လမ်းပန်းဆက်သွယ်ရေး

hnm | 火曜日, 10月 20, 2015 |


ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံကိန်းတွင် ပါဝင်သည့် ရန်ကုန်- ရွာသာကြီး-တိုးကြောင်ကလေး ရထားလမ်းပိုင်း၌ မိုင်နှုန်း တိုးမြှင့်၍ စမ်းသပ်မောင်းနှင်


ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံကိန်းတွင် ပါဝင်သည့် ရန်ကုန်-ရွာသာကြီး-တိုးကြောင်ကလေး ရထားလမ်းပိုင်းအား မိုင်နှုန်း တိုးမြှင့်၍ စမ်းသပ်မောင်းနှင်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သတင်း ရရှိသည်။ ဂျပန်နိုင်ငံ၏ အိုဒီအေ ချေးငွေဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် (၁)တွင် ပါဝင်သည့် ရန်ကုန်မှ တောင်ငူ ရထားလမ်းပိုင်းအား မိုင်နှုန်း တိုးမြှင့် မောင်းနိုင်ရန် အဆင့်မြှင့်တင်မှု ပြုလုပ်နေခြင်း ဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန်-ရွာသာကြီး-တိုးကြောင်ကလေး ရထားလမ်းပိုင်းရှိ ကျန်စစ်သား ဂိတ်အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းသည် ပြီးဆုံးခါ နီးပြီဖြစ်၍ မိုင်နှုန်း တိုးမြှင့် စမ်းသပ် မောင်းနှင်ခြင်းအား အောက်တိုဘာ ၁၄၊ ၁၅ နှင့် ၁၆ ရက်များတွင် စမ်းသပ်မောင်း နှင်ခဲ့ခြင်းဖြစ်သည်။


ရထားပို့ဆောင်ရေး ၀န်ကြီးဌာနသည် ဂျပန်နိုင်ငံမှ အိုဒီအေ ချေးငွေရယူကာ ဆောင်ရွက်နေသည့် စီမံကိန်း နှစ်ခုရှိကြောင်း သိရသည်။ ယင်းစီမံကိန်းများမှာ ရန်ကုန်-မန္တ လေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် ၁ နှင့် ရန်ကုန် မြို့ပတ်ရထား လမ်းပိုင်းများ အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းတို့ ဖြစ်သည်။ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း အဆင့် ၁ သည် ဂျပန် အိုဒီအေ ချေးငွေ ယန်း ပေါင်း ၂၀၀၀၀ သန်း ရယူကာ ဆောင်ရွက်နေခြင်း ဖြစ်ပြီး Loan Agreement အား ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။ ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းအတွက် ဂျပန်ယန်း သန်းပေါင်း ၂၄၈၆၆ ရယူကာ ဆောင်ရွက်မည်ဖြစ်ပြီး၊ Loan Agreement အား လက်မှတ် ရေးထိုးရခြင်း မရှိသေးကြောင်း သိရသည်။

ထို့ပြင် ရထားပို့ဆောင်ရေးဝန်ကြီး ဌာနသည် ဂျပန်နိုင်ငံမှ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု (Technical Coorperation)ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းမှာ ရထားလမ်းပိုင်းများ ကြံ့ခိုင်ရေးနှင့် ရထားလမ်းပိုင်းများအား လုံခြုံစိတ်ချမှု ရရှိအောင် အဆင့်မြှင့် ဆောင်ရွက်မှု စီမံကိန်းအား ၂၀၁၃ ခုနှစ် မေလက စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။ ရွှန်းလဲ့ဝင်း


နိုင်ငံတစ်ဝန်းရေကြီးမှုကြောင့် ပြိုကျသည့် တံတား ၂၁စင်းအနက် ၁၇စင်း ပြန်လည်ဆောက်လုပ်ပြီးစီး

မြန်မာနိုင်ငံတစ် ဝန်း ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာ သွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ တံတား၂၁စင်းပြိုပျက်ခဲ့ပြီး ၁၇စင်းအား ပြန် လည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန တွင် ဇူလိုင်၂၉ရက်ကပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ပြောကြားလိုက်သည်။ ''အရေးကြီးတာက လမ်းပန်း ဆက်သွယ်ရေး မပြတ်တောက်ဖို့ပါပဲ။ အခု ဆိုရင် ပြည်နယ်တိုင်းနေရာအနှံ့မှာ ရေကြီး နေတယ်။ ဒါကြောင့် တံတားပျက်စီးမှုအ တွက် လမ်းပန်းဆက်သွယ်ရေးမပြတ်တောက် အောင် အထူးဦးစားပေးပြင်ဆင်နေပါတယ်'' ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးတင့်က ပြောသည်။

ပြုပြင်ရန်ကျန်ရှိနေသည့် တံ တားလေးစင်းကိုလည်း ဆက်လက်ဆောင် ရွက်လျက်ရှိရာ ပြီးစီးတော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်ရှိနေသည့် တံတားများမှာ တကောင်း-ကသာလမ်းရှိ မြတောင်တံတား၊ အင်းတော်-နန်စီအောင်ကြားရှိ အင်းတော် တံတား၊ သီပေါ-နမ့်ပေါက်တံတား၊ ငဖဲ-စေ တုတ္တရာလမ်းပိုင်းရှိ မန်းချောင်းတံတား များဖြစ်ပြီး ရေကြီးမှုကြောင့် ပြိုပျက်သွားသည့် တံတားများအား ပြန်လည်တည်ဆောက် ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများကိုယ် တိုင် ကွင်းဆင်းစိစစ်၍ ကြပ်မတ်လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ပြော ကြားချက်အရ သိရသည်။

လက်ရှိရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းနှင့်တံတားများ၏ ဆုံး ရှုံးမှုတန်ဖိုးနှင့် ပြန်လည်တည်ဆောက်ရေး ကိစ္စရပ်များအား ရေကျသည့်အခါမှသာ သေ ချာစိစစ်၍ ဆုံးရှုံးမှုတန်ဖိုးများနှင့် ပြန်လည် ပြုပြင်စရိတ် ကုန်ကျငွေ မှန်းခြေစာရင်းအား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတို့ တွင် ရေကြီးရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ ပြီး ဒေသခံထောင်ပေါင်းများစွာ ရေဘေး ဒဏ်ခံနေကြရခြင်းဖြစ်သည်။ 

ကိုကိုလွင်(မြစ်မခ)




ထားဝယ်-ကန်ချနဘူရီလမ်း ရွေးကောက်ပွဲပြီးမှ ဖောက်နိုင်မည်


ထိုင်းနိုင်ငံ ကန်ချနဘူရီနဲ့ မြန်မာ ထားဝယ်ရေနက်ဆိပ်ကမ်းကို ဆက်သွယ်မယ့်လမ်း ဖောက်လုပ်ဖို့ အဆိုပြုထားတာကို နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးမှ ဖောက်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ ၁၃၄ ကီလိုမီတာရှည်တဲ့ ဒီလမ်းဟာ ၄ ဒသမ ၅ ဘီလီယံဘတ် ကုန်ကျမှာဖြစ်ပြီး အရင်က လေးငါးနာရီ သွားရောက်ရတဲ့ ကန်ချနဘူရီနဲ့ ထားဝယ်ကို ၂ နာရီနဲ့ သွားရောက်နိုင်မယ်လို့ အိမ်နီးချင်းနိုင်ငံများနဲ့ စီးပွားရေးဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း (နီဒါ) ဥက္ကဋ္ဌ နယူဝင်းဆင်ဆီရီက ပြောပါတယ်။ အခုချိန်မှာ ဒီလမ်းဟာ နွေရာသီပဲ အသုံးပြုနိုင်ပေမယ့် တည်ဆောက်ပြီးရင်တော့ နောင်မှာ ရာသီမရွေး အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

စီမံကိန်းကို ထိုင်းဘဏ္ဍာရေး ၀န်ကြီးဌာနက အတည်ပြုထားပြီး ဖြစ်သလို နီဒါနဲ့ ၀န်ကြီးဌာနက ငွေကြေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရက လမ်းအတွက် ငွေကြေးထုတ်ပေးရမှာဖြစ်ပြီး အဲဒီအတွက် အစိုးရက သဘောတူညီလိုက်ရင် လမ်းအသုံးပြုသူတွေက လမ်းအသုံးပြုခကို ပေးရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ပြီး နီဒါက ၁၄ ဒသမ ၄ ဘီလီယံဘတ် အသုံးပြုပြီး သုတေသန စီမံကိန်း ၆၀ လုပ်ဆောင်ထားပါတယ်။



မချမ်းဘော မြို့နယ်ရှိ မချမ်းဘော တံတား တည်ဆောက်မှု ၄၂ ရာခိုင်နှုန်း ပြီးစီး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တံတားဦးစီးဌာန တံတား အထူးအဖွဲ့(၁)မှ တာဝန်ယူ တည်ဆောက်လျက် ရှိသည့် မချမ်းဘော တံတားမှာ ယနေ့အထိ ၄၂ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတားကို ဦးစီးအရာရှိ ဒေါ်တင်မိုးခိုင်က တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၆၈၇ ဒသမ ၁ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂ဝဝဝ စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၂၆၈၇ ဒသမ ၁ သန်းဖြင့် အောက်ခြေ အာရ်စီ အမျိုးအစား တံတား ချဉ်းကပ် တစ်ဖက်စီတွင် အရှည်ပေ ၁၂ဝ၊ အကျယ် ၂၄ ပေစီ သံကူကွန်ကရစ်လမ်းအဖြစ် လည်းကောင်း၊ ရေလယ် ဆက်သွယ်ရန် အရှည်ပေ ၆ဝဝ ကို သံမဏိ ကြိုးဆိုင်းတံတား အဖြစ် လည်းကောင်း အခင်းကို Steel Decking အမျိုးအစား ခင်းကျင်းမည် ဖြစ်ကြောင်း တံတား အထူးအဖွဲ့(၁)မှ တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိသည်။






အမြန်လမ်း မလိုလား အပ်သော အန္တရာယ် များ ဖြစ်ပေါ်စေမှုများ


ရန်ကုန်-မန္တလေး အမြန်လမ်းတွင် နွားလှည်း၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် တိရစ္ဆာန် ထိန်းကျောင်းမှုများကို ကန့် သတ်ထားသော်လည်း တက်ရောက်မောင်းနှင်မှုများ၊ လွှတ်ကျောင်းမှုများ ရှိနေဆဲ ဖြစ်သည့် အတွက် ယာဉ် အန္တရာယ် ဖြစ်ပွားနိုင်ပါသည်။ မိုးရာသီတွင် လမ်းမကြီး၏ အချို့နေရာ များတွင် မိုးရွာချိန်၌ ရေတင်ကျန်မှုများ ရှိနေသဖြင့် အရှိန်ဖြင့် မောင်း နှင် လာသော ယာဉ်များ ကို (SLIP) အန္တရာယ်ဖြစ်စေနိုင်ပြီး ယာဉ် တိမ်းမှောက်နိုင်၍ တိရစ္ဆာန်များ လွှတ်ကျောင်းမှု၊ မော်တော်ဆိုင်ကယ် များ မောင်းနှင်မှုတို့ကြောင့် အရှိန်ဖြင့် မောင်းနှင်သော ယာဉ်များ မှာ ရှောင်တိမ်းမှောင်းနှင်ရသဖြင့် မလိုလား အပ်သော အန္တရာယ် များ ဖြစ်ပေါ်လာနိုင်ကြောင်း အသိပေး ဓာတ်ပုံ မှတ်တမ်းပြုအပ် ပါသည်။



မန္တလေးတောင်တက်လမ်းများချဲ့မည်

မန္တလေးတောင် တောင်တက်လမ်းများကို လမ်း အကျယ်ငါးပေမှ ဆယ်ပေအထိ ထပ်မံချဲ့ထွင် ပြုပြင်မည်ဟု မန္တလေးတောင်တော် ဂေါပကအ ဖွဲ့ထံမှ သတင်းရရှိသည်။ မန္တလေးတောင်တက်လမ်း တွင် အကွေ့ခုနစ်ကွေ့နှင့်တောင် ဆင်းလမ်း၌ လေးကွေ့ရှိပြီးအချို့ နေရာများတွင် ကျဉ်းမြောင်းနေ၍ လမ်းအကျယ်ကိုငါးပေမှ ဆယ် ပေအထိချဲ့ထွင်မည်ဖြစ်ကြောင်း မန္တလေးတောင်တော် ဂေါပက အဖွဲ့မှ တာဝန်ရှိသူများက ပြော သည်။ ‘‘တချို့နေရာတွေမှာ လမ်း ကအရမ်းကျဉ်းတယ်။ ပြည်တွင်း၊ ပြည်ပဧည့်သည်တွေ တောင်ပေါ် တက်လာတဲ့အခါ အန္တရာယ်မရှိ အောင်လို့ပါ။ စည်ပင်သာယာကို တော့ တင်ပြထားတယ်။ အလှူ ငွေကောက်ခံပြီး ပြုပြင်သွားမယ်’’ ဟု မန္တလေးတောင်တော် ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြော သည်။

တောင်တက်တောင်ဆင်း လမ်းမှာ ပေပေါင်း ၁၄,၀၀၀ ကျော် ရှည်လျားပြီး လမ်းထပ်ပိုး ပြန်ခင်းကာ ညီညာအောင် ချဲ့ ထွင်မည်ဖြစ်ကြောင်း၊ အကွေ့ များတွင် တောင်ကမ်းပါးယံကို အနည်းငယ်ဖြိုချကာ ဖောက်လုပ် ရမည်ဖြစ်ပြီး တောင်ဧရိယာမ ပျက်အောင် ဆောင်ရွက်မည်ဖြစ် ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိ သူများကပြောသည်။

မန္တလေး တောင်တက်လမ်း များ ပြုပြင်ရန် တိုင်းထွာမှုများ ပြုလုပ်ထားပြီး မည်သည့်ကာလ တွင် စတင်ပြုပြင်နိုင်မည်ကို မ ပြောနိုင်သေးကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မ တီလမ်းတံတားဌာနမှူး ဦးမျိုး အောင်က ပြောသည်။

ယခုအချိန်သည် ကျောင်း ဖွင့်ရာသီဖြစ်၍ မန္တလေးတောင် ပေါ်သို့ လာရောက်လည်ပတ်သူ နည်းပါးနေပြီး သြဂုတ်လအတွင်း တောင်ပြုံးပွဲတော်ရှိသည့်အတွက် ဧည့်သည်အ၀င်များလာနိုင် ကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

မန္တလေးတောင်ပေါ်သို့ နေ့ စဉ် ပြည်ပဧည့်သည့် ၃,၀၀၀ ခန့်နှင့် ပြည်တွင်းဧည့်သည် ထောင်ချီလာရောက်လည်ပတ် လေ့ရှိသည်။ တောင်ပေါ်သို့ ကား နှင့် ဆိုင်ကယ်များဖြင့် တက် ရောက်နိုင်ပြီး နှစ်တန်အထက် ယာဉ်များ တက်ရောက်ခွင့်မပြု ပေ။ နိုင်ငံခြားသားအများစုသည် ညနေ ၄ နာရီခန့်မှ စတင်ကာနေ၀င်ချိန်ကြည့်ရန် လာရောက် လေ့ရှိသည်။ မန္တလေးတောင် ပေါ်တွင် ဗျာဒိတ်ပေးဗုဒ္ဓရုပ်ပွား တော်ကြီးအပါအ၀င် ဘာသာရေးအရ အထွတ်အမြတ်ထားသည့် သမိုင်းဝင်နေရာများစွာရှိသည်။ မန္တလေးတောင်တော်ပေါ် သို့ ပြည်တွင်းဧည့်သည်များမှာ ဘာသာရေးအရ တက်ရောက် ခြင်းများအပြင် ကျန်းမာရေးအရ တက်ရောက်သူလည်း များစွာရှိ သည်။


ချင်းတွင်းရေကြောင်း ကောင်းမွန်လာသည့်အတွက် ကလေး၊ ချင်းတောင် ကုန်စည် အများစု ရေကြောင်းမှတင်ပို့လာ

ပြီးခဲ့သည့် ဇွန် လဆန်းမှစတင်၍ ချင်းတွင်းမြစ် ရေတိုး လာခဲ့သဖြင့် ရေလမ်းကြောင်း ကောင်းမွန်နေ ပြီဖြစ်ခြင်းကြောင့် ကလေး၊ ချင်းတောင်ကုန်စည်အများ စုမှာ ကုန်တန်ဆာခ ဈေးချို သည့်ရေ ကြောင်း လမ်း မှ ပြောင်း လဲတင် ပို့မှု ပြုလုပ်လာကြကြောင်း သိရသည်။ ကလေး၊ ချင်းတောင်နှင့် မုံရွာ၊ မန္တလေး ကုန်စည်ပို့ဆောင်မှုတွင် ရှေး ယခင်မှ အစပြု၍ ရေကြောင်းခရီးကို အသုံးပြုခဲ့ကြသော် လည်း လွန် ခဲ့သော နှစ် အနည်းငယ်မှ စတင်၍ ချင်းတွင်း မြစ်သည် နွေရာ သီနှင့်ဆောင်း ရာသီ ကာလများ တွင် မြစ်ရေ အလွန် နည်း ပါးလာ သည့်အတွက် ကားလမ်းမှ ကုန် စည်များ ပို့ဆောင်နေကြရခြင်းဖြစ် သည်။

''ရေကြောင်းကုန်ပို့ရတာ က ကုန် ပွ၊ ကုန်ကျစ်မရွေးဘူး၊ ကုန်းလမ်းက ကုန်ပို့ရတာက ကုန်ကျစ်ဆိုရင် ကား သမားတွေက လက်ခံချင်ကြတယ်၊ ကုန်ပွတွေကျတော့ သိပ်လက်မခံချင် ဘူး၊ ကားနဲ့ပို့ရတဲ့ ကုန်စည်အများစု ကတော့ စားကုန်သောက်ကုန်နဲ့ အ မြန်ရောက်၊ အမြန်ရောင်းရတဲ့ ကုန်စည် တွေဖြစ်တယ်၊ အခုလို မိုးတွင်းကာလ မှာ ကွမ်းခြင်း၊ ခရမ်းချဉ်၊ ပန်းဆိုတဲ့ ကုန်မျိုးတွေ ဆိုတော့ အကြောင်းအ မျိုးမျိုးကြောင့် လမ်းမှာ ညအိပ်လိုက် ရရင် ရှုံးပြီပေါ့၊ ဘိလပ်မြေ၊ သံ၊ အိမ် ဆောက် ပစ္စည်းတွေ ကျတော့ ဒီဘက်မှာ လဲ မိုးတွင်းရာသီ အရောင်းသွက်ကုန် စည်မဟုတ်ဘူး ဆိုတော့ ရေလမ်းက ပို့ကြတယ်။ ငါးပိသေတ္တာ၊ သကြား အိတ်၊ ဆားအိတ် အားလုံး အခုရာသီ မှာ ရေလမ်းကပို့နေကြတယ်'' ဟု က လေးမြို့ ဒေသခံ ကုန်သည် ဦးရှား မာ က ပြောသည်။

ယခု ဇူလိုင်လဆန်းမှအစပြု ၍ ချင်းတွင်းမြစ်အတွင်း ကုန်တန် ချိန် သောင်း ချီတင်နိုင်သော စီဘီတွဲ ကြီးများ၊ ကုန်တင် သင်္ဘော ၊ မော်တော် ကြီးများမှာ စတင်ပြေး ဆွဲနေပြီဖြစ် သည်။

ယခုရက်ပိုင်းချင်းတွင်း ရေ ကြောင်း ခရီးမှ မုံရွာ-ကလေးဝ ကုန် စည် ပို့ဆောင် ခမှာ ကုန်တစ်ပိဿာ ၂၃ ကျပ်ပေးရပြီး၊ ကလေးဝ-ကလေး မြို့ ကုန်တန် ဆာခတစ်ပိဿာ ၁၅ ကျပ် ပေးရသည်။

မန္တလေး-ကလေး တိုက်ရိုက် ကားလမ်းမှ ကုန်တင်ပို့ပါက ကုန်တစ် ပိဿာကျပ် ၆၀ ပေးရပြီး မုံရွာ-ကလေး ကားတန်ဆာခမှာ ကုန် တစ်ပိဿာ ၅၅ ကျပ်မှ ကျပ် ၆၀ ဝန်းကျင်ပေးရကြောင်း သိရသည်။


ရန်ကုန်မြို့ပတ်ရထားကိစ္စအပါအဝင် မြန်မာ့ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယန်းဘီလီယံ ၁ဝဝ ထုတ်ချေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ်ကတိပြု

ရန်ကုန်မြို့ပတ်ရထား ဖွံ့ဖြိုးရေးအပါအဝင် မြန်မာ့ဖွံ့ဖြိုးရေးလုပ် ငန်းများအတွက် ဂျပန်ယန်းဘီလီယံ ၁ဝဝ ကို ထုတ်ချေး သုံးစွဲသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတ ဦးသိန်းစိန်အား ကတိပြုပြောဆိုလိုက်ကြောင်း သိရသည်။

 ဂျပန်-မြန်မာထိပ်သီးအစည်း အဝေးအပေါ် နှစ်ဖက်ခေါင်းဆောင်များပူး တွဲသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၄ရက် က တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ၌ပြု လုပ်ရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဂျပန်ဝန်ကြီးချုပ်က ကတိပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကောင်း မွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ယာဉ်ကြောပိတ် ဆို့မှုပြဿနာဖြေရှင်းရေးနှင့် ရန်ကုန်မြို့ပတ် ရထား စသောဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယန်းဘီလီယံ ၁ဝဝကို ဂျပန်နိုင်ငံက ထုတ် ချေးသွားမည်ဟု သိရသည်။

ထို့ပြင် မြန်မာ့ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုစီးပွားရေးပြုပြင် ပြောင်းလဲမှုများကို အားပေးကူညီသွားမည် ဖြစ်သလို လာမည့်ရွေးကောက်ပွဲအတွက် လည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲဖြစ်မြောက်ရေးအတွက် အကူအ ညီပေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ်ကပြော ဆိုခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံတော်သမ္မတက ''လူမှုဘဝဖွံ့ဖြိုး တိုးတက်ဖို့မှာ ဒီမိုကရေစီထွန်းကားစ မြန် မာနိုင်ငံအတွက် လိုအပ်ချက်တွေအများကြီး ရှိနေပါတယ်။ အရင်းအနှီးနည်းပညာနဲ့ လူ့ စွမ်းအားအရင်းအမြစ်တွေဟာ အရေးတ ကြီးလိုအပ်ချက်ဖြစ်နေပါတယ်။ ရင်းနှီးမြှုပ် နှံမှုအပိုင်းမှာ သီလဝါစက်မှုဇုန်မှာ ရင်းနှီး မြှုပ်နှံမှုတွေကို ဂျပန်ကတက် တက်ကြွကြွ ဆောင်ရွက်နေပြီး မကြာခင်မှာ လုပ်ငန်း တချို့ကိုစတင်နိုင်တော့မှာဖြစ်ပါတယ်''ဟု ပြောဆိုသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် တည်ငြိမ်အေးချမ်းရေး နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးသည်အရေး ကြီးကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့ ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂျပန် နိုင်ငံ၏ဆောင်ရွက်ချက်များကိုလည်း မြန် မာနိုင်ငံအနေဖြင့် ထောက်ခံအားပေးကြောင်း ပြောဆိုခဲ့သည်။ 

လွင်ပြင်





ယခုနှစ် ခရီးသွားရာသီ အတွက် ဧရာဝတီ မြစ်တွင်းသွား ခရီးသည်တင် သင်္ဘောများ စတင် ပြေးဆွဲ


မြန်မာနိုင်ငံ၏ ခရီးသွားရာသီ အစဖြစ်သည့် အောက်တိုဘာလတွင် နိုင်ငံခြားခရီးသွား ဧည့်သည်များ အတွက် ဧရာဝတီမြစ်တွင်းသွား သင်္ဘောခရီးစဉ်များ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း သင်္ဘောခရီးစဉ်များကို ဆောင်ရွက် ပေးနေသည့် ကုမ္ပဏီများထံမှ သိရသည်။ ဧရာဝတီမြစ်ကြောင်းမှ တစ်ဆင့် ပုဂံ-မန္တလေး၊ ရန်ကုန်-ပြည်-မန္တလေး၊ ပြည်-ပုဂံ-မန္တလေး၊ ပုဂံ-မန္တလေး- ဗန်းမော်ခရီးစဉ် တို့ကို တစ်ညအိပ်မှစ၍ ရက်ရှည် ခရီးစဉ်များအထိ ပြန်လည်ပြေးဆွဲနေပြီး ၎င်းခရီးစဉ်များကို အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ခရီးသွား အများစုမှာ စိတ်ဝင်စားမှု များပြားကြောင်း သိရသည်။ ''ပုဂံ-မန္တလေး ခရီးစဉ်ကို ပိုပြီး သဘောကျကြတယ်။
ပုံသေခရီးစဉ် ရှိသလို Charter တွေလည်း ရှိတယ်။ အခုကစပြီး ဆွဲနေကြတယ်။ ကျွန်တော်တို့က လေးစင်း ထွက်ထားတယ်။ နောက်တစ်စင်းကိုတော့ ဒီ လလယ်လောက်မှ ထွက်ဖြစ်မယ်'' ဟု Ayarvata ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ အဖွဲ့ဝင် ဦးအောင်မြတ်ကျော်က ပြောသည်။ အောက်တိုဘာလမှ စတင်၍ မတ်လအထိ မြစ်ကြောင်းသွား သင်္ဘောများ ထွက်ရှိပြီး သင်္ဘောများ၏ ကြံ့ခိုင်မှုများအတွက် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ နှစ်စဉ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။ ယင်း ခရီးစဉ်များမှာ နိုင်ငံခြား ခရီးသွား ဧည့်သည်များ မြစ်ကြောင်းအတွင်း သဘာဝ အလှများနှင့် ကမ်းကပ်သည့် မြို့များကို လည်ပတ်နိုင်ရန် စီစဉ်ပေးထားပြီး ၁ ရက်၊ ၂ရက်၊ ၄ ရက်၊ ၇ ရက်၊ ၁ဝ ရက် ခရီးစဉ်များရှိကာ ဈေးကွက် အတွင်း ကုမ္ပဏီ ခုနစ်ခုမှ သင်္ဘောအစင်းရေ ၂ဝ ခန့်ဖြင့် ခရီးစဉ်များ ရောင်းချပေးလျက် ရှိသည်။

မော်တော်ဆိုင်ကယ်နှင့် အန္တရာယ်

မော်တော်ဆိုင်ကယ်သည် မြန်မာနိုင်ငံတွင် ရန်ကုန်မြို့မှလွဲ၍ မြန်မာ နိုင်ငံအနှံ့အပြားတွင် အသုံးဝင်လျက်ရှိသော စီးတော်ယာဉ်ပင်ဖြစ်သည်။ ရည်ရွယ်ချက်အမျိုးမျိုး အကြောင်းအမျိုးမျိုးနှင့် သွားလာမှုများတွင် မော်တော်ဆိုင်ကယ်ပါဝင်မှုမှာ မြင့်မားလျက်ရှိပြီး မြန်မာနိုင်ငံ၏ တရားဝင်မှတ်ပုံတင်ထားသော ယာဉ်အစီးရေ၏ သုံးပုံနှစ်ပုံခန့်မှာလည်း မော်တော်ဆိုင်ကယ်များ ပင်ဖြစ်သည်။ ယာဉ်စီးရေများပြားပြီး ယာဉ်ကြောရှုပ်ထွေးလှသော ရန်ကုန်မြို့တွင် ၂ဝဝ၃ ခုနှစ်မှစတင်ကာ ဌာနဆိုင်ရာ မော်တော်ဆိုင်ကယ်များမှလွဲ၍ မော်တော်ဆိုင်ကယ်များစီးနင်းခြင်းကို တားဆီးပိတ်ပင်ခဲ့ပြီး ၂ဝဝ၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ လျှပ်စစ်ဌာနမှ မော်တော်ဆိုင်ကယ်များမှလွဲ၍ အခြား သော ဌာနဆိုင်ရာများရှိ မော်တော်ဆိုင်ကယ်များ အသုံးပြုခွင့်ကိုလည်း ထပ်မံပိတ်ပင်တားဆီးခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ပြင်ပမြို့နယ်များတွင်မူ စီးနင်းမှုကို ခွင့်ပြုထားသည်။ ယင်းသို့သော ကန့်သတ် မှုများကြောင့် ရန်ကုန်မြို့တွင် မော်တော်ဆိုင်ကယ်အသုံးပြုမှု လျော့နည်းသွား သော်လည်း စည်းကမ်းမဲ့စွာ စီးနင်းနေမှု၊ အချို့သော ဌာနဆိုင်ရာများကလည်း လိုက်နာမှုမရှိဘဲ ဆက်လက်စီးနင်းနေမှု၊ ဆိုင်ကယ်ဦးထုပ်အသုံးမပြုဘဲ စီးနင်းနေမှုများကို တွေ့မြင်နေရသည်ဟု သိရသည်။

မော်တော်ယာဉ် အသုံးပြုမှုများပြားသော ရန်ကုန်မြို့တွင်သာ မော်တော်ယာဉ်အားထားအသုံးပြုမှု များပြားပြီး ရန်ကုန်ဧရိယာပြင်ပနှင့် အခြားသော မြို့ရွာဒေသအသီးသီးတွင်မူ မော်တော်ဆိုင်ကယ်ကိုသာလျှင် အားထားအသုံးပြုနေရသည်။ မော်တော်ဆိုင်ကယ် အားထားအသုံးပြုနေရ သည့်နည်းတူ ယင်းကို အန္တရာယ်ကင်း ဘေးရှင်းစွာဖြင့် အသုံးပြုမှုမှာလည်း နည်းပါးပြီး ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ သတ်မှတ်ဦးရေထက် ပိုမို တင်ဆောင်စီးနင်းခြင်း၊ အသက်မပြည့်ဘဲ ဆိုင်ကယ်အသုံးပြုစီးနင်းခြင်း များ ပိုမိုများပြားလာသည်ဟု သိရသည်။

 မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ယာဉ်မတော်တဆမှုများ၏ အများဆုံးဖြစ်စဉ်တွင် မော်တော်ဆိုင်ကယ်များ ကြောင့် အများဆုံးဖြစ်ပေါ်နေပြီး သေဆုံးမှုမှာလည်း အများဆုံးဖြစ်သည်ဟု သိရသည်။ မော်တော်ယာဉ်တစ်စီးကဲ့သို့ လုံခြုံစိတ်ချမှုမရှိသော မော်တော်ဆိုင်ကယ်ကို အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်မှသာ ယာဉ် အန္တရာယ်ကင်းဝေးမည်ဟု ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်နေသူများက ဆိုသည်။

''အချို့ဒေသတွေမှာ ယာဉ်အန္တရာယ် လမ်းအန္တရာယ်နဲ့ပတ်သက်ပြီး ဗဟုသုတ နည်းပါးတယ်။ ကျေးလက်ဒေသတွေကနေ မြို့ပြချဲ့ထွင်မှုကြောင့် ကားလမ်းကြီးတွေဖောက်လာ၊ ကားတွေမောင်း၊ ဆိုင်ကယ်တွေမောင်းနဲ့ ဒါနဲ့ပတ်သက်တဲ့ ဗဟုသုတအမြင်တွေ၊ အန္တရာယ်တွေကိုတော့ သတိမမူမိကြ ဘူး။ ဆိုင်ကယ်စီးဦးထုပ်မဆောင်းကြဘူး။ လူကြီးက ဦးထုပ်ဆောင်းထားပြန် တော့လည်း ဆိုင်ကယ်ပေါ်ပါတဲ့ ကလေးကို ဆောင်းမပေးထားဘူး။ တစ်ခါက လည်း နေမကောင်းလို့ ဆေးရုံသွားပြတာ ဆိုင်ကယ်နောက်ကနေ စောင်ကိုခြုံ ပြီးလိုက်သွားတာ ဘီးထဲကို စောင်ညပ်ပြီး ဆိုင်ကယ်မှောက်သေဆုံးသွားတဲ့ ဖြစ်စဉ်လည်းရှိတယ်''ဟု နေပြည်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဝင်ဟောင်း တစ်ဦးက ပြောသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မြို့ပြများတွင် လမ်းပန်းဆက်သွယ်ရေးလုံခြုံ ချောမွေ့စေမှုနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ကူညီထောက်ပံ့မှုများ ပြုလုပ်လေ့ရှိပြီး ဒေသတွင်း ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် ဆိုင်ကယ်ဦးထုပ်ထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့မှုများရှိသည်ဟု သိရသည်။ ဆိုင်ကယ်အသုံးပြုမှုများပြားသော မြန်မာနိုင်ငံတွင်လည်း လုံခြုံစိတ်ချစွာ အသုံးပြုနိုင်သော မော်တော်ဆိုင်ကယ် ဦးထုပ်များ ထောက်ပံ့ပေးရန် လိုအပ်သည်ဟု ယာဉ်စည်းကမ်းထိန်းသိမ်းနေသူ များက ဆိုသည်။ နိုင်ငံတကာမှ ဖြစ်စေ၊ အစိုးရမှဖြစ်စေ ကူညီထောက်ပံ့ ရန်လိုအပ်ပြီး လှုပ်ရှားမှုများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်သင့်သည် ဟုဆိုကြသည်။ အမှန်တကယ်အကာအကွယ်ဖြစ်သော ဆိုင်ကယ်စီးဦးထုပ်များ အပြင် မြန်မာနိုင်ငံတွင် အသုံးပြုနေသော မော်တော်ဆိုင်ကယ်များ၏ အရည်အသွေးသည်လည်း အရေးကြီးသည်ဟု ဆိုသည်။ အိမ်နီးချင်းနိုင်ငံများ က မြန်မာနိုင်ငံအတွက် ထုတ်လုပ်သော ဆိုင်ကယ်များကိုသာ အားထား အသုံးပြုနေရသည်ဟု သိရသည်။

နိစ္စဓူဝ အကြောင်းအမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးနှင့် သွားလာနေရမှု များတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကို အမှုမဲ့ အမှတ်မဲ့ သဘောထား၍မရဘဲ နိုင်ငံတော်အစိုးရ၊ ဒေသဆိုင်ရာအာဏာပိုင်အစိုးရ၊ လူသိများ ထင်ရှားသော ခေါင်းဆောင်များ၊ အနုပညာရှင်များ၏ ပါဝင်ကူညီမှု များနှင့်အတူ အသိပညာပေးဖြန့်ဝေမှုများ၊ ထောက်ပံ့ကူညီမှုများ စဉ်ဆက် မပြတ် လုပ်ဆောင်သွားရမည်ဟု ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်လမ်း အန္တရာယ်ကင်းရှင်းရေး စီမံချက်များတွင်လည်း ထည့်သွင်းအသိပေးထားသည်။

 မကြာခင်က မြန်မာနိုင်ငံသို့ အလည်လာရောက်ခဲ့သော ကမ္ဘာကျော်မင်းသမီး မီရှယ်ယိုသည် သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသော ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဇာတ်လမ်းကို ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ်သို့ သွားရောက်စဉ် အသိပညာ ဖြန့်ဝေပြသပေးခဲ့ပြီး မော်တော် ဆိုင်ကယ်စီးဦးထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်များ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်မှာ အတုယူစရာ ကိစ္စတစ်ခုပင်ဖြစ်သည်။

(ဆုနှင်းလဲ့)



ရန်ကုန်မြို့သစ်စီမံကိန်း ၂၀၁၆ တွင်စမည်ဖြစ်ပြီး မြို့ပတ်လမ်းတစ်ခု ဖောက်လုပ်မည်

မဟာရန်ကုန်မြို့ပြစီမံကိန်း ဖော်ဆောင်မည်ဖြစ်သည့်အတွက် ၂၀၁၆ ခုနှစ်အတွင်းမှစတင်၍ မြို့သစ်ခုနစ်ခုကို စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းမြို့သစ်ခုနစ်ခုကိုပတ်၍ မြို့ပတ်လမ်းတစ်ခုကိုလည်း ဖောက်လုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရန်ကုန်မြို့တော် ဖွံဖြိုးတိုးတက်ရေးဌာနထံမှ သိရသည်။ သန်လျင်မြို့နယ်၊ ဒလမြို့နယ်၊ လှိုင်သာယာမြို့နယ်(ထိန်ပင်)၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်အရှေ့မြောက်နှင့် အနောက်တောင်တို့တွင် ပထမငါးနှစ်စီမံကိန်း အကောင်အထည်ဖော်မည်ဖြစ်ပြီး ဒုတိယငါးနှစ်စီမံကိန်းအတွင်း ယင်းမြို့သစ်ခုနစ်ခုကိုပတ်၍ မြို့ပတ်လမ်းဖောက်လုပ်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“City Area နဲ့ ၁၀၊ ၁၅ မီတာအကွာလောက်မှာ ပတ်လမ်းကြီးတစ်ခုတည်ဆောက်ပါမယ်။ အဲဒီပတ်လမ်းကိုတော့ မြို့ပြဖွံဖြိုးရေးပတ်လမ်း(သို့မဟုတ်) စီးပွားဖွံဖြိုးရေးပတ်လမ်းလို့ခေါ်ပါတယ်။ ဒီပတ်လမ်းတစ်လျှောက်မှာဆိုရင်တော့ အဓိကအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုတိုးလုပ်ရမယ့်နေရာဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော် ဖွံဖြိုးတိုးတက်ရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တော် ဖွံဖြိုးတိုးတက်ရေးဌာနက မဟာရန်ကုန် နှစ် ၄၀ စီမံကိန်းကို ယခုနှစ်စပိုင်းက ထုတ်ပြန်ကြေညာခဲ့ပြီး ပထမဦးစားပေး မြို့သစ်တည်ဆောက်ရာတွင် သန်လျင်မြို့နယ်၊ ဒလမြို့နယ်၊ လှိုင်သာယာမြို့နယ်(ထိန်ပင်) ၊ မှော်ဘီမြို့ နယ်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်အရှေ့မြောက်နှင့် အနောက်တောင်များမြို့နယ်တို့ပါဝင်သော်လည်း ပြီးခဲ့သည့်နှစ်အတွင်းက ဧကသုံးသောင်းအကျယ်ရှိ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြားရှိ မြို့သစ်စီမံကိန်းနေရာကို ပထမဆုံးအကောင်အထည်ဖော်နိုင်ရန် တင်ဒါခေါ်ယူမှုများကို ပြုလုပ်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် ယင်းစီမံကိန်းအတွက် တင်ဒါဖွင့်ဖောက်ခြင်းများကိုပင် ပြီးခဲ့သည့်လအတွင်းက လုပ်ဆောင်ပြီးဖြစ်ပြီး ကုမ္ပဏီ ၁၇ ခုက တင်ဒါလျှောက်ထားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော် ဖွံဖြိုးတိုးတက်ရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောက်ရွက်ရေးအေဂျင်စီ (JICA)နှင့် ပူးပေါင်း၍ ၂၀၁၂ ခုနှစ် ဩဂုတ်လမှစတင်ပြီး မြို့ပြဖွံဖြိုးရေး၊ ရေပေးဝေရေး၊ ပို့ဆောင်ရေး၊ ဓာတ်အားဖြန့်ဖြူးရေးနှင့် သီလဝါစက်မှုဇုန်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ယင်းကော်မတီထံမှ သိရသည်။



ထားဝယ်မှ ထိုင်းနိုင်ငံသို့ ဆက်သွယ်ပေးမည့် လမ်းပိုင်း ၂၀၁၆ခုနှစ်တွင် စတင်မည်

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း၏ ပထမအဆင့် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ ထားဝယ်မှ ထိုင်းနိုင်ငံ ကန်ချာနာဘူရီပြည်နယ်သို့ ဆက်သွယ်မည့် လမ်းပိုင်းကို လာမည့် ၂၀၁၆ခုနှစ်တွင် စတင်မည်ဟု Lloyd's Loading List.com သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၁၃၈ ကီလိုမီတာ ရှည်လျားသည့် အဆိုပါလမ်းပိုင်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံတို့နှင့်လည်း ချိတ်ဆက်ပေးနိုင် မည် ဖြစ်သည်။ ထားဝယ်ရေနက် ဆိပ်ကမ်းသည် နောက်ပိုင်းတွင် တစ်နှစ်လျှင် ကုန်စည် တန်ချိန် သန်းပေါင်း ၂၅ဝ အထိ တိုးချဲ့နိုင် လိမ့်မည်ဟု လည်း မြန်မာ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့က မျှော်လင့်ထားသည်။

ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ထားဝယ်အထူး စီးပွားရေးဇုန်စီမံ ကိန်းနှင့်စပ်လျဉ်း၍ သဘောတူ စာချုပ်တစ်ရပ်ကို ဇူလိုင် ၅ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံသည် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၅ဝ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ သဘောတူ စာချုပ်တစ်ရပ် လက်မှတ် ရေးထိုးခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ထားဝယ်အထူး စီးပွားရေးဇုန်သည် ကမ္ဘာ့ ကုန်စည်ဖြန့်ဖြူးရေး ဗဟိုဌာနသစ်တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်။

ထားဝယ်အထူး စီးပွားရေးဇုန်မှ တစ်ဆင့် အိန္ဒိယ၊ အရှေ့အလယ်ပိုင်း စသည့်ဒေသများသို့လည်း ကုန်စည်များ ပို့ဆောင်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။



စီးတီး ဘတ်စ်နှင့် မီနီဘတ်စ် ယာဉ်များ တိုးလာ၍ ခရီးသည် သယ်ယူ ပို့ဆောင်မှုနှုန်း မြင့်တက်လာ

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် ယာဉ်လိုင်းများတွင် စီးတီးဘတ်စ်ယာဉ် အစီးရေနှင့် မီနီဘတ်စ်ယာဉ် အစီးရေများ တိုးလာ၍ နေ့စဉ်ခရီးသွား ပြည်သူများကို သယ်ယူပို့ဆောင်ပေးနိုင်သည့် ပမာဏမှာ ယခင်ကထက် ပိုမိုမြင့်တက်လာကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ယခင်က တစ်နေ့လျှင် ခရီးသည် နှစ်သန်းနှင့် ၂ ဒသမ ၂ သန်း ကြားတွင်သာ နေ့စဉ် ခရီးသည်တင်ယာဉ် များဖြင့် မြို့တွင်းခရီးသွား ပြည်သူများကို သယ်ယူပို့ဆောင်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ယခုအခါ နေ့စဉ် ခရီးသွားပြည်သူ ၂ ဒသမ ၆ သန်းအထိ သယ်ယူပို့ဆောင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း၊ အပြင်ပြေးဆွဲနေသည့် ခရီး သည်တင် ယာဉ်လိုင်း ၃၄၈ လိုင်းအနက် မှတ်ပုံတင်ထားသည့် ခရီးသည်တင် ယာဉ်အစီးရေမှာ ၆၉၇ဝ စီးရှိရာမှ ယခုအခါ ၆၉၈၁ စီးအထိ တိုးမြင့် လာပြီး နေ့စဉ် ပြေးဆွဲ မောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်များမှာလည်း ပိုမိုများပြားလာသည်။

''စာရင်းရှိယာဉ်အစီးရေက ၆၉၈၁ စီး အထိဖြစ်လာတယ်။ နေ့စဉ်ပြေးဆွဲနေတဲ့ ယာဉ်အစီးရေကတော့ ၄၉ဝဝ ကျော်လောက် ရှိပါတယ်။ အရင်က နေ့စဉ်ပြေးဆွဲတဲ့ယာဉ် အစီးရေတွေကို တိုးပြီး ပြေးဆွဲလာနိုင်ပါတယ်။ ပြီးတော့ ပြေးဆွဲတဲ့ ယာဉ်တွေထဲမှာ စီးတီးဘတ်စ် ယာဉ်ကြီးတွေရဲ့ အစီးရေလည်း တိုးလာတယ်။ မီနီဘတ်စ်ယာဉ်တွေလည်း တိုးလာတယ်။ ဒါကြောင့် ခရီးသည်တွေကိုပိုပြီး တင်ဆောင် ပြေးဆွဲနိုင်တာပါ။ စီးတီးဘတ်စ်ယာဉ်ကြီးတွေက ပိုပြီး ခရီးသည် ဝင်ဆံ့တယ်လေ'' ဟု မ-ထ-သ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

ယခင်က မှတ်ပုံတင်ထားသည့် ခရီးသည်တင်ယာဉ် အစီးရေထက် နေ့စဉ်ပြေးဆွဲသည့် ယာဉ်အစီးရေမှာ နှစ်ထောင်ကျော်အထိ ရှိနေရာမှ ယခုအခါ နေ့စဉ်ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်များကို တိုးမြှင့်ပြေးဆွဲလာနိုင်ခြင်းကြောင့် နေ့စဉ်ပြေးဆွဲသည့် ခရီး သည်တင်ယာဉ် စာရင်းနှင့် မှတ်ပုံတင်စာရင်းရှိ ယာဉ်အစီးရေ ကွာဟမှုမှာလည်း ကျဉ်း မြောင်းလာပြီ ဖြစ်သည်။



အဝေးပြေး ကားလက်မှတ်များကို ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ Go Bus App မှ ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ App မှ လက်မှတ်များကို အလိုအလျောက် စနစ်ဖြင့် ဝယ်ယူနိုင်ပြီး လက်မှတ်များကို ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ယာဉ်၊ သွားမည့်နေရာ၊ အချိန်နှင့် ခုံနေရာတို့ကို မိမိစိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် ဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်ပြီး မိမိ ရွေးချယ်ဝယ်ယူပြီးသား နေရာအား App မှ ဖျောက်ပေးထားသည့် အတွက် မိမိနေရာအား တခြားသူများ ဝယ်ယူသွားမည်ကို စိတ်ပူစရာ မလိုကြောင်း သိရသည်။ ''ဒီ App ကို Android ဖုန်းတွေထဲမှာ Download လုပ်နိုင်ပါတယ်။ လက်မှတ်တွေ ကိုဝယ်ယူတဲ့ အခါမှာ တစ်လ ကြိုတင်ပြီး ဘိုကင်လုပ်နိုင်တဲ့အပြင် အသွား၊ အပြန် လက်မှတ်တွေကို တစ်ခါတည်း ဘိုကင် လုပ်ထားနိုင်ပါတယ်''ဟု Go Bus App မှ တာဝန်ရှိသူကို ဇေယျာဝေဖြိုးက ပြောသည်။ လက်ရှိတွင် အသွားအပြန် လက်မှတ်အတွက် ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော်တို့ကိုသာ ဝယ်ယူ ရရှိနိုင်ပြီး တခြား ကားလက်မှတ်များကို အသွားအပြန် လက်မှတ် ဘိုကင်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လက်မှတ်ဝယ်ယူသူများ အနေဖြင့် ခရီးသည်၏ အမည်ကို တစ်ပါတည်း ပေးနိုင်ပြီး ခရီးစဉ် ၁၄ မြို့အထိ ရရှိနိုင်မည် ဖြစ်သည်။ Mobile Banking အနေဖြင့် ငွေပေးချေရာတွင် CB Bank တစ်ခုဖြင့်သာ ပေးချေနိုင်ပြီး UAB၊ AGD စသည့်ဘဏ်များမှ ထုတ်ပေးထားသော MPU၊ VISA၊ Mastercard တို့ဖြင့်လည်း ပေးချေနိုင်မည် ဖြစ်ကြောင်း သိရသည်။

Category: , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ