ

hnm | 月曜日, 8月 03, 2015 |






ရေဘေးကယ်ဆယ်ရေး ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်းမရှိ

ရေဘေးကယ်ဆယ်ရေး အတွက် စင်ကာပူမှ ပို့ပေးလိုက် သည့် အ၀တ်အထည်ပစ္စည်းများ ကို အခွန်ကောက်ခံခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်တွင် သတင်းပျံ့ နေခြင်းမှာ မှန်ကန်ခြင်းမရှိဘဲ ကယ်ဆယ်ရေးပစ္စည်းများအပေါ် အခွန်လုံးဝကောက်ခံခြင်း မရှိ ကြောင်း သမ္မတရုံးညွှန်ကြားရေး မှူးဦးဇော်ဌေးက ၎င်း၏မှူးဇော် အမည်ရှိ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ စင်ကာပူမှ နောက်ဆုံးပေး ပို့လိုက်သော အသက်ကယ်လှေ နှစ်စီးနှင့် အသက်ကယ်ဝတ်စုံ ၁၀၀ မှာ ရေဘေးသင့်ပြည်သူများ အား လှူဒါန်းခြင်းဖြစ်ကြာင်း ကြို တင် တင်ပြထားခြင်းမရှိသာ ကြောင့် နားလည်မှုလွဲမှားသည့် ဖြစ်စဉ်တစ်ခုသာဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် ထုတ်ယူခွင့်ရရှိသွား ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

စင်ကာပူမှ ရေဘေးအတွက် ပေးပို့လိုက်သည့် အ၀တ်အထည် များကို အကောက်ခွန်ဦးစီးဌာနက တစ်ထည်လျှင် ကျပ် ၁,၅၀၀ နှုန်း ဖြင့် ကောက်ခံနေကြောင်းကို Melvin Moe အမည်ဖြင့် ဖေ့စ် ဘွတ်ခ်အကောင့်ပိုင်ရှင်က ၎င်း၏ ကိုယ်ပိုင်အကောင့်တွင် တင်ခဲ့ ခြင်းဖြစ်သည်။

ရေဘေးအတွက် လှူဒါန်းပါ က တိကျသောအထောက်အထား တစ်စုံတစ်ရာ ပါဝင်လျှင် အခွန် ကင်းလွတ်ခွင့်ပေးကြောင်းဘဏ္ဍာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ရှင်းပြထားသည်။

လှူဒါန်းမှုများအတွက်မှန် ကန်ကြောင်းအနေဖြင့် သံရုံးများ၊ NGO၊ UN Agency များမှတစ် ဆင့် အထောက်အထားရနိုင်ပြီး သံရုံးများမှ သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ အကူအညီဖြင့်ဆောင် ရွက်ပါက အခွန်ကင်းလွတ်ခွင့်ရ နိုင်မည်ဖြစ်ကြောင်း အဆိုပါရှင်း လင်းချက်တွင် ပါရှိသည်။

လှူဒါန်းရန် ပြည်ပမှ ကုန် ပစ္စည်းများတင်သွင်းရာတွင် အ ခွန်သတ်မှတ်ချက်ကင်းလွတ်ခွင့် မရှိသော ကုန်ပစ္စည်းများတင် သွင်း ပါက အခွန်ပေးဆောင်ရမည် ဖြစ်သည်။ ယင်းကုန်ပစ္စည်းများကို အခွန်ကင်းလွတ်ခွင့်ရလို ပါက ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဦးစွာ တင်ပြရန်လိုပြီး ယင်းဌာနမှတစ် ဆင့် ပြည်ထောင်စုအစိုးရသို့ တင် ပြရသည်ဟုဆိုသည်။ ထို့နောက် ပြည်ထောင်စုအစိုးရမှတစ်ဆင့် လွှတ်တော်ထံ တင်ပြပြီး ကင်း လွတ်ခွင့်ပြုမှသာ အခွန်ကင်း လွတ်ခွင့်ပြုနိုင်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။‘‘အ၀တ်ဟောင်းတွေဆိုရင် တော့မပေးရဘူး။ ပေးစရာမလို ဘူး။ ကောက်ခွင့်လည်းမရှိဘူး။ ကျွန်တော်ကြားတာကတော့ အ ၀တ်ဟောင်းတွေကြားထဲမှာ သူ တို့သယ်ချင်တဲ့ပစ္စည်းတွေထည့် သယ်လို့ အခွန်ကောက်တာလို့ ကြားတယ်။ ဟုတ်၊ မဟုတ်တော့ မသိဘူး’’ဟု မကြာမီက စင်ကာပူ နိုင်ငံမှ ပြန်လည်ရောက်ရှိလာ သည့် ကိုဇာနည်ကပြောသည်။

‘‘အခုပဲလှူဖို့ပစ္စည်းတွေပို့ပြီး ပြန်လာတာ။ အဲဒီလိုတော့မကြား ပါဘူး’’ဟု စင်ကာပူနိုင်ငံတွင် နေ ထိုင်သည့် မအိဖြူကပြောသည်။

သြဂုတ် ၁ ရက်တွင် စင် ကာပူမှ အလှူရှင်များပေးပို့လိုက် သည့် အ၀တ်အထည်အဟောင်း များကို မြန်မာပြည်သို့ ကွန်တိန်နာ အလိုက်ပို့ရာတွင် ဆိုင်ရှင်တစ်ဦး ကလှူသည့် အထုပ်ထဲ၌ အင်္ကျီ များကြားတွင် အိုင်ဖုန်းအသစ်အ လုံး ၁,၀၀၀ ကျော်ထည့်ကာ တင် သွင်းလာသည်ကို အကောက်ခွန် ကတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း စင်ကာပူလမ်းညွှန် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

 နိုင်လင်းအောင်၊ ဇွဲဉာဏ်



ရေဘေးကယ်ဆယ်ရေး လှူဒါန်းမှုများ အခွန် လုံးဝ မကောက်

ခုရက်ပိုင်း Social Media မှာ ဝေဖန်ပြောကြားနေတဲ့ စင်္ကာပူက ပေးပို့တဲ့ ရေဘေးကယ်ဆယ်ရေး လှူဒါန်းမှုအပေါ် Custom က အခွန်ကောက်ခံတယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီး ဌာန တာဝန်ရှိသူတွေက အောက်ပါအတိုင်း ရှင်းလင်းပြောကြားပါတယ်-

(၁) လက်ရှိရေဘေးအလှူတငင်မက ကူညီကယ်ဆယ်ရေးနှင့် အခြားသော လှူဒါန်းပေးပို့မှုများ အတွက် အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် လှူဒါန်းမှုတော့ ဖြစ်ရပါမယ်။ လှူဒါန်းမှု ဖြစ်တယ် ဆိုတဲ့ အထောက်အထားတစ်ရပ်ကို သံရုံးကို ဆက်သွယ်၍ဖြစ်စေ၊ INGO များ၊ UN Agency များမှတစ်ဆင့် ပေးပို့လှူဒါန်းလျှင် ဖြစ်စေ ပါရှိရင် ပိုမိုကောင်းမွန်ပါတယ်။ သံရုံးတွေကို ဘာကြောင့် ဆက်သွယ်သင့်သလဲ ဆိုရင် သံရုံးတွေကနေ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတွေကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် တင်ပြနိုင်ပါတယ်။

(၂) မော်တော်ယာဉ်တွေ၊ စက်ယန္တရားကြီးတွေ အစရှိသဖြင့် လှူဒါန်းမှုတွေကိုလည်း အခွန်ကင်းလွတ်ခွင့် ပြုပြီး ထုတ်ယူခွင့် ပြုလျက် ရှိပါတယ်။ အခုနောက်ဆုံး စင်္ကာပူက ပေးပို့လိုက်တဲ့ အသက်ကယ်လှေ(၂)စီး၊ အသက်ကယ်ဝတ်စုံ (၁၀၀) ကိစ္စမှာ ရေဘေးသင့် ပြည်သူတွေကို လှူဒါန်းတာ ဖြစ်ကြောင်း ကြိုတင်တင်ပြထားခြင်း မရှိတဲ့အတွက် နားလည်မှု လွဲမှားခြင်းတွေ ဖြစ်ခဲ့ပေမယ့်လည်း အခု ထုတ်ယူခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။

(၃) ဆိပ်ကမ်း၊ လေဆိပ် တာဝန်ရှိသူများအနေနဲ့ ဘယ်ပစ္စည်းက လှူဒါန်းတာ၊ ဘာတွေ ပါတယ် ဆိုတာကိုတော့ ကြိုတင် သိရှိထားပြီး၊ ခွင့်ပြုချက်ရယူထားပြီး ဖြစ်မှသာ အခွန်ကင်းလွတ်ခွင့် ပြုနိုင်မှာ ဖြစ်ပါတယ်။ လှူဒါန်းခြင်း ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာလည်း သူတို့အနေနဲ့ သိရှိနိုင်မှာ မဟုတ်ပါဘူး။
လှူဒါန်းတဲ့သူတွေဘက်ကလည်း လှူဒါန်းမှုတွေကို အဆင်ပြေချောမွေ့စွာ ပို့ဆောင်ပေးနိုင်ဖို့ ဒီလို လုပ်ထုံးလုပ်နည်းလေးတွေကို သိရှိဆောင်ရွက်ပေးမယ်၊ လေဆိပ်၊ ဆိပ်ကမ်း တာဝန်ရှိသူတွေဘက်ကလည်း အမြန်ဆုံး ထုတ်ပေးခြင်းတွေ ဆောင်ရွက်ပေးနိုင်မယ် ဆိုရင် ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွအတွက် အမြန်ဆုံး ကူညီမှုတွေ ပေးနိုင်မှာ ဖြစ်ပါကြောင်း။

[ဖြည့်စွက်ချက်။ အခုမှ အခွန် ကင်းလွတ်ခွင့် ပေးတာ မဟုတ်ပါ။ နာဂစ် ဖြစ်စဉ်ကစပြီး ယနေ့အချိန်အထိ လှူဒါန်းမှု ဆိုရင် ကောင်ယူခြင်း မပြုခဲ့တာ ဖြစ်ပါတယ်။ ကားလှူတာတွေ၊ ယန္တရားလှူတာတွေ အတော်များများ ဒီလိုပဲ ဆောင်ရွက်ပေးခဲ့ပါတယ်။ တချို့လည်း အလှူနဲ့ ရောပြီး ကြိတ်တာတွေလည်း ရှိခဲ့တယ် လို့ သိရှိရပါတယ်။ အခွန်အကောက် ဥပဒေမှာလည်း ဒီအတိုင်း ထည့်သွင်း ပြဌာန်းထားပါတယ်။]



ရေဘေးသင့် ဒေသများတွင် ဆန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရန်နှင့် ဆန်ပြတ်လပ်မှု မရှိစေရန်အတွက် ပြည်ပသို့ ဆန်တင်ပို့မှု စက်တင်ဘာ ၁၅ ရက်အထိ ရပ်ဆိုင်းထားမည်


ရေဘေးသင့်ဒေသများနှင့် ဆန်ဈေးနှုန်း ကြီးမြင့်မှု မရှိစေရန်နှင့် ပြည်တွင်းဆန်ပြတ်လပ်မှု မရှိစေရန်အတွက် ပြည်ပသို့ ဆန်တင်ပို့မှုအား စက်တင်ဘာ ၁၅ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ြ မန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနှင့် ဆန်ကုန်စည်ဒိုင်တို့ အစည်းအဝေး ပြုလုပ်၍ ဆန်ဈေးအား တည်ငြိမ်အောင် ရောင်းချပေးပါရန်နှင့် ပြည်ပဆန်တင်ပို့ခြင်းအား စက်တင်ဘာ ၁၅ ရက်အထိ (မိုးစပါး ပေါ်ချိန်) ရက်ဆိုင်းထားရန် ဆုံးဖြတ်ထားကြောင်း၊ ပြည်ပပို့ဆန် ရပ်ဆိုင်းခြင်းအားဖြင့် ပြည်တွင်းဆန် လုံလောက်မှုရှိပြီး ဈေးနှုန်းပြန်လည် တည်ငြိမ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

“မနက် (သြဂုတ် ၃ ရက်) က ဆန်ကုန်သည်တွေကို အစည်းအဝေးခေါ်ပါတယ်။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီးတဲ့ကိစ္စတွေက စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။ အဲဒါကြောင့် ဆန်ကုန်သည်တွေက လာမယ့် ၉ လပိုင်း ၁၅ ရက်နေ့အထိ လောက်ကို ပြည်ပကို ဆန်တင်ပို့တာတွေ ယာယီရပ်ဆိုင်းထားဖို့ သဘောတူထား ကြပါတယ်။ ပြီးတော့ အစိုးရကို တင်ပြမယ်။ အစိုးရဘက်က ခွင့်ပြုပြီ ဆိုရင်တော့ ၉ လပိုင်း ၁၅ ရက်လောက် အထိကို ပြည်ပကိုဆန်ပို့တာ ရပ်ထားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရေဘေးသင့် ဒေသများတွင် ဆန်ဈေးများ အဆမတန်ကြီးမြင့်မှု မရှိစေရန်နှင့် ဆန်ပြတ်လပ်မှု မဖြစ်ပေါ် စေရန်အတွက် ဆန်လိုအပ်သောသူများ ရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဆန်လိုအပ်ပါက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ဖုန်းနံပါတ် ၀၁ -၂၁၈၂၆၆၊ ၀၁-၂၁၈၂၆၇၊ ၀၁-၂၁၈၂၆၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လဆန်းပိုင်းအတွင်း သီးနှံများ ရေကြီးနစ်မြုပ်မှု၊ ထိခိုက်ပျက်စီးမှုမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေနစ်မြုပ်ခဲ့သည့် ဧကပေါင်း ၉၇၀၇၈၇ ဧက၊ သီးနှံထိခိုက်မှုနှင့် ပျက်စီးခဲ့သည့် ဧကပေါင်းမှာ ၂၃၀၀၀၀ ကျော်ရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် မိုးစပါးကို နှစ်စဉ် ဧက ၁၅သန်းခန့် စိုက်ပျိုးကြောင်း၊ ရေကြီးမှု အဓိက ဖြစ်ပွားနေသော ဒေသများသည် မြန်မာနိုင်ငံတွင် ဆန်စပါး အဓိကစိုက်ပျိုးရာ ဒေသများဖြစ်သဖြင့် အထွက်နှုန်း လျော့ကျမှုများ ဖြစ်ပွားလာနိုင်ကြောင်း၊ သို့သော်လည်း ရေပြန်ကျမည့်အချိန်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကာ ရေကြီးနစ်မြုပ် နေသည့်ရက် သိပ်မကြာဘဲ ရေပြန်ကျသွားပါက ပြန်လည်စိုက်ပျိုးရန် အချိန်မီနိုင်သေးကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရရှိသော သတင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့မှု အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇူလိုင် ၁၇ ရက်အထိ ဆန်တန်ချိန် ၃၉၇၆၀၇ နှင့် ဆန်ကွဲတန်ချိန် ၁၈၀၀၀၀ ကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

 နီလာ



ဆန်အိတ်လှူမယ့် အဖွဲ့တွေကို အထူးဈေးနှုန်းနဲ့ ရောင်းချပေးမည်

ရေဘေးသင့်ဒေသတွေမှာ ဆန်အိတ်တွေ သွားရောက်လှူဒါန်းမယ့် အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သက်သာတဲ့ ဈေးနှုန်းနဲ့ ဆန်အိတ်တွေ ရောင်းချပေးသွားမယ်လို့ ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။ေ ဈးကွက်မှာ ရောင်းချနေတဲ့ နှုန်းထက် သက်သာတဲ့ဈေးနှုန်းနဲ့ ၀ယ်ယူနိုင်အောင် မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ဆန်ကုန်သည်တွေနဲ့ ချိတ်ဆက်ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် အတော်တော်များများမှာ ရေလွှမ်းမိုးနေတဲ့အတွက် ဆန်ကို အရင်ထက်ပိုပြီး ၀ယ်ယူစုဆောင်းနေတာကြောင့် ဆန်ဈေးတွေ တက်နေတယ်လို့လည်း ဦးရဲမင်းအောင်က ပြောပါတယ်။

ဆန်ဈေးမြင့်တက်နေမှုကို ထိန်းနိုင်ဖို့အတွက် ပြည်ပကို ဆန်တင်ပို့မှု ရပ်ဆိုင်းထားဖို့လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှာ ဆန်အိတ် သုံးသိန်းလောက် သိုလှောင်ထားတာကြောင့် ဆန်ပြတ်လပ်မှု မရှိနိုင်ဘူးလို့လည်း ပြောပါတယ်။



Air KBZ၊ MAI၊ Asian Wings၊ Air Bagan စသည့် ပုဂ္ဂလိက လေကြောင်းလိုင်းများနှင့် Air Myanmar မှ ရဟတ်ယာဉ်နှစ်စင်း ရေဘေးသင့်ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများအား အခမဲ့ ပို့ဆောင်ပေးနေ

Air Myanmar မှ ရဟတ်ယာဉ်နှစ်စီး အပါအ၀င် Air Bagan၊ Asian Wings၊ MAI၊ Air KBZ စသည့် ပုဂ္ဂလိက လေကြောင်းလိုင်းများမှ ရေဘေးသင့်ဒေသများသို့ လှူဒါန်းမည့် ပစ္စည်းများအား အခမဲ့ ပို့ဆောင်ပေးနေကြောင်း ယင်းလေကြောင်းလိုင်းများမှ သတင်းရရှိသည်။ Air Myanmar မှ ရဟတ်ယာဉ်နှစ်စီး အပါအ၀င် Air Bagan၊ Asian Wings စသည့် လေကြောင်းလိုင်း နှစ်ခုသည် ထူးဖောင်ဒေးရှင်းဖြင့် ပူးပေါင်း၍ မြန်မာနိုင်ငံ အထက်ပိုင်းရှိ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများနှင့် လိုအပ်သော ပစ္စည်းများကို သြဂုတ် ၂ ရက်မှ စတင်ကာ ပေးပို့လှူဒါန်း လျက်ရှိကြောင်း သိရသည်။


“ထူးဖောင်းဒေးရှင်းနဲ့ ပူးပေါင်းပြီးတော့ Air Myanmar က ရဟတ်ယာဉ်နှစ်စီးရယ် Air Bagan နဲ့ Asian Wings လေကြောင်းလိုင်းက လေယာဉ်တွေနဲ့ ရေဘေးသင့် ဒေသတွေကို အလှူပစ္စည်းတွေ ပေးပို့နေပါတယ်။ သြဂုတ် ၁ ရက်ကတော့ ရာသီဥတုဆိုးရွားလို့ ပုဂံမရောက်မီ လမ်းတစ်ဝက်ကနေ လှည့်ပြန်လာခဲ့ရပါတယ်။ သြဂုတ် ၂ ရက်ကစပြီး ချင်းပြည်နယ် ဟားခါးမြို့ကို ပစ္စည်းတွေ ပေးပို့နေပါပြီ။ အစ်မတို့အနေနဲ့ ပုဂံမှာ အခြေစိုက်ပြီး သွားလာရခက်ခဲတဲ့ တောင်ပေါ်ဒေသတွေကို အကူအညီတွေ ပေးပို့သွားမှာပါ” ဟု Air Bagan လေ ကြောင်းလိုင်းမှ Deputy Director မဂရေစ့်က သြဂုတ် ၂ ရက်က ပြောကြားသည်။

ယင်းပြင် Air KBZ လေကြောင်းလိုင်းသည် ကလေးမြို့ရှိ ရေဘေးအန္တရယ် ကြုံတွေ့နေရသည့် ပြည်သူများထံသို့ သွားရောက်ကူညီမည့် NGO အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် အလှူရှင်များ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်ရန် ကလေးမြို့သို့ ခရီးစဉ် အကြိမ်အရေတွက် တိုးမြှင့်၍ အခမဲ့ ပျံသန်းပေးနေကြောင်း သတင်းရရှိသည်။

ထို့အပြင် ရေဘေးကူညီမှုအတွက် လိုအပ်သည့် ပစ္စည်းများ၊ အလှူရှင်များ၏ ပစ္စည်းများကို ရန်ကုန်မှ မန္တလေးသို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှ Air Bus လေယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးနေပြီး Air KBZ လေကြောင်းလိုင်း အကူအညီလို အပ်နေသည့် ကလေးမြို့သို့ ဆက်လက်ပို့ ဆောင်ပေးနေကြောင်း သိရသည်။

“အစ်မတို့ MAI အနေနဲ့ Air Bus လေယာဉ်တွေနဲ့ အလှူရှင်တွေရဲ့ ပစ္စည်းတွေကို မန္တလေးအထိ ပို့ပေးတယ်။ လိုအပ်နေတဲ့ ဒေသတွေကို Air KBZ လေကြောင်းလိုင်းက ဆက်လက်ပို့ပေးနေပါတယ်။ Air Bus လေယာဉ်တွေဆိုတော့ ကုန်တွေများများ ပေးပို့နိုင်အောင်လို့ပါ” ဟု အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ မအေးမရသာက ပြောကြားသည်။

အဆိုပါပုဂ္ဂလိက လေကြောင်းလိုင်းများအပြင် နိုင်ငံပိုင်လေကြောင်းလိုင်း ဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ကလေးမြို့နှင့် အခြားသော ရေဘေးသင့်ဒေသများသို့ လှူဒါန်းသော ပစ္စည်းများကို အခမဲ့သယ်ယူ ပို့ဆောင်ပေးနေပြီး မန္တလေးမှ ကလေးမြို့သို့ နေ့စဉ်၊ ရန်ကုန်မှ ကလေးမြို့သို့ တစ်ပတ်လျှင် သုံးကြိမ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ပျံသန်းပေးနေကြောင်း သိရသည်။

မြန်မာ အမျိုးသား လေကြောင်းလိုင်းသည် ရေဘေးသင့်ဒေသများသို့ လှူဒါန်းသော ပစ္စည်းများကိုသာ အခမဲ့သယ်ယူ ပို့ဆောင်ပေးနေပြီး ယင်းဒေသများသို့ သွားရောက်မည့် ခရီးသည်များအတွက်မူ ထိုင်ခုံလက်မှတ်များကို ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

 ရွှန်းလဲ့ဝင်း


အဲပုဂံမိသားစုများကလည်း ရေဘေးကယ်ဆယ်ရေးအတွက် ရန်ကုန်မြို့တွင်း ၌ လှူဒါန်းလိုသော အလှူရှင်များထံ အိမ်တိုင်ရာရောက် ပစ္စည်းများ လိုက်လံစု စည်း ပေးလျက်ရှိ

အဲပုဂံမိသားစုများကလည်း ရေဘေးကယ်ဆယ်ရေးအတွက် ရန်ကုန်မြို့တွင်း က လှူဒါန်းလိုသော အလှူရှင်များထံ အိမ်တိုင်ရာရောက် ပစ္စည်းများ လိုက်လံ စု စည်း ပေးလျက်ရှိနေကြာင်း သိရပါတယ်။ ကားဖြင့် သွားလာလို့ မရတဲ့ ရေဘေးသင့် ဒေသများသို့ ပစ္စည်းများ ပို့ဆောင်ရာ တွင် လေယာဉ် ထိုင်ခုံများကိုပါ ဖြုတ်၍ သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။
Air Bagan၏လေယာဉ်မောင်မယ်များမှ အမှန်တကယ် လိုအပ်သော နေ ရာများသို့ Air Bagan လေယာဉ်များဖြင့် ပို့ ဆောင်လှူ ဒါန်း ပေးနေပါ သဖြင့် အလှူရှင်များအနေဖြင့် အောက်ပါ phone number များသို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
စုစန္ဒီလတ် ၀၉- ၅၁၃၃၅၄၂ ဝတ်ရည်သင်း ၀၉-၂၂၀၁၁၉၆ စောကညောထူး ၀၉-၅၀၃၃၃၇၈
အိဖြူစင် ၀၉-၅၅၀၂၇၂၈ ကျော်ဇေအောင် ၀၉-၅၀၆၁၆၈၆
နှင်းဝတ်ရည် ၀၉ -၇၉၉၆၅၅၅၇၅ , ၀၉-၇၉၉၆၅၅၅၇၆ ထူးလွင်အောင် ၀၉-၉၇၆၅၁၀၁၃၀



AIR KBZ လေကြောင်း ကူညီပို့ဆောင်ပေး

၃.၈.၂၀၁၅ တွင် AIR KBZ လေကြောင်းလိုင်းမှ ကလေးမြို့ရှိရေဘေး အန္တရာယ်ခံစားနေရသော မိဘပြည်သူ များအား သွားရောက်ကူညီလို့ သည့်NGOအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့ အစည်းများ နှင့် အလှူရှင်များ၊ သတင်း နှင့်စာနယ်ဇင်း မီဒီယာမှ တာဝန်ရှိသူများ အတွက် အောက်ပါအချိန် အတိုင်းအခမဲ့ပျံသန်း ပို့ဆောင်ပေး မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရန်ကုန် နှင့် မန္တလေးမှ ၎င်းခရီးစဉ်တွင်လိုက်ပါလို သူများ၊ ပစ္စည်းလှူဒါန်းလိုသူများအနေဖြင့် ဦးမြတ်သူ ဖုန်း ၀၉-၉၇၇၈၈၀၂၈၈, ၀၉-၇၃၀၉၈၄၃၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကူညီထောက်ပံပစ္စည်းများအား
ရန်ကုန်တွင်
KBZ Bank၊ ကမာရွတ်ဘဏ်ခွဲ(၂)၊ အမှတ်(၆၁၇)၊အမှတ်(၂)ရက်ကွက်၊ ပြည်လမ်း၊ကမာရွတ်မြို့နယ်
မန္တလေးတွင်
KBZ Bank
အမှတ်၂၃(ခ)၊၇၈-လမ်းမကြီး၊၄၂လမ်းအရှေ့ထိပ် ၊ချမ်းမြေ့သာစည်မြောက် ရပ်ကွက်၊မဟာအောင်မြေမြို့နယ်နှင့် အမြို့မြို့အနယ်နယ်ရှိ AIR KBZ ရုံးခွဲများတွင် လက်ခံပေးပြီး လို့အပ်သည့်နေရာများသို့ လျင်မြန်စွာ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ယခုကဲ့သို့ပူးပေါင်းပါဝင်ကူ ညီခွင့်ရရှိသည့် အတွက်ကျေးဇူးအထူးတင်ရှိပါသည်။



ကြည်နူးမိသည်


ဒီကနေ့ (၂-၈-၂၀၁၅)နေ့ မနက်စောစာပိုင်း ကထဲက သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ ရေဘေးအတွက် အထောက်အကူ ပစ္စည်းများ လာလှူကြတဲ့ အလှူရှင်တွေဟာ တိုးတိုးကြိတ်ကြိတ်ပဲ၊ အလှူငွေဖြတ်ပိုင်း အတွက် ပြန်တမ်းစာ ရေးပေးနေတဲ့ သူလည်း နားကို မနားရပါဘူး၊ ရောက်လာကြတဲ့ အလှူရှင်တွေကို ကြိုဆို၊ ဘယ်နေရာ ဘယ်လိုသွား ညွှန်ကြားနေတဲ့ သီတဂူတပည့်တွေလည်း မနားရ၊ အလှူရှင်တွေကိုယ်တိုင်က ဝေယျာဝေစ္စပြုနေကြတဲ့သူတွေလည်း မမောနိုင် မပန်းနိုင်ပါပဲ။ တဖွဲဖွဲဝင်လာတဲ့ အလှူရှင်ကားတွေကို စနစ်တကျ နေရာချ၊ ပါလာသည့် ရေဘေး အထောက်ကူပစ္စည်းများကို ၀ိုင်းဝန်း သယ်ယူပေးကြ၊ နေရာချပေးကြ၊ မိုးရေများမစိုအောင် အိပ်တွေထဲထည့် စနစ်တကျ ထုပ်ပိုးနေကြတဲ့ သီတဂူတပည့်တွေ ကြည်နူးရာပါပဲ။

ဒီကနေ့ ညနေ (၃း၀၀)နာရီ ဆယ်ဘီးကားဖြင့် စစ်ကိုင်းသို့တင်ပို့ပါမည်။ နောက်အသုပ်တွေအတွက်လည်း ဆက်လက် လှူဒါန်းနိုင်ပါသည်။

(ဒီကနေ့ ရရှိသည့် အလှူငွေ ပမာဏကို ညနေပိုင်း (၆း၀၀)နာရီလောက်မှာ တင်ပြပါဦးမည်)
လှူဒါန်းရန်ဋ္ဌာန
------------------------
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဖုန်း-၀၇၂-၂၁၆၁၁၊ ၀၇၂ ၂၂၁၆၅
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အုပ်ချုပ်ရေးရုံးခန်း၊ ပညာရေး ရုံးခန်း၊ ပြန်ကြားရေးရုံးခန်း
ဖုန်း-၀၁-၅၈၁ ၇၇၇၊ ၅၈၁ ၈၈၈၊ ၀၁ ၅၈၁၅၈၂
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
မန္တလေးတောင်ခြေ
ရန်ကုန်ဆိုက်ကို လှူချင်သူများ
-------------
မြောက်ဒဂုံ၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ ဘေလီတံတားအဆင်း
စားစရာ၊ အ၀တ်အစား၊ ပိုက်ဆံ မည်သည့် လှူရန်ပစ္စည်းမဆို လှူဒါန်းနိုင်ပါသည်။
၂-၈-၂၀၁၅ နေ့အတွင်း အရောက် လှူဒါန်းနိုင်လျင် ပိုအဆင်ပြေပါလိမ့်မည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”



သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား




ရေဘေး အတွက် လှူသင့်တာလေးတွေ သိချင်လို့ Department of Disaster Management, Emergency Operations Center, Myanmar Red Cross Society မှ DY. Directorနဲ့ ဒီနေ့ သွားတွေ့ခဲ့ပါတယ်။ စိတ်ထိခိုက်စရာ သတင်းတွေလဲ အများကြီး ကြားခဲ့ရပါတယ်။ ဝမ်းသာစရာကတော့ အရေးပေါ် အခြေအနေ ကြေငြာပြီးနောက်မှာ နိုင်ငံတကာ အကူအညီတွေ စပြီး ဆက်သွယ်လာပြီလို့ ပြောပါတယ်။ အဖွဲ့အစည်း တစ်ခုကလဲ USD$500,000 လှူမယ်လို့ လာပြောသွားပါတယ်တဲ့။ ဘာတွေ လှူရမလဲဆိုတော့ ..ဆန်၊ အဝတ်အစား၊ စားသောက်စရာများ၊ လူသုံးကုန် ပစ္စည်းမျိုးစုံ၊ ဆေးဝါးများလဲလိုတယ် ပြောပါတယ်။ သူတို့မှာ မိသားစု တစ်စု သုံးစရာ ပစ္စည်းတွေ set လိုက် လှူလို့ ရပါတယ်။ တော်တော်လဲ အမယ်စုံလို့ သူငယ်ချင်းတွေ အားလုံးကိုလဲ လှူစေချင်ပါတယ်။ Volunteer လုပ်လို့လဲ ရတယ်ဆိုလို့ နာမည်၊ NRC နံပါတ် နဲ့ ဖုန်းနံပါတ်ပါ ပေးခဲ့တယ်။

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတွင် Family Kit Set တစ်ခုကို 85,000 ကျပ်၊ Hygiene Kit Set တစ်ခုကို 25,300 ကျပ်နှင့် လှူဒါန်းနိုင်ပါတယ်.

Family kit မှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့-
1.ပလပ်စတစ်ပုံး (23"×18"×14")
2.မီးဖိုချောင်သုံး ပစ္စည်းများ(ပလပ်စတစ် ခွက် ၄ ခွက်၊ ပန်းကန် ၄ ချပ်၊ စတီးဇွန်း ၄ ချောင်း၊ ၉" ဟင်းအိုး၊ ၁၀"ဟင်းအိုး နှင့် cartoon box ၁ခု)
၃.နိုင်လွန်ကြိုး (Dia-12mm) 15 meter in roll
4.ချုပ်ပြီး အမျိုးသမီး ဝတ်လုံချည်
5.ယောက်ျား ဝတ်လုံချည်
6.တူ (Claw Hammer)
7.ကလေးဝတ် အကျီင်္ (Boy)
8.ကလေးဝတ် ဘောင်းဘီ (boy)
9.မိန်းကလေးဝတ် skirt
10. မိန်းကလေးဝတ် အကျီင်္
11. တာပေါ်လင်စ ၄×၆ meter - ၂ ခု
12.စောင် -၂ထည်
13.ခြင်ထောင် - ၁ ထည်
တန်ဖိုး = 85,000 ကျပ်

Hygiene set မှာပါဝင်တာတွေကတော့...
1.ရေသန့်ဘူးကြီး
2.အဖုံးပါသော ရေဗုံး
၃.လက်သည်းညှပ်
၎.အမျိုးသမီး လစဉ်သုံးပစ္စည်း - ၂ထုပ်
၅.သွားတိုက်ဆေး၊ သွားတိုက်တံ - ၅ စုံ
၆.ချည်ပဝါ (73×37cm) - ၅ ထည်
၇.ရေချိုး ဆပ်ပြာ - ၅ခဲ
၈.ဆပ်ပြာခွက် - ၅ခု
၉.အဝတ်လျော် ဆပ်ပြာခဲ - ၅ခု
၁၀.Tissue - ၅ လိပ်
၁၁.ဆပ်ပြာမှုန့် (500gm)
၁၂.ခေါင်းလျော်ရေ - ၁ဗူး
၁၃.သောက်ရေခွက် - ၂ခွက်
၁၄.ဘီး - ၁ ချောင်း
၁၅.မှန်
၁၆.ရေသန့်ဆေးပြား - ၃ strips (1strip = 10 tablets)
၁၇.ဂျုတ် - 5ခု
တန်ဖိုး = 25,300 ကျပ်
ကိုယ်တိုင် လှူချင်လျင် ICRC ph 01-383680 သို့လှူနိုင်ပါတယ်။ လူကြုံပါးချင်တယ် ဆိုရင်လဲ ပြောပါ နေ့တိုင်း သွားလှူပေးပါမယ်။ ကျေးဇူးတင်လွှာပါ တောင်းခဲ့ပေးပါမယ်။



သဘာဝဘေးသင့်ဒေသများသို့ လှူဒါန်းရန် မန္တလေး မဘသ အဆင်သင့်ဖြစ်နေ၊အရေးပေါ်အကူအညီလိုအပ်ပါကဆက်သွယ်နိုင်

ကသဘာဝဘေးသင့်ပြည်သူများ အားလှူ ဒါန်းရန်ကော်မတီတစ်ခုဖွဲ့ထားကြောင်း၊ယင်းကော်မတီသို့လာရောက်လှူဒါန်း ထားသော စာနပ်ရိက္ခာ၊ အ၀တ်အထည်နှင့် အလှူငွေများ ကိုလက်ခံရရှိထားကြောင်း၊လှူ ဒါန်းရန်အဆင်သင့်ဖြစ်နေကြောင်း၊ ယခုလတ်တလော အခက်အခဲကြုံနေသော ရေဘေးသင့်ပြည်သူများ အရေးပေါ်လိုအပ်ချက်ရှိပါက ကော်မတီသို့ဆက်သွယ်နိုင်ကြောင်း အဆို ပါကော်မတီမှ တာဝန်ရှိသူက သြဂုတ်လ ၂ ရက်နေ့တွင် Oriental News သိုပြောသည်။

“အလှူငွေက ဒီနေ့အထိ သိန်း ၃၀၀ ကျော်ရပြီ။ အ၀တ်အထည်နဲ့ ရိက္ခာပေါင်း ပီနံအိတ် ၅၀၀ ကျော်ရပြီ။ အရေးပေါ်လိုအပ်ချက် ရှိနေတဲ့ ကလေးမြို့ကားလမ်းမပွင့်သေးလို့ ၂ ရက်နေ့မှာ လေယာဉ်နဲ့ ရိက္ခာထုတ်တွေပို့ဖို့ စီစဉ်ထားတယ်။ နောက်ပြီး ရခိုင်ပြည်နယ် မြောက်ဦးကို ရိက္ခာနဲ့ အလှူငွေများ ပေးပို့လှူဒါန်းဖို့ စီစဉ်ထား ပါတယ်”ဟု၎င်းကပြောသည်။

ရေဘေးသင့်ပြည်သူများအနေဖြင့် အရေးပေါ်လိုအပ်ချက်ရှိပါက မန္တလေးမြို့ရှိ မ.ဘ.သ အဖွဲ့သို့ဆက် သွယ်နိုင်ကြောင်း၊ ဆက်သွယ်နိုင်သော ဖုန်နံပါတ်များမှာဆရာတော် ဦးပညာသာမိ ၀၉ ၇၉၈၉၂၀၉၆၉ ၊ဆရာတော် ဦးက္ကန္ဒောဘာသ ၀၉ ၂၅၆၁၁၉၉၁၇၊ ဆရာတော်ဦးဝိ သေဋ္ဌ ၀၉ ၃၁၁၉၃၈၅၉၊ဆရာတော် ဦးကုဏ္ဍလ ၀၉ ၇၉၇၅၅၁၆၄၈ ၊ ဆရာတော်ဦးဧသိက ၀၉ ၄၀၂၅၀၁၇၉၁ ၊ ဦးရဲထွန်းအောင် ၀၉ ၂၀၅၀၈၄၈၊ ဦးသန့်ဇင်ဝင်း ၀၉ ၄၄၄၀၂၉၇၂၇၊ ဦးထွန်းထွန်းနိုင် ၀၉ ၉၁၀၀၇၀၅၁ ၊ ဒေါ်သောင်းသောင်းမြင့် ၀၉ ၇၉၈၇၂၅၉၉၆ နှင့် ဒေါ်ကြည်ကြည်မာ ၀၉ ၉၁၀၃၉၂၆၀ တို့ဖြစ်ကြောင်း၊ အကူအညီလိုအပ်သူများကို နီးစပ်ရာ မ.ဘ.သ အဖွဲ့များမှတစ်ဆင့် အ ရောက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ကော်မတီ တာဝန်ရှိသူတစ်ဦးကပြောသည်။

အေးမြတ်မွန် ( Oriental News)


"အချိန်နှင့် တပြေးညီ သင်ကိုယ်တိုင် ပါဝင်ကူညီနိုင်ပါသည် "

ရေဘေးသင့်ဒေသများ၏အခြေအနေများကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေး သင်ကိုယ်တိုင်ကူညီနိုင်ပါသည်။ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသူများအား အကူအညီဖြစ်စေရန်နှင့် ရေဘေးသင့်ဒုက္ခသည်များအတွက် လိုအပ်သောအကူအညီများ မြန်ဆန်ထိရောက်စွာ ပေးအပ်နိုင်ရန်အလို့ငှာ မိမိတို့ဒေသ၏ လက်ရှိကြုံနေရသော အနေအထားများအကြောင်း စာများ၊ ပုံများကို ပေးပို့ပါရန် ဖိတ်ခေါ်ပါသည်။ ရေဘေးသင့် ဒေသများတွင် ရောက်ရှိနေသူများအနေဖြင့် အဆိုပါဒေသတွင် ဖြစ်ပျက်နေသော နောက်ဆုံးရ အခြေအနေ၏ ဓာတ်ပုံများအား ပြည်သူများကို အသိပေးစေလိုပါလျှင် flood@7daydaily.com သို့ အီးမေးလ်ပေးပို့၍ သော်လည်းကောင်း Viber ကတစ်ဆင့် 09 79 8889177 သို့ ပုံများ၊ အချက်အလက်များ ပေးပို့ ဆက်သွယ်စေလိုပါသည်။ အကယ်၍ 7Day မှ ပြန်လည်ဆက်သွယ်စေလိုပါလျှင် မိမိအမည်၊ ဒေသ နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို ပေးပို့စေလိုပါသည်။


Eleven Media Group နှင့် အလှူရှင်များ လှူဒါန်း


မြန်မာနိုင်ငံအလယ်ပိုင်း ရေဘေးဒုက္ခကြုံတွေ့နေရသည့် ဒေသများသို့ ကူညီရေးအတွက် Eleven Media Group နှင့် အလှူရှင်များ လှူဒါန်းထားသော ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ကားသုံးစီးဖြင့် စတင်ထွက်ခွာသွားပြီ ဖြစ်ပါသည်။ အဆိုပါ လှူဒါန်းသည့် ပစ္စည်းများတွင် သောက်ရေသန့်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ရွက်ဖျင်တဲ၊ မိုးကာ၊ စောင်နှင့် လက်ဖက်တို့ ပါဝင်ပါသည်။ အဆိုပါ ကားသုံးစီးနှင့် ပါဝင်သွားသည့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ ၂၅၅ သိန်းကျော်ဖြစ်ပါသည်။

Eleven Media Group ၏ အကြီးတန်းအယ်ဒီတာ တစ်ဦး ဦးဆောင်သည့် လှူဒါန်းသည့်အဖွဲ့သည် ကနဦးအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ပွင့်ဖြူမြို့သို့ ရောက်ရှိနေပြီး လှူဒါန်းမှုများ ပြုလုပ်နေပြီ ဖြစ်ပါသည်။



တပ်မတော် အရံရိက္ခာစပါးများအား ကြိတ်ခွဲ၍ ပြည်သူလူထုအတွက် လိုအပ်သော နေရာများသို့ ပုံမှန်ဈေးဖြင့် ရောင်းချပေးသွားမည်

နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ဖြင့် ကလေးမြို့နယ်တွင်ရှိသော တပ်မတော် အရံရိက္ခာစပါးများအား ကြိတ်ခွဲ၍ ပြည်သူလူထုအတွက် လိုအပ်သော နေရာများသို့ ပုံမှန်ဈေးဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါသည်။ ထို့အတူ ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တပ်မတော် အရံရိက္ခာဆန်များကို ပြည်သူလူထု လိုအပ်ချက်အတိုင်း ပုံမှန်ဈေးဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်ပါသည်။



နိုင်ငံတကာ အကူအညီများ ပိတ်ပင်ထားခြင်း မရှိ

အစိုးရအနေနဲ့ နိုင်ငံတကာကို ပိတ်ပင်ထားတယ် ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာနေတဲ့ အတွင် ရှင်းလင်း တင်ပြရခြင်း ဖြစ်ပါတယ်။ ရေဘေးသင့် မြန်မာပြည်သူတွေအတွက် နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေ ပိတ်ပင်ထားတာ လုံးဝ မရှိကြောင်း တင်ပြလိုပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိပါတယ်။

နိုင်ငံတကာက ကူညီလိုတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ ရှိခဲ့ရင်လည်း သက်ဆိုင်ရာ သံရုံးတွေ၊ အဓိကအားဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး လွန်မြောက်သွားရင် သဘာဝဘေးအန္တရယ် ကျရောက်ရာ တိုင်းဒေသကြီး/ပြည်နယ် လေးခု ရေကြီးမှုအလွန် ပြန်လည် ထူထောင်တည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်ကြရဦးမှာပါ။

လက်တလော အရေးပေါ် ကယ်ဆယ်ရေး၊ ဘေးသင့်ပြည်သူများ အမိုးအကာအောက်ရောက်ရှိပြီး ကူညီပံ့ပိုးနိုင်ရေး ဆောင်ရွက်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု၊ ဘေးဒုက္ခသင့်ပြည်သူအရေအတွက်၊ ပြန်လည်တည်ဆောက်ရမည့် အခြေခံအဆောက်အအုံများ၊ ပြန်လည်ထူထောင်ပေးရမည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ကျောင်းသား/သူများ စာသင်မပျက် ဆက်လက်သင်ကြားနိုင်ရေး၊ ရေကြောင့်ဖြစ်တတ်တဲ့ ရောဂါများနှင့် ကြိုတင်ကာကွယ်မှု၊ ရေကောင်းရေသန့်နှင့် သန့်ရှင်းရေး၊ ရေရှည် သဘာဝဘေး ကာကွယ်ရေး စတဲ့ လိုအပ်ချက် စစ်တမ်းတွေကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေနဲ့ လူမှု-ကယ်ဆယ်ဝန်ကြီးဌာန က ဆောင်ရွက်လျက် ရှိပါတယ်။

NGO တွေထဲမှာ လက်ရှိ ရေဘေးသင့်ပြည်သူတွေကို အမြန်ဆန်ဆုံးနဲ့ အထိရောက်ဆုံး ကူညီမှု ပေးနေတဲ့အထဲမှာ ကိုယ့်ပြည်တွင်းက NGO တွေပါပဲ။ အတော်များများဟာဆိုရင်လည်း နီးစပ်ရာ သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေ စုစည်းပြီး ကူညီနေကြပါတယ်။ ပြည်သူအားလုံးဟာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ၀ိုင်းကြ၀န်းကြနဲ့ အသီးသီး လုပ်ဆောင်နေကြပါတယ်။ ဘာသာလူမျိုး မခွဲ၊ နေရာ ဒေသ မခွဲ တစ်စည်းတစ်လုံးတည်း ကူညီနေကြပါတယ်။ သတင်းအချက်အလက် တွေ ပေးပို့လာကြတာတွေလည်း မနည်းပါဘူး။

မြင့်ရာမှ နိမ့်ရာကို စီးဆင်းတတ်တဲ့ ရေရဲ့ သဘောသဘာဝအရလည်းကောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်း မိုးပိုလာမယ့် မိုးလေ၀သ ခန့်မှန်းချက်တွေအရလည်းကောင်း အောက်ဘက်က ပြည်နယ်/တိုင်းဒေသကြီးတွေမှာ ရေလွှမ်းမိုးမှုတွေ ရှိလာနိုင်တာတွေကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ကြိုတင် ဆောင်ရွက်နေကြပါတယ်။

ဒီကြားထဲမှာ စိတ်မကောင်းစရာ သတင်းအချို့ကလည်း ရေဘေးဒုက္ခကို အကြောင်းပြုပြီး စားသောက်ကုန်ဈေးနှုန်းတွေ တင်ရောင်းနေကြသူအချို့ ရှိနေတယ် ဆိုတာပါပဲ။ အုပ်ချုပ်မှု နည်းလမ်းနဲ့ အရေးယူရမယ့်နည်းလမ်း ရှိနေပေမယ့်လည်း ကိုယ့်မိသားစုဝင်တွေအချင်းချင်း ဒုက္ခရောက်နေချိန်မှာ ၀ိသမလောဘစိတ်လေးတွေ ထိန်းကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဒီမြေ၊ ဒီရေမှာ မွေးဖွားကြီးပြင်းလာကြတဲ့ အားလုံးဟာ မိသားစုတွေ မဟုတ်ပါလား။ သူတို့ ဒုက္ခရောက်နေချိန်မှာ အမြတ်ထုတ်သင့်ပါသလား။



နိုင်ငံတကာမှ လေယာဉ်များဖြင့် ရေဘေးသင့်ဒေသများသို့ တိုက်ရိုက်ပို့ဆောင်လိုမှုအပေါ် မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များကို ဦးစားပေးသတ်မှတ်

မြန်မာနိုင်ငံတစ်ဝန်းတွင် ဇွန်၊ ဇူလိုင်လများအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုစသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့မှုအပေါ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၂ဝဝ၃ အရ ပြည်သူများ၏ အသက် ဆုံးရှုံးမှုမဖြစ်ပွားစေရန်၊ ထိခိုက်ဒဏ်ရာရရှိမှုများကို တားဆီးပေးနိုင်ရန်၊ လူထု ၏ အိုးအိမ်ပစ္စည်းများကို ကာကွယ်ပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဆောင်ရွက်သွားရန် ရည်ရွယ်ချက်များဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိသည်။

အဆိုပါဥပဒေတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြဋ္ဌာန်းချက်များ ပါဝင်ပြီးဖြစ်သည့်အတွက် လတ်တလောရင်ဆိုင်ကြုံတွေ့နေရသည့် သဘာဝ ဘေးအန္တရာယ်ကျရောက်မှုများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတကာမှ လေယာဉ်များဖြင့် ရေဘေးသင့်ဒေသများသို့ တိုက်ရိုက် ပို့ဆောင်လိုကြောင်း ဆက်သွယ်စုံစမ်းမေးမြန်းမှုများအပေါ် ပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပထမဦးစားပေး အဖြစ်လည်းကောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒုတိယ ဦးစားပေးအဖြစ်လည်းကောင်း သတ်မှတ်ပြန်ကြားပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို အဓိကဦးစားပေးအဖြစ် ရွေးချယ်ရခြင်း အကြောင်းအရင်းမှာ လက်ရှိရေဘေးအန္တရာယ်ကြုံတွေ့နေရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်များသို့ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အချိန်တိုအတွင်း သွားရောက် နိုင်မှုကြောင့်လည်းကောင်း၊ နိုင်ငံတကာလေယာဉ်ခရီးစဉ်များကို ရပ်နားထားရန် မလိုအပ်ဘဲ ကယ်ဆယ်ရေးလေယာဉ်များစွာ ဆင်းသက်နိုင်ခြင်း၊ လိုအပ်ပါက ညအိပ်ရပ်နားနိုင်ခြင်းတို့ကြောင့်လည်းကောင်း သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် လေယာဉ်ငယ်များဖြင့် ရေဘေးအန္တရာယ်ကြုံတွေ့နေရသည့်ဒေသများ သို့ တိုက်ရိုက်ဆင်းသက်ပေးပို့လိုမှုများရှိပါကလည်း သီးခြားညှိနှိုင်းစီစဉ်ပေး မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ အစည်းများ၊ အလှူရှင်နိုင်ငံများနှင့် တစ်ဦးချင်းတို့မှ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက် အပံ့များ ပေးအပ်လှူဒါန်းလိုပါက ဆက်သွယ်ဆောင်ရွက်နိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လူပုဂ္ဂိုလ်များနှင့် လိပ်စာများကို သတ်မှတ်ထုတ်ပြန်ထားရှိ ကြောင်း သတင်းရရှိသည်။



ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၂၀၁၃ အရ ဆောင်ရွက်နေ

ဖေ့ဘွတ်ပေါ်မှာ မြန်မာနိုင်ငံက နိုင်ငံတကာ အကူအညီကို လက်မခံဘူး လို့ ရေးတာတွေရှိသလို တစ်ချို့သူတွေကလည်း နိုင်ငံတကာ အကူအညီ ယူသင့် ပြီလို့တိုက်တွန်းရေးသားတာလည်း တွေ့ရပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့က ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့အခါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၂၀၁၃ အရ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီဥပဒေမှာနိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြဋ္ဌာန်းချက်များ ပါဝင် ပြီး ဖြစ်တဲ့အတွက် လက်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်မှုအခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက သူတို့နဲ့ သက်ဆိုင်တဲ့ နိုင်ငံ တကာအဖွဲ့အစည်းများနဲ့ ဆက်သွယ်ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ပါတယ်။

နိုင်ငံတကာအကူအညီများလည်း စတင်ပေးပို့နေပြီဖြစ်တဲ့အတွက် ဒီနေ့ ဆိုရင် တရုတ်နိုင်ငံရဲ့ အကူအညီများကို တရုတ်သံအမတ်ကိုယ်တိုင် လိုက်ပါ ပို့ဆောင်လှုဒါန်းနေပြီဖြစ်ပါတယ်။

မနေ့ကနိုင်ငံတကာက လေယာဉ်နဲ့ တိုက်ရိုက်ပို့ဆောင်လိုကြောင်း ဆက်သွယ် စုံစမ်း မှုများ ရှိလာတဲ့ အတွက် လေယာဉ်များဆင်းသက်ရန် အဓိက ဦးစားပေးလေဆိပ်အဖြစ် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ဒုတိယ ဦးစားပေး နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့ပဲ ပို့ဆောင်ရေးဝန်ကြီး ဌာနက သတ်မှတ်ပေးလိုက်ပါတယ်။

တံတားဦးလေဆိပ်ကိုရွေးချယ်ရတဲ့အဓိကအကြောင်းများကတော့

၁။ လက်ရှိရေဘေးဒဏ်ခံနေရတဲ့  စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်များကို ရဟတ်ယာဉ် လေယာဉ်များဖြင့် အချိန်တိုအတွင်းသွားရောက်နိုင်ခြင်း

၂။ နိုင်ငံတကာလေယာဉ်ခရီးစဉ်များကို ရပ်နားထားရန်မလိုပဲ ကယ်ဆယ်ရေး လေယာဉ်များစွာ ဆင်းသက်နိုင်ခြင်း။ လိုအပ်ပါက ညအိပ်ရပ်နားနိုင်ခြင်း
တို့ကြောင့်ဖြစ်ပါတယ်။

ဒါ့အပြင်လေယာဉ်ငယ်များနဲ့ ရေဘေးဒဏ်ခံနေရတဲ့ဒေသများကို တိုက်ရိုက် ဆင်းသက်ပေးပို့ချင်တယ်ဆိုရင်လည်း သီးခြား ညှိနှိုင်း စီစဉ်ပေးမှာဖြစ်ပါတယ်။

ပြည်ပက တစ်ဦးချင်းငွေလှုဒါန်းလိုသူများအတွက် ငွေစာရင်း၊ဆက်သွယ်ရန်လိပ်စာများကို နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ထုတ်ပြန်ပါလိမ့်မယ်။

ဒါ့ကြောင့် နိုင်ငံတကာအကူအညီမယူဘူးဆိုတဲ့ သတင်းမမှန်သလို တစ်ယောက်ယောက်က ရေးလိုက်လို့ထပြီးလုပ်မှာလည်း မဟုတ်ကြောင်း
လုပ်သင့်လုပ်ထိုက်တာအားလုံးကို လုပ်ဆောင်နေပြီဖြစ်ကြောင်း အသိပေးလိုပါတယ်။


ရေဘေးကြုံတွေ့ နေရတဲ့ ဒေသတွေက လိုအပ်ချက်တွေနဲ့ လှူဒါန်းလိုသူတွေကို ဆက်သွယ်ပေးလို

ရေဘေးကြုံတွေ့ နေရတဲ့ ဒေသတွေကို သွားရောက် လှူဒါန်းချင်သူတွေ၊ ကိုယ်တိုင်မသွားဖြစ်လို့ သွားလှူဒါန်းမယ့် သူတွေက တဆင့်လှူဒါန်းချင်တွေက သစ်ထူးလွင်ဝက်ဆိုဒ်ကို ဆက်သွယ် မေးမြန်းမှုတွေ ရှိနေပါတယ်။ လှူဒါန်းချင်သူတွေအတွက် ဘယ်နေရာဒေသမှာ ဘာတွေ အရေးတကြီး လိုအပ်နေတယ်။ ဘယ်သူတွေကို ဆက်သွယ်ရမယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို ပေးပို့ ကြဖို့ မေတ္တာ ရပ်ခံပါတယ်။ မြန်မာနိုင်ငံအတွင်း ရေဘေးကြုံတွေ့  နေကြတဲ့ ဒေသတွေက ဒေသခံတွေအနေနဲ့ သတင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုတွေနဲ့ အတူ အလှူရှင်တွေကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် ------ တွေကိုပါ ထည်သွင်းဖော်ပြပြီ သစ်ထူးလွင်ဝက်ဆိုဒ်ကို အမြန်ဆုံးပေးပို့ စေချင်ပါတယ်။ ပေးပို့ လာတဲ့ သတင်းအချက်အလက်တွေကို သစ်ထူးလွင်ဝက်ဆိုဒ်ကနေ အချိန်နဲ့ တပြေးညီ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ https://www.facebook.com/thithlwin (Thit Htoo Lwin Facebook message box ) နဲ့  Email; thithtoolwin9@gmail.com ကို ဆက်သွယ်ပေးပို့ နိုင်ပါတယ်။ ရေဘေးကြုံတွေ့ နေရတဲ့ ဒေသတွေက သတင်းအချက်အလက် အမှန်တွေ ပေးပို့ ရင်း သစ်ထူးလွင်ဝက်ဆိုဒ်နဲ့ အတူတူ ကုသိုလ်ယူကြဖို့ ဖိတ်ခေါ်ပါတယ်။


ကလေးနှင့်စစ်တွေ ရေဘေးသင့်ဒေသများသို့ တရုတ်သံအမတ်ကြီးကိုယ်တိုင် သွားရောက်လှုဒါန်းမည်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Hong Liang သည် သြဂုတ် ၃ ရက်နှင့် ၄ ရက်များတွင် ရေဘေးသင့်ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့များသို့ ကိုယ်တိုင် သွားရောက်ပြီး လှုဒါန်းမှုများ ပြုလုပ်မည်ဖြစ်သည်။ ယင်းနှင့် တစ်ချိန်တည်းမှာပင် တရုတ်သံရုံးမှ သံတမန်များသည် မကွေးတိုင်းသို့ သွားရောက်ပြီး ရေဘေးသင့် ဒုက္ခသည်များထံသို့ အကူအညီ ပစ္စည်းများ ပေးအပ်မည် ဖြစ်သည်။ တရုတ်သံအမတ်ကြီး၏ ခရီးစဉ်တွင် ကလေးမြို့ရှိ အိမ်ထောင်စု ၁၅၀၀ ကျော်နှင့် စစ်တွေမြို့ရှိ ၂၀၀၀၀ အတွက် ကူညီထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ရေဘေးသင့် ဒေသများသို့ အကူအညီပေးရန် တရုတ်သံရုံးက လှုဒါန်းမည့် အရေးပေါ် အသက်ကယ် ပစ္စည်းများ ပါဝင်သည့် အိတ်ထဲတွင် ဆန်၊ ဆီ၊ ဆား၊ မုန့်ပဲသရေစာ၊ ခေါက်ဆွဲခြောက်၊ ဓါတ်မီး၊ ဓါတ်ခဲ၊ အ၀တ်အစား စသည့် ပစ္စည်းများ ပါဝင်မည်ဖြစ်သည်။

တရုတ်သံအမတ်ကြီး Mr.Hong Liang သည် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်စဉ်ကပင် ရေဘေးသင့် ဒေသများသို့ အကူအညီများ ပေးအပ်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟုလည်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

သံရုံးအနေဖြင့် ကျပ်သိန်း ၃၇၀၀ ကို ထောက်ပံ့ငွေအဖြစ် သတ်မှတ်ပြီး ကယ်ဆယ်ရေးပစ္စည်းများ ၀ယ်ယူကာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။


အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ နှင့် ဇနီး တို့မှ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ လာရောက် လှူဒါန်း


အိန္ဒိယနိုင်ငံ ကောင်စစ်ဝန် Dr.N Nanda Kumar သည် အိန္ဒိယနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်(မန္တလေး)အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသင်းလှိုင်နှင့် ဇနီး ဒေါ်စန်းစန်းရည်နှင့် အဖွဲ့ဝင်များ လိုက်ပါလျှက် သြဂုတ် ၁ ရက် ညနေ (၃)နာရီက ကန့်ဘလူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကန့်ဘလူမြို့နယ် မှ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံပြီး အားပေးစကား ပြောကြာသည်။

အစီအစဉ်အရ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမျိုးလွင်က မြို့နယ် အတွင်း ရေကြီး နစ်မြုပ်မှု အခြေအနေများ၊ ကူညီထောက်ပံ့မှု အခြေအနေ များ၊ ပြုပြင်တည်ဆောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသင်းလှိုင်က သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ရမှု၊ ပြုပြင်ထိန်းသိမ်းဆောင်ရွက်မှုများနှင့် မိတ်ဆက်စကား ပြောကြားသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကန့်ဘလူမြို့နယ် ရေဘေးကယ်ဆယ်ရေး ပစ္စည်းအလှူလက်ခံဌာန ပိတောက်သိင်္ဂီခန်းမတွင် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ငွေကျပ် သိန်း(၂၀)တန်ဖိုးရှိ ဆန်၊ ရေသန့်ဗူး၊ အ၀တ်အိတ်၊ အ၀တ်ဖာ၊ ဖိနပ်အိတ်၊ မုန့်ဖာ၊ မိုးကာလိပ်၊ ဒန်အိုး၊ မုန့်ဖာသေးနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းရာ လွှတ်တော်ဥက္ကဌနှင့်ဇနီး မြို့နယ် စီခန့်ဥက္ကဌတို့ကလည်းကောင်း အလှူလက်ခံ ဌာန ကော်မတီဝင်များကလည်းကောင်း လက်ခံရယူကြပြီး အိန္ဒိယနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်(မန္တလေး)က ငွေကျပ်(၅)သိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ နှင့်ဇနီး မိသားစု က ငွေကျပ်(၃)သိန်း ထောက်ပံ့လှူဒါန်းရာ အလှူလက်ခံဌာန ကော်မတီဝင် များက လက်ခံရယူကြ သည်။ ဆက်လက်၍ အိန္ဒိယနိုင်ငံကောင်စစ်ဝန်၊ လွှတ်တော်ဥက္ကဌတို့ အဖွဲ့သည် သဖန်းဆိပ် ဆည်သို့ ဆက်လက်ထွက်ခွါသွားကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)



ရေဘေးသင့်ပြည်သူများကို ထိုင်းတပ်မတော် လှူဒါန်း


ရဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်နိုင်ရန် အတွက် ထိုင်းတပ်မတော်နှင့် ပြည်သူများမှ လှူဒါန်းလာသည့် ပစ္စည်းများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ယနေ့ သြဂုတ်လ(၂)ရက် မွန်းလွဲ(၁)နာရီအချိန်က လာရောက်လှူဒါန်းရာ မြန်မာဘက် ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် လက်ခံရယူခဲ့ကြောင်း သိရသည်။ ရေသန့် (၁၂)ဗူးပါ (၁၀၂)ကဒ်၊ ဆန်အိတ် (၂၀)၊ ငါးသေတ္တာ ( ၁၀ )ဗူးပါ (၈၅)ကဒ်၊ကဒ်၊ သွားတိုက်ဆေး/တံ၊ ဆပ်ပြာခဲ၊ ပေါင်ဒါဗူးအစ (၄၈)ထုပ်၊ ခေါက်ဆွဲအလွတ် ( ၁၂ )ထုတ်ပါ (၁၂)ဖာ၊ FUN-O ကိတ်မုန့် ( ၁၂ )ခုပါ (၃၇)ထုပ်၊ အမျိုးသမီးသုံးပစ္စည်း (၁၈)ထုပ်၊ ခေါက်ဆွဲဖာ ( အသေး ) (၅၅)ဖာ၊ ခေါက်ဆွဲ ( ၁၀ )ထုတ်ပါ (၁၅)ထုပ်၊ ခေါက်ဆွဲဗူး ( ၆ )ဗူးပါ (၁၆)ကဒ် နှင့် မုန်ညှင်းဟင်း (၁)ဖာ စသည်တို့ ပါဝင်ကြောင်း သိရသည်။



မြန်မာနိုင်ငံရေဘေးအတွက် ဘတ် ငါးသန်း ထိုင်းအစိုးရ လှူဒါန်းမည်

ရေကြီးမှုဘေးဒုက္ခကျရောက်နေသည့် မြန်မာနိုင်ငံအတွက် ကူညီရန် ထိုင်းဘတ်ငွေ ငါးသန်းကို ယနေ့ သြဂုတ် ၄ ရက်တွင် ပေးအပ်လှုဒါန်းမည်ဖြစ်ကြောင်း လက်ထောက်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဝီရာချောင်ဆူခွန်သာပါတီပတ်က သြဂုတ် ၃ ရက်က ပြောကြားသည်။ ထိုင်းနိုင်ငံမှ မြန်မာသံအမတ်ကြီးက အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ရေဘေးဒုက္ခတွင် အကူအညီများ ပေးနိုင်ရေးအတွက် ရေကြီးမှုအခြေအနေများနှင့် ပြည်သူတို့၏ လိုအပ်မှုအဝဝတို့ကို ရှင်းလင်းပြောကြားသွားမည် လည်းဖြစ်သည်။

ရေဘေးသင့် မြန်မာနိုင်ငံမှ ပြည်သူများအတွက် အကူအညီများ ပေးပို့ရာတွင် လွယ်ကူအဆင်ပြေစေရေး ချင်းရိုင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်တွင် အလှုခံစင်တာတစ်ရပ်ကို ဖွင့်လှစ်ထားပြီးဖြစ်သည်။

အဆိုပါစင်တာကို ထိုင်း-မြန်မာနယ်စပ်မြို့နယ်အဆင့်ကော်မတီ TBC နှင့် ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွားရေးကောင်စီ ချင်းရိုင်ရုံးတို့က ပူးပေါင်းကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံက TBC တာဝန်ခံတွေကနေတစ်ဆင့် အစိုးရနဲ့ ပြည်သူတွေဆီက စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး လိုအပ်ပစ္စည်းတွေကို တိုက်ရိုက်အလှုကောက်ခံသွားမှာပါ။" ဟု TBC ၏ ညှိနှိုင်းရေးမှူးလည်းဖြစ်သူ ဗိုလ်မှူးပွန်တွမ်ပန်ပီကွန် က သြဂုတ် ၃ ရက်ကပြောခဲ့သည်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း မဲဟောင်ဆောင်ခရိုင် Sop Moei ဒေသက ရေဘေးသင့် ပြည်သူများ အတွက် အခြေခံလိုအပ်သည့် ဆေးဝါး ၃၀၀၀၀ ကို သြဂုတ် ၃ ရက် ပေးပို့ခဲ့ပြီး အရန်ဆေးဝါးကို ၅၀၀၀၀၀ ကိုလည်း အသင့်ထားရှိကြောင်း လက်ထောက်ဝန်ကြီးဖြစ်သူ ဒေါက်တာအမ်နုအိုင်းဂါဂျီနာကပြောခဲ့သည်။



ရေကြီးရေလျှံမှုဖြစ်စဉ် အကျဉ်း

ဇူလိုင် ၁၄။ ။ မွန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမာဝက်မြို့-သံဖြူဇရပ်မြို့နယ် ရေနက်ကွင်း လယ်ဖြတ်ရထားလမ်းပိုင်းတွင် ပေ ၂၃၀၀ ကျော်အထိ ရေနစ်မြုပ်ခဲ့သည်။

ဇူလိုင် ၁၆။ ။ ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်း ကျေးရွာများတွင် မိုးကြီးရေလျှံမှုများကြောင့် ရထားလမ်းကျိုးခြင်း၊ စာသင်ကျောင်းပိတ်ထားရခြင်းနှင့် လယ်မြေဧကထောင်ကျော် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၇။ ။ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်အတွင်း ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ပင်လယ်ကျေးရွာအနီး တံတားအမှတ် ၄၇၈ တံတားတွင် ရေကျော်နေမှုအား ဇူလိုင် ၁၆ ရက် ညပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ချပ်သင်းဘူတာနှင့် ကံကြီးဘူတာအကြား မီးရထားသံလမ်း ရေကျော်နေမှုကြောင့် မီးရထားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ် ၀ါသလရွာအနီး၌ ဧရာဝတီ-ဟင်္သာတရေကာတာ ကျိုးပေါက်မည်ကို စိုးရိမ်သဖြင့် ကျေးရွာလေးရွာမှ တာဝိုင်းအတွင်းရှိ နေအိမ် ၁၇၀ နီးပါး ရွှေ့ပြောင်းခဲ့ကြောင်းလည်း သိရသည်။

ဇူလိုင် ၁၈။ ။ ဧရာဝတီ-ဟင်္သာတရေကာတာ ကျိုးပေါက်မှု ဖြစ်ပေါ်လျှင် ကာကွယ်နိုင်ရန် ကမ်းရင်းတာနှင့် ပန်းတာကြား တာဝိုင်းအတွင်းရှိ ၀ါသလ၊ ဂွေးတောက်ချောင်း၊ မေဒုံး၊ သရက်နှင့် ပင်ကျေးရွာများမှ အိမ်ခြေ ၁၆၆ လုံးကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းစေခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းဒေသတွင် မြစ်တရာ တောင်ကျချောင်းရေနှင့် ပင်လယ်ဒီရေတက်ချိန်ဆုံကာ အိမ်ခြေ ၁၂၈ လုံး မျောပါသွားသည့် ငရုတ်ကောင်းဒေသရှိ တင်းကျောင်းကျေးရွာအုပ်စုတွင် စပါးတင်း ၂၂၆၅ ရေမြုပ်ခဲ့ပြီး လယ်ဧက ၃၀၀ ကျော်အတွက် ပြန်လည်စိုက်ပျိုးရန် မျိုးစပါးများ အခက်အခဲ ဖြစ်ပေါ်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် ရေကြီးရေလျှံ ဖြစ်ပွားကာ နှစ်ဦးသေဆုံးပြီး သစ်ခဲကြီးကျေးရွာ တစ်ဖက်ပိတ်ဆည်ကျိုးကာ လူထောင်ပေါင်းများစွာ ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

အထက်ပိုင်းဒေသများတွင် မီးရထားသံလမ်း ရေလွှမ်းသည်အထိ ရေကြီးမှု ဖြစ်ပေါ်နေခြင်းကြောင့် မန္တလေးဘူတာကြီးမှ ထွက်ခွာပြေးဆွဲသော ရထားခရီးစဉ်များအနက် မြစ်ကြီးနားလမ်းပိုင်း ပြေးဆွဲနေသည့် ရထားခရီးစဉ်များ ယာယီရပ်နားခဲ့ရကြောင်း သိရသည်။

ဇူလိုင် ၁၉။ ။ မိုးလေးရက်ဆက်တိုက် ရွာသွန်းမှုကြောင့် ရွှေဘိုနှင့် ကန့်ဘလူ နေရာအနှံ့အပြားတွင် ဆိုးရွားသည့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု အပါအ၀င် ကျေးရွာလေးရွာတွင် အိမ်ထောင်ချီခန့် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၀။ ။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကိုးထောင်ဘို့-ကောလင်း၊ ဘုံချောင်း- မဲဇာ၊ မဲဇာ-ဆန်ရွာ ရထားလမ်းပိုင်းများတွင် ရေကြီးရေလျှံသဖြင့် ရထားလမ်းပိတ်ဆို့ကာ မဲဇာဘူတာတွင် ခရီးသည် ၃၅၀ နှင့် ကောလင်းဘူတာတွင် ၁၉၄ ဦး သောင်တင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေပြီး မူးမြစ်ရေမြင့်တက်လာမှုကြောင့် မုံရွာ-ရွှေဘို ကားလမ်းပိတ်ထားရကာ မုံရွာ-ဘုတလင်-ရေဦးကားလမ်းပေါ်တွင် ရေလျှံမှု ဖြစ်ပွားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ဇူလိုင် ၁၇ ရက်မှ ၂၀ ရက်အတွင်း မိုးဆက်ရွာသွန်းခဲ့သဖြင့် ကျေးရွာအချို့လမ်းမများပေါ်အထိ ရေကျော်ခဲ့ပြီး မိုစပါးစိုက်ပျိုး လယ်မြေဧက ၁၃၀၀ နီးပါး ရေနစ်မြုပ်ခဲ့သည်။

ဇူလိုင် ၂၁။ ။ ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဇူလိုင် ၁၇ ရက်မှ ရေကြီးရေလျှံခြင်း စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၁ ရက်အထိ ရေလွှမ်းဆဲဖြစ်ကာ မိုးကောင်းပြည်သူ့ဆေးရုံကြီးတွင် ရေနစ်မြုပ်ခြင်းကြောင့် မိုးကောင်းသာသနာ့ဗိမာန် နှစ်ထပ်ကျောင်းဆောင်သို့ လူနာများ ပြောင်းရွှေ့ကာ ကုသမှုများ ပြုလုပ်ခဲ့ရပြီး၊ စာသင်ကျောင်းများနှင့် မိုးကောင်းစည်ပင်သာယာဈေး ပိတ်ခဲ့ရကြောင်း သိရသည်။

ဧရာဝတီ-ဟင်္သာတ ရေကာတာ ထပ်မံထိခိုက်မှုများ ရှိလာပါက ယာယီရွှေ့ပြောင်းနေအိမ်များ ထပ်မံပြောင်းရွှေ့နေထိုင်ရန်အတွက် သက်ဆိုင်ရာမှ ကြိုတင်စီစဉ်မူများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၂။ ။ ကသာခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် မီးရထားလမ်း၊ ကားလမ်းများ ပိတ်နေပြီး လူလေးဦးသေဆုံးကာ လူနေအိမ် ၁၄ လုံး မျောပါပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ရေကြီးရေလျှံမှုများနှင့်အတူ သဖန်းဆိပ်ဆည်တွင် စိုးရိမ်ရေမှတ်သို့ ရောက်လုနီး အခြေအနေကြောင့် ရေဖောက်ချခဲ့ရပြီး ရွှေဘိုနယ်ဒေသခံများ ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဇူလိုင် ၂၃ ။ ။ မန္တလေးမြို့ ဧရာဝတီမြစ်ရေမှတ် ၁၀၆၅ စင်တီမီတာအထိ မြင့်တက်ခဲ့သောကြောင့် မြစ်အတွင်းရှိ ကျွန်းရွာများ ပြောင်းရွှေ့ခဲ့ရသည်။ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်သည့် ဂန့်ဂေါ-မန္တလေးလမ်းတွင် တောင်ကျချောင်းရေကြောင့် မဲရွာတံတား ပျက်စီးမှု ဖြစ်ပေါ်ကာ ကုန်သွယ်ရေးလမ်းကြောင်းများ ယာယီပြတ်တောက်ခဲ့ကြောင်း သိရသည်။ ဖားကန်မြို့တွင် ရေကြီးနေမှုကြောင့် ခရီးသည်တင်ကားများ ပိတ်မိနေကာ စာသင်ကျောင်းအချို့ ပိတ်ထားခဲ့ရသည်။

ဇူလိုင် ၂၄။ ။ အင်းတော်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်ချောင်း ရေလျှံပြီး လူနေအိမ်ရှစ်လုံး၊ တံတားခြောက်စင်း ပျက်စီးခဲ့သည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ရေကြီးရေလျှံမှုများကြောင့် မြို့နယ်ကိုးခုတွင် ခုနှစ်ဦးသေဆုံးပြီး ရေဘေးသင့်ပြည်သူ ၃၅၀၀၀ ခန့်အထိ ရောက်ရှိခဲ့သည်။

ဇူလိုင် ၂၅။ ။ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် နမ့်ပေါချောင်းရေကြီးပြီး သီပေါမြို့အထွက် နမ့်ပေါ့တံတားကျိုးကျကာ သုံးဦးသေဆုံးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၌ ဆည်သုံးခု ထပ်မံကျိုးကျခြင်း အပါအ၀င် နေရာအနှံ့ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး သဖန်းဆိပ်ဆည် အခြေအနေကြောင့် မူးမြစ်ရေ ဆက်လက်မြင့်တက်ခဲ့သည်။ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မိုးကုတ်မြို့နှင့် အနီးဝန်းကျင် ကျေးရွာများတွင် မြေပြို၊ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။ မူဆယ်မြို့မှ နမ့်ခမ်းမြို့သို့အထွက် ကားလမ်းမကြီးပေါ်တွင် ရေကြီးရေလျှံနေခြင်းကြောင့် မူဆယ်-နမ့်ခမ်း ပြေးဆွဲနေသော ယာဉ်များ ရပ်နားထားခဲ့ရသည်။ ဖားကန့်ဒေသတွင် မြေစာများစွန့်ပစ်မှုကြောင့် ကောလာသည့် အဲဗားရေကန်ကြီး မိုးရေပြည့်လျှံကာ ကန်ပေါက်ကျရာ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။

ဇူလိုင် ၂၆။ ။ ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိ ဟဲနုရွာချောင်းတံတား တောင်ကျချောင်းရေဖြင့် မျောပါသွားပြီး ယာဉ်အစီးရေ တစ်ရာခန့် ပိတ်မိခဲ့သည်။ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေပြီး မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတွင် ရုတ်တရက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျချောင်းရေကြီးမှုကြောင့် သပိတ်ကျင်းမြို့နယ် တောင်လယ်ကျေးရွာတွင် လူငါးဦးသေဆုံးပြီး ပျောက်ဆုံးသူ သုံးဦးကို ဆက်လက်ရှာဖွေနေသည်။

ဇူလိုင် ၂၇။ ။ မူးမြစ်ရေလျှံတက်ပြီး မုံရွာ-အရာတော်-ရွှေဘို ကားလမ်းပိုင်း ရေတိုက်စားကာ ယာဉ်လိုင်းပြေးဆွဲမှုများ ရပ်နားခဲ့ရသည်။ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့ မိုးကြီးနိုင်ပြီး နောက်ဆက်တွဲ ရုတ်တရက် ရေကြီးရေလျှံမှုနှင့် မြေပြို၊ တောင်ပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးဇလမှ ပြောကြားသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးမှုကြောင့် ခြောက်ရက်အတွင်း လူဦးရေ ၇၀၀၀၀ ရေဘေးဒုက္ခ ကြုံခဲ့ရကြောင်း ဇူလိုင် ၂၇ ရက်တွင် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၈။ ။ နှစ်ပတ်နီးပါး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ် ၄၆ မြို့နယ်တွင် လယ်ဧက တစ်သိန်း နှစ်သောင်းကျော် ရေနစ်မြုပ်ခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဇူလိုင် ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၉။ ။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများတွင် ရေကြီးရေလျှံနှင့် မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိပြီး မုန်တိုင်းအရှိန်ကြောင့် ယခုခံစားနေရသော ဒုက္ခများထက် ပိုမိုလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ပြီး ဘားအံမြို့ မြေနိမ့်ရပ်ကွက် အချို့တွင် ရေကြီးရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။

တောင်ကျချောင်း ရေကြီးမှုကြောင့် တွင်းငယ်-မိုးမိတ်လမ်းတစ်လျှောက် ချောင်းကူးတံတားများ ပျက်စီးကာ သွားလာရေး အခက်အခဲ ဖြစ်ပေါ်ခဲ့သည်။ ရေကြီးရေလျှံမှုကြောင့် ရေမျောပျက်စီးသည့် အိမ်အလုံးရေ နှစ်သောင်းခန့်ရှိပြီး လူဦးရေ နှစ်သိန်းနီးပါး ရေးဘေးဒဏ် ခံစားခဲ့ရသည်။

ဇူလိုင် ၃၀။ ။ ဇွန်လနှင့် ဇူလိုင်လတွင် ရေကြီးရေလျှံမှုနှင့်အတူ လယ်ဧက သုံးသိန်းတစ်သောင်းကျော် ရေနစ်မြုပ်ခဲ့သည်။ ရေကြီးရေလျှံမှုပြဿနာသည် သစ်တောပြုန်းတီးမှုမှာ အဓိကဖြစ်ကြောင်း ပညာရှင်များက ဝေဖန်ခဲ့သည်။

သံလွင်မြစ်ရေသည် ၈၂၆ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ဘားအံမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ်ခဲ့သည်။ ရခိုင်ပြည်နယ် စစ်တွေ၊ မေင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် မုန်တိုင်းဒဏ်ခံစားခဲ့ရပြီး နေအိမ်များပျက်စီးကာ စစ်တွေဈေး ပိတ်ခဲ့ရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြောင်းမြမြို့ရှိ အနိမ့်ပိုင်း လူနေရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေ ဆင်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ ဒေသခံများ ရွှေ့ပြောင်းခဲ့ရသည်။

ဇူလိုင် ၃၁။ ။ မုန်တိုင်းနှင့် အနီးဆုံးဒဏ် ခံခဲ့ရသည့် မောင်တောခရိုင်အတွင်း ရေဘေးဒုက္ခသည် ၁၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်းတွင် ခိုလှုံနေရ၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ်နှင့် တိုင်းများတွင် သီးနှံစိုက်ဧက ငါးသိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး ထိခိုက်ပျက်စီးသည့် ဧက ၁၂၀၀၀ ကျော်ရှိခဲ့သည်။



ရေကြီးမှုကြောင့် အနည်းဆုံး ၂၇ဦးသေဆုံးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခက်ခဲသောနေရာများလည်း ရှိနေ

မြန်မာနိုင်ငံအနှံ့အပြားတွင် ပြင်းထန်သော ရေကြီးမှုကြောင့် သြဂုတ်လ ၁ရက်နေ့ အထိ ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေရပြီး၊ မိုးသည်းထန်စွာရွာသွန်း၍ မြင့်တက်လာသည့်ရေများကြောင့် အနည်းဆုံး လူ၂၇ဦး သေဆုံးခဲ့ရကာ လူထောင်ပေါင်းများစွာမှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပြင်းထန်သည့် မုတ်သုံမိုးက နိုင်ငံတနှံ့တလျားကို ရိုက်ခတ်ရွာသွန်းခဲ့သောကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရသည့် ဒေသလေးခုကို သဘာဝ ကပ်ဘေးသင့် ဒေသများအဖြစ် အစိုးရက ဇူလိုင်လ ၃၁ရက်နေ့က ကြေညာခဲ့ရာ အခြေအနေ ဆိုးရွားပြင်းထန်ကြောင်းကို ဖော်ပြနေသည်။

Press Trust of India ဂျာနယ်ပါ သတင်းတစ်ရပ်အရ မြန်မာ့ချင်းပြည်နယ်နှင့် နယ်ချင်းထိစပ်နေသည့် အိမ်နီးချင်း အိန္ဒိယ၏ မဏိပူရပြည်နယ်၊ ချန်ဒဲခရိင်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်း၍ မြေပြိုမှုများ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ၂၀ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လူနေအိမ်ခြေ ၁၅၀,၀၀၀ခန့်နှင့် လယ်ကွင်းများ ပျက်စီးသွားခဲ့ရပြီး ဝေးခေါင်သောရွာများတွင် လူထုများမှာ ပိတ်မိသောင်တင်လျှက်ရှိကြပြီး သဘာဝကပ်ဘေးအတွင်း စားဝတ်နေရေးများလည်း ပျက်စီးသွားခဲ့သောကြောင့် အစိုးရ၏ သက်သာချောင်ချိရေးယန္တရားအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်သို့ အသွင်ပြောင်းလဲသွားသည်။

‘ယခုအချိန်မှာ နိုင်ငံရဲ့အများစုက ရေလွှမ်းမိုးနေတယ်။ တိုင်းဒေသကြီးတစ်ခုမှာတော့ ရုတ်တရက်ရေကြီးမှုတွေ၊ ရေတက်မှုတွေနဲ့ မိုးရွာသွန်းမှုကြောင့် မြေပြိုမှုတွေဖြစ်ပွားနေတယ်’ဟု လူမှုဖူလုံရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာအာဏာပိုင်များနှင့် ဒေသတွင်းအကူအညီပေးရေးအုပ်စုများက ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်နေပြီ ဖြစ်သော်လည်း ရေလွှမ်းခံရသည့် နေရာများသို့ ရောက်ရှိနိုင်ရန် ရုန်းကန်နေရပြီး၊ အဆက်အသွယ်များ ပြတ်တောက်နေသောကြောင့် အသေအပျောက်စာရင်းမှာလည်း ဇူလိုင်လ ၃၀ရက်နေ့ကအတိုင်း ၂၇ယောက်ဟုသာ သိရသေးသည်ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။ အဆိုးရွားဆုံးထိခိုက်သည့် ဒေသများထဲတွင် နိုင်ငံအနောက်ပိုင်းမှ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ ပါဝင်နေသည်။

သမ္မတဦးသိန်းစိန် ဇူလိုင်လ ၃၁ရက်နေ့က လက်မှတ်ထိုးခဲ့သည့် ကြေညာချက်တစ်ခုတွင်မူ ရခိုင်နှင့် ချင်းပြည်နယ်တို့မှာ အကြီးအကျယ်ပျက်စီးသွားသောကြောင့် မူလအခြေအနေသို့ ပြန်ည်လည်ရောက်ရှိရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ပြောကြားထားသည်ဟု Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။

ဒေသတွင်းအစိုးရအရာရှိတစ်ဦး၏ အေအက်ဖ်ပီသို့ ပြောကြားချက်အရ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြင်းထန်သည့် မုန်တိုင်းကြောင့် နေအိမ်နှင့် ရုံးအဆောက်အအုံများ ပျက်စီးသွားပြီး၊ သစ်ပင်များ အမြစ်ကျွတ်ထွက်လဲပြိုကာ လမ်းများလည်းပျက်စီးသွားသောကြောင့် အဆက်အသွယ်ပြတ်တောက်လျှက်ရှိသည်ဟု ဆိုသည်။ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် သယ်ယူပို့်ဆောင်ရေး မရှိသလောက်ဖြစ်နေချိန်တွင် ဘုန်းကြီးကျောင်းများတွင်သာ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြရသည်ဟုဆိုသည်။

ဒီမိုကရတ်တစ် ဗမာ့အသံ (DVB)သတင်းဝဘ်ဆိုက်တွင် လွှင့်တင်လာသည့် ဗွီဒီယိုထဲတွင် မြန်မာနိုင်ငံအလယ်ပိုင်း ကောလင်းမြို့နယ်တွင် ရင်စို့လောက်နက်သည့် ရေထဲတွင် ကူးခတ်ရင်း သက်ကြီးရွယ်အို၊ ကလေးနှင့် လူမမာများကို ထမ်းစင်များဖြင့် နေရာပြောင်းရွှေ့နေကြသည်ကို ရိုက်ပြထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် တောင်သူလယ်သမားတို့၏ အသက်သွေးကြောလည်းဖြစ်သည့် မုတ်သုံမိုးမှာ နှစ်စဉ် ရွာသွန်းဖြိုးလေ့ရှိသော်လည်း မကြာခဏဆိုသလိုပင် သည်းထန်သောမိုးနှင့် အားပြင်းဆိုင်ကလုန်းမုန်တိုင်းများကြောင့် လူများသေကြေသည်အထိ ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု ဆိုသည်။

၂၀၀၈ခုနှစ် မေလက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို မွှေနှောက်ဖျက်စီးသွားခဲ့သည့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ခန့် သေဆုံးခဲ့ရသည်။

ယခုအချိန်အထိ ရေကြီးရေလျှံမှုများကြောင့် လယ်ဧက ၈သိန်းကျော် ရေနစ်မြုပ်ကာ ဧက ၄၄,၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အစိုးရက သြဂုတ် ၁ရက်တွင် ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁ရက်နေ့က ကုလသံတမန်က မြန်မာနိုင်ငံတွင် ရေကြီးမှုများနှင့် ပတ်သက်၍ အထူးစိုရိမ်မိကြောင်း ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပြီး ချက်ချင်းလုပ်ဆောင်ရမည့် သက်သာချောင်ချိရေးလုပ်ငန်းများကို သိရှိနိုင်ရန်အတွက် အကဲဖြတ်အဖွဲ့များကို အဆိုးရွားဆုံးရေဘေးသင့်နေရာများသို့ စေလွှတ်ထားသည်ဟုလည်း ပြောကြားခဲ့သည်။




နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တောာင်ဖီလာ တောရ စာသင်တိုက် အတွင်းရှိ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေး


စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးမြတ်ဟိန်း၊ ဦးရဲထွဋ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ ဒုတိယ၀န်ကြီးများ၊ တာဝန် ရှိသူများနှင့် အတူ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် တောင်ဖီလာတောရ ကျောင်းတိုက် အတွင်း နေရာချထားသည့် ရေဘေးသင့် ပြည်သူများအား ကြည့်ရှု အားပေးသည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည် တောင်ဖီလာ တောရ ကျောင်းတိုက် သဒ္ဓမ္မဂန္ဒီ ကျောင်းဆောင်၌ အဂ္ဂမဟာ ဂဏ္ဏာဝါစက ပဏ္ဏိတဘဒ္ဒန္တ ရာဇိန္ဒ အမှူးပြုသည့် ဆရာတော် သံဃာတော်များအား လှူဖွယ် ၀တ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် တောင်ဖီလာတောရ ကျောင်းတိုက် သဒ္ဓမ္မဂန္ဒီ ကျောင်းဆောင်၌ ရေဘေးခိုလှုံ သီတင်း သုံးတော်မှုလျက် ရှိနေကြသည့် ဆရာတော် သံဃာတော်တို့အတွက် လှူဖွယ်ပစ္စည်းများ ပေးအပ် လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော် သမ္မတသည် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ကလေး)ရှိ အောင်ဇေယျ ရိပ်သာ အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာ တာဝန် ရှိသူများအား တွေ့ဆုံပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူသားချင်း စာနာ ထောက်ထားမှု၊ မိမိ နိုင်ငံသားများ အပေါ် စာနာကူညီ စောင့်ရှောက်မှု၊ တာဝန် ကျေပွန်မှုတို့ဖြင့် ပေါင်းစပ် ဆောင်ရွက်ရန် လိုကြောင်း၊ ရေဘေး ကယ်ဆယ်ရေး စခန်းတွင် ရောက်ရှိ နေသူများ၏ နေ့စဉ် လိုအပ်ချက်များကို အသေးစိတ် စဉ်းစား ဖြည့်ဆည်းပေးရန် လိုကြောင်း၊ ကိုယ်ချင်း စာစိတ်ဖြင့် စဉ်းစားလျှင် လိုအပ်ချက်များကို တွေ့ရှိနိုင်မည် ဖြစ်ကြောင်း၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် စာရင်းဇယားများ တိကျမှန်ကန်ရန် လိုအပ်ကြောင်း၊ ရေဘေး ဒုက္ခသည်များ ပျက်စီး ပျောက်ဆုံးသွားသည့် မှတ်ပုံတင်နှင့် အခြား အရေးကြီး အထောက်အထားများကို အမြန်ဆုံး ပြန်လည် ထုတ်ပေးရန် လိုအပ်ကြောင်း၊ ကူညီ ထောက်ပံ့ပေးသည့် ပစ္စည်းများ အမှန်တကယ် လိုအပ်သူများ လက်ဝယ်သို့ ရောက်ရှိရေး အတွက် ကြပ်မတ် ဆောင်ရွက်ရန် လိုကြောင်း၊ နေရပ်ပြန် ပြည်သူများ အတွက် စားနပ်ရိက္ခာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုကြောင်း ဆွေးနွေး မှာကြားပြီး အထူး လေယာဉ်ဖြင့် ထွက်ခွာလာရာ မွန်းလွဲ (၁၂)နာရီ (၁၀)မိနစ်တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။



ကာကွယ်ရေးဦးစီးချုပ် ရခိုင်ပြည်နယ်သို့ ရောက်ရှိပြီး ရေဘေးဒုက္ခသည်များအတွက် အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

သြဂုတ်လ ၁ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်သို့ ရောက်ရှိပြီး ရေဘေးဒုက္ခသည်များအတွက် အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားကို စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်က “ကျွန်တော်တို့လည်း များစွာ စိတ်မကောင်း ဖြစ်ရပါတယ်။ နှစ်ပေါင်း ၇၀ လောက်အတွင်းမှာ ဒီလောက်ကြီး ရေကြီးရေလျှံမှု တစ်ခါမှ မဖြစ်ဖူးပါဘူးလို့ သိရပါတယ်။ ဒီလောက်ကြီးမားတဲ့ ရေးဘေးမှာ အသေအပျောက် နည်းတာကတော့ အဆိုးထဲက အကောင်းပေါ့။ ကျွန်တော်တို့က ရဟတ်ယာဉ်နှစ်စီးနဲ့ ကူညီထောက်ပံ့ ပေးနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ၀ိုင်းကူကြဖို့ လိုပါတယ်။ 

ဒါဆိုရင် ဒီအခက်အခဲကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တာတွေကို လုပ်ပေးလို့ရအောင် ကျွန်တော်လာခဲ့ခြင်း ဖြစ်ပါတယ်။ တတ်နိုင်သလောက် ကူညီပေးဖို့ အင်အား အဆင်သင့် ရှိပါတယ်။ တစ်နိုင်ငံလုံး ဖြစ်နေတာ ဖြစ်တဲ့အတွက် အားလုံးက အရေးကြီးပါတယ်။ ဦးစားပေးသင့်တာကိုလည်း ဦးစားပေးပြီး လုပ်ကိုင်နေပါတယ်။ စီမံခန့်ခွဲတဲ့ သူတွေကလည်း ခေါင်းအေးအေးနဲ့ထားပြီး လုပ်နိုင်ဖို့ လိုပါတယ်” ဟုလည်း ပြောကြားခဲ့ပါသည်။

ယင်းအခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်မှ လှူဒါန်းသော ငွေကြေးများနှင့် ပစ္စည်းများကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ပြီး ၀န်ကြီးချုပ်က လက်ခံခဲ့ရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းလည်း သိရှိရသည်။

အခမ်းအနားတွင် အလှူငွေ ကျပ် ၂၅၀၀ အထိ ရရှိခဲ့ကြောင်းနှင့် ဒေသခံ လုပ်ငန်းရှင်များကလည်း အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက “မနက်ဖြန်မှ ရေကျနိုင်မယ်လို့ သိရတယ်။ ဒါမှ စာရင်း အတိအကျကို ရနိုင်မှာ ဖြစ်တယ်။ တချို့နေရာတွေကို လှေနဲ့ သွားရတဲ့အတွက် သွားလာရေး အဆင်မပြေမှုတွေ ရှိနေတယ်။ သေဆုံးသူ စာရင်းကတော့ ၁၈ ယောက်လောက် ရှိပြီလို့ သိရတယ်။ ရေမြုပ်နေတာက အိမ်ခြေလေးထောင်ကျော်နဲ့ စာသင်ကျောင်း ၃၇ ကျောင်း ဖြစ်ပါတယ်။ ဒါကတော့ ရေတက်နေဆဲ အခြေအနေမို့ စာရင်းတွေ အတိကျ မရနိုင်သေးပါ။ ကျောက်တော်မြို့ ကစ္ဆပနဒီ မြစ်ရေဟာလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ဒီနေ့အထိ ရေမကျသေးပါဘူး။ ကယ်ဆယ်ရေးစခန်း အနေနဲ့တော့ ၅၃ ခု ဖွင့်လှစ်ထားပါတယ်။ အဲ့ဒီ စခန်းတွေမှာ ဒီကနေ့ လူရှစ်သောင်းကျော် ရောက်ရှိနေပါတယ်” ဟုလည်း ပြောကြားခဲ့ပါသည်။ 

သန်းလှိုင် (စစ်တွေ)


ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို ရေဘေးသင့်သူများကို သွားရောက်လှူဒါန်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့ နံနက် ၉း၄၀ ခန့် တွင် ပဲခူးမြို့ သို့ ရောက်ရှိခဲ့ပြီး ရေဘေးသင့်သူများကို သွားရောက် လှူဒါန်းခဲ့ကြောင်းDaw Khin Kyi Foundationမှသိရသည်။

ပဲခူးမြို့ မိုးလုံလေလုံ အားကစား ကွင်းမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေတဲ့ ရေဘေးဒုက္ခသည်၁၆၀၀ကျော်ကို ဇူလိုင်လ ၃ ရက်နေ့က ဆန်၊ ရေသန့်ဗူး နဲ့ ဆေးဝါးစုစုပေါင်း ကျပ်သိန်း၁၀၀ကျော်ဖိုးခန့် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 ရေဘေးဒုက္ခသည်များအား ကျန်းမာရေးအတွက် အထူးဂရုစိုက်ကြဘို့ အလေးပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

၎င်းနောက် ဇိုင်ဂနိုင်းတောင်ပိုင်းရှိ အောင်ဇေယျာစာသင်တိုက်သို့ သွားရောက်၍ ဝါဆိုသင်္ကန်းကပ်လှုခဲ့ကြောင်း သတင်းရရှိသည်။



USDP က ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းနေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် ကောက်ခံရရှိမည့် အလှူငွေများအား 'အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီ' ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဟု သိရသည်။ USDP မှ ဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဝင်များနှင့် အခြားအလှူရှင်းများမှလည်း တတ်အားသ၍ ပါဝင်လှူဒါန်းနေသည်ဟုဆိုသည်။

ပါတီဥက္ကဌ သူရဦးရွှေမန်းနှင့် ဇနီးခင်လေးသက်တို့ နာယကအဖြစ် ပါဝင်သည့် "မန်းအောင်ငြိမ်းဖောင်ဒေးရှင်း" မှ ရေဘေးသင့်ပြည်သူများအတွက် ရည်ရွယ်၍ ကျပ် သိန်း ၁၀၀၀ အား ပါတီဌာနချုပ်တွင်ဖွဲ့စည်းထားသည့် 'ရေဘေးသင့်ပြည်သူများအား ကူညီစောင့်ရှောက်ရေးအဖွဲ့' ထံ သြဂုတ် ၃ ရက်နေ့က သွားရောက် ပေးအပ် လှူဒါန်းခဲ့သေးကြောင်း H.E. Thura U Shwe Mann Facebook မှ တဆင့် သိရသည်။

အမျိုးသားသဘာဝ ဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌမှာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဖြစ်ပြီး ယင်းဗဟိုကော်မတီမှ ချမှတ်ထားသည့် မူဝါဒနှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရန် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီတရပ်လည်းကို ဖွဲ့စည်းထားသည်။


မိုးလေဝသ သတင်းခန့်မှန်းချက်(၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ ညနေ(၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်)


ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေအားနည်းနေပါသည်။ မနက်ဖြန်ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်
လှိုင်းအသင့်အတင့်‌ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရခိုင်ကမ်းရိုးတန်းဒေသများတွင်မိုးလျော့နည်းနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့်ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။



၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၃)ရက် (၁၃း၀၀) အချိန် မိုးလေ၀သနှင့် ဇလဗေဒ

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၃.၈.၂၀၁၅) ရက်နေ့ မြန်မာစံတော်ချိန် (၁၃း၀၀) အချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် (၂.၈.၂၀၁၅)ရက်နေ့ (၁၀း၀၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ် ရေမှတ်အထက် (၄၄)စင်တီမီတာ (၁-ပေခွဲခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း (ပေ၀က်ခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် ‌ညောင်ဦးမြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၀၁း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၉၃)စင်တီမီတာ (၃-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း (ပေ၀က်ခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် ‌မင်းဘူးမြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၁၀း၀၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၄၆)စင်တီမီတာ (၁-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၁၉း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၂၈)စင်တီမီတာ (၁-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၀၄း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၅၀)စင်တီမီတာ (၁-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် (၃၁.၇.၂၀၁၅)ရက်နေ့ (၂၃း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၅၅)စင်တီမီတာ (၂-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၀၆း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၆၆)စင်တီမီတာ (၂-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် (၃၁.၇.၂၀၁၅)ရက်နေ့ (၀၀း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ် သို့ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၉၆)စင်တီမီတာ (၃-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် (၁.၈.၂၀၁၅)ရက်နေ့ (၀၀း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၈၇)စင်တီမီတာ (၃-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း (ပေ၀က်ခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် (၃၁.၇.၂၀၁၅)ရက်နေ့ (၂၃း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ် သို့ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၂၇)စင်တီမီတာ (၄-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်
(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် (၂၉.၇.၂၀၁၅)ရက်နေ့ (၀၂း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ် သို့ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၃၁၁)စင်တီမီတာ (၁၀-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း (၆-ပေခန့်)ကျဆင်းနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် (၃၀.၇.၂၀၁၅)ရက်နေ့ (၀၆း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၃၈)စင်တီမီတာ (၄-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀) နာရီအချိန် တိုင်းတာ ရရှိသော (၁၁၄၃) စင်တီမီတာသည် နှစ်ပေါင်း (၅၀) အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ပါသည်။ ချင်းတွင်းမြစ်ရေ (မုံရွာမြို့)၏ ယခင်အမြင့်ဆုံးရေမှတ်မှာ (၂၀.၈.၂၀၀၂) ရက်နေ့တွင် တိုင်းတာ ရရှိသော (၁၀၉၉) စင်တီမီတာဖြစ်ပါသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂၇.၇.၂၀၁၅)ရက်နေ့ (၁၈း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ် သို့ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၀၄)စင်တီမီတာ (၃-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃) ရက်အတွင်း (၂-ပေခန့်) ကျဆင်းနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၃၀.၇.၂၀၁၅)ရက်နေ့ (၁၁း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၂၅)စင်တီမီတာ (၁-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်
(၂) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း နိုင်ပါသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂၈.၇.၂၀၁၅)ရက်နေ့ (၁၄း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၅၉)စင်တီမီတာ (၂-ပေခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်
(၂၄) နာရီအတွင်း (ပေ၀က်ခန့်) ကျဆင်းနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၂၇.၇.၂၀၁၅)ရက်နေ့ (၁၆း၃၀)နာရီမှစ၍ စိုးရိမ်ရေမှတ် သို့ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၈၂)စင်တီမီတာ (၂-ပေခွဲခန့်)ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း (ပေ၀က်ခန့်) ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။



ညောင်တုန်းမြို့နယ်အား သဘာဝဘေးအန္တရာယ်ကျရောက်ရန် စိုးရိမ်ရသော လိမ္မော်ရောင် အဆင့် သတ်မှတ်ပြီး ရွှေ့ပြောင်းမှုများ ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ညောင် တုန်းမြို့နယ် ၏ ဧရာဝတီမြစ်ရေမှာ ယနေ့ နံနက် ၆ နာရီ တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်ဖြစ်သော ၂၅ ဒသမ ၅၀ ပေသို့ ရောက်ရှိခဲ့ပြီး ရေဘေး ကာကွယ်ရေးတာ၏ အထက် ကျော်လွန်ကာ မြို့မြေမျက်နှာပြင်ထက် ပျမ်းမျှ ၅ ပေကျော် သို့ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ညောင်တုန်းမြို့နယ်အား သဘာဝဘေးအန္တရာယ်ကျရောက်ရန် စိုးရိမ်ရသော လိမ္မော်ရောင်အဆင့် သတ်မှတ်ထုတ်ပြန်၍ မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ၊ အမျိုး သမီးများနှင့် ကလေးများအား အသက်အန္တရာယ် မဖြစ်ပေါ်စေရန်အတွက် သတ်မှတ် ထားသော ကယ်ဆယ်ရေးစခန်းများသို့ စတင်ရွှေ့ပြောင်းလျက်ရှိကြောင်း သတင်းရရှိသည်။


ရေဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း တစ်သောင်းနီးပါးရှိဟု မွေး/ရေ ဌာနထုတ်ပြန်

နိုင်ငံအဝှမ်းရှိ ရေကြီးနစ်မြုပ်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း (၉၇၉၃) တစ်သောင်းနီးပါးရှိသည် ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဩဂုတ် ၂ ရက်စွဲဖြင့် သတင်းထုတ်ပြန် လိုက်သည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ မွေး/ရေ ဝန်ကြီးဌာနတစ်ခုတည်းနှင့် အကျုံးဝင်သည့် ဆုံးရှုံးမှုတန်ဖိုးမျှသာ ရှိသေးသည်။ေ ရကြီးရေလျှံမှုများ၊ မြေပြိုမှုများနှင့် လေပြင်းတိုက်ခတ်မှုများတွင် တိရိစ္ဆာန်များ သေကြေပျက်စီးမှု၊ ငါးကန်၊ ပုစွန်ကန်များ ပျက်စီးမှု၊ ငါးဖမ်းကိရိယာများနှင့် ငါးဖမ်းရေယာဉ်များ ပျက်စီးမှု၊ ဌာနပိုင်အဆောက်အဦများ ပျက်စီးမှု၊ ကျေလက် လမ်းတံတားများ ပျက်စီးမှုတို့ကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း တစ်သောင်းနီးပါး ရှိသည်ဟု မွေး/ရေက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။


အဆိုပါ ဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ဆောင်သွားမည်ဟု မွေး/ရေ က ထုတ်ပြန်ထားပြီး နိုင်ငံတော်၏ သဘာဝဘေးထောက်ပံ့ငွေနှင့် နိုင်ငံတော်သမ္မတသီးသန့်ရံပံငွေဖြင့် သုံးစွဲသွားမည်ဟု ဆိုသည်။

မွေး/ရေ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရေကြီးမှုကြောင့် ရခိုင်ပြည်နယ်တစ်ခုတည်းတွင်ပင် ခိုင်းနွား ၂၉ကောင်၊ ဝက် ၅၀ ကောင်၊ ဥစားကြက် ၃၅၃၀ကောင် သေဆုံးခဲ့သလို ပုစွန်ကန် ၁၀၃၄၆ဧကလည်း ပျက်စီးဆုံးရှုံးသွားသည်။ ထို့ပြင် ကျေးလက်တံတား ၁၁စင်းလည်း ပျက်စီးသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အပြင် အခြား တိုင်းနှင့် ပြည်နယ်များဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ရှမ်း၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနှင့် တနင်္သာရီတို့တွင်လည်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးချင်း မတူညီသော်လည်း အလားတူပင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 မင်းမင်း


လူသားချင်းစာနာမှု အကူအညီ

လွန်ခဲ့သည့် ဇူလိုင်လလယ်မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း မိုးအဆက်မပြတ်ရွာသွန်းခဲ့သောကြောင့် တိုင်းဒေသကြီး၊ ပြည်နယ် အများစုတို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လူဦးရေထောင်ပေါင်း များစွာတို့ ရေဘေးဒုက္ခကြုံတွေ့ခဲ့ပေသည်။ ရေဘေးကြုံပြည်သူ အများအပြား စားရေး၊ နေရေး၊ ကျန်းမာရေးအစရှိသဖြင့် အကူအညီ များ လိုအပ်လျက်ရှိပါသည်။ အကူအညီများကို နိုင်ငံတော်အပိုင်းက ထောက်ပံ့ပေးနေမှုများရှိသလို တစ်သီးပုဂ္ဂလအလှူရှင်များ၊ အသင်း အဖွဲ့များကလည်း သွားရောက် လှူဒါန်းလျက်ရှိပါသည်။

ရေဘေးဒုက္ခသည်ပြည်သူအများစုအနေဖြင့် မကြုံစဖူး ထူးကဲ သော မိုးရွာသွန်းမှုများကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပါသည်။ ¤င်းတို့၏ဆုံးရှုံးနစ်နာမှု များမှာလည်း များပြားလှပါသည်။ အိမ်တွင်းပစ္စည်းများ၊ လယ်ယာ ကိုင်းကျွန်းကောက်ပဲ သီးနှံများ ဆုံးရှုံးနစ်နာခဲ့ရပါသည်။ ယခုအခါ လူသားချင်းစာနာမှု အကူ အညီများ လိုအပ်လျက်ရှိပါသည်။ လူသား ချင်းစာနာမှုအကူအညီများ ကို နိုင်ငံတော်အပိုင်းက ထောက်ပံ့ပေးနေ ရုံမျှဖြင့် လုံလောက်နိုင်မည် မဟုတ်ပါ။ ပုဂ္ဂလိကပြည်တွင်းလုပ်ငန်း ရှင်များ၏အကူအညီများ၊ နိုင်ငံ တကာအလှူရှင်များ၏ အကူအညီ များပါ လိုအပ်လျက်ရှိပါသည်။

သို့ရာတွင် အကူအညီများသည် ရေဘေးကြုံတွေ့နေရသော ပြည်သူများထံ အမှန်တကယ်ရောက်နိုင်ဖို့လိုပါသည်။ ယခုတိုင် နေရာအချို့၌ ရေဘေး အကူအညီများ တစ်ခုမျှ ရောက်လာခြင်း မရှိသေးကြောင်း ပြောဆိုနေသံများ ကြားနေရပါသည်။ လူသားချင်း စာနာမှုအကူအညီများသည် မဖြစ်မနေ ကူညီပေးရမည်ဖြစ်သလို မြန်မြန်ဆန်ဆန်ရောက်ဖို့လည်း လိုအပ်မည်ဖြစ်ပါသည်။

လူတစ်ဦးချင်းစီ၏ နေ့စဉ်အသုံးအဆောင်များသည် များပြား ပါသည်။ အထူးသဖြင့် စားဝတ်နေမှုများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် အစားအသောက်များ လိုအပ်လျက်ရှိပါသည်။

မိုးသည် ရွာသွန်းဆဲဖြစ်ပါသည်။ မုန်တိုင်းဘေးမှ လွတ်မြောက် ခဲ့ပြီဖြစ်သော်လည်း မိုးသည် အဆက်မပြတ် ရွာသွန်း လျက်ရှိခြင်း ကြောင့် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ် လျက်ရှိပါသည်။ ရေဘေးသင့်ပြည်သူအများအပြား ကယ်ဆယ်ရေး စခန်းအသီးသီး၌ ရှိနေကြဆဲဖြစ်ပါ သည်။ ပြည်သူများ၏ အကူအညီကို စောင့်မျှော်လျက် ရှိပါသည်။

သဘာဝဘေးကို မည်သူမျှ မလွန်ဆန်နိုင်ပါ။ ဖောက်ပြန်လာ သော ရာသီဥတုကြောင့် ဆိုးရွားသည့်သဘာဝဘေးဒဏ်ကို ရင်ဆိုင် ကြရပါသည်။ သဘာဝဘေးဒဏ်ခံစားနေရသော ပြည်သူများ၏ ခံစားချက် များကို ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကူညီမှုများဖြင့် ဖြေလျှော့နိုင် မည်ဖြစ်ပါသည်။ သို့ပါ၍ လူတစ်ဦးချင်းမှအစ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ အစရှိသဖြင့် လူသားချင်းစာနာမှု အကူအညီများ ဖြင့် ဝိုင်းဝန်း ကူညီပေးကြ ရမည်ဖြစ်ပါကြောင်း။


















Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ