ကျန်းမာရေး

hnm | 火曜日, 10月 20, 2015 |




လွဲမှားနေသော စိတ်၏ထွက်ပေါက်များ

စိတ်ဖိစီးလာလို့ရှိရင် မှန်ကန်တဲ့နည်းနဲ့ ထွက်ပေါက်ရှာဖို့ မြတ်စွာဘုရားက လမ်းညွှန်ပေးထားပါတယ်။ အဲဒီလမ်းညွှန်ချက်အတိုင်း လိုက်နာအားထုတ်မယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကွဲမှုဒဏ်တွေကို ခံရမှာ မဟုတ်ပါ။ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် မြတ်ဗုဒ္ဓ ညွှန်ပေးတဲ့လမ်းက ထွက်သွားရုံပါပဲ။ေ အး .. မြတ်စွာဘုရားရဲ့ တရားဓမ္မတွေကို မနာရလို့ ဒီနည်းတွေကို မသိတဲ့ပုဂ္ဂိုလ်တွေ၊ ဘုရား တရားတော်တွေကို မျက်ကွယ်ပြုနေလို့ ဒီနည်းစနစ်ကို မသိတဲ့ပုဂ္ဂိုလ်တွေဟာ စိတ်၏ထွက်ပေါက် ဆိုပြီးတော့ မိမိတို့ တွေးမိရာရာ ကြံစည်မိရာရာ ထွက်ပေါက် အမျိုးမျိုးကို မှားယွင်းစွာ ပြုလုပ်မိတတ်ကြပါတယ်။

 လောကသား လူတွေဖြစ်တဲ့ လူငယ်လူရွယ် အသိုင်းအ၀ိုင်းထဲမှာ ရံခါရံခါ စိတ်ညစ်စရာဆိုတာ တွေ့လာတတ်ပါတယ်။ ရံခါရံခါ စိတ်ထဲမှာ အလိုမကျတာတွေ တွေ့လာတတ်ပါတယ်။ ရံခါရံခါ မထိန်းသိမ်းနိုင်လောက်အောင် ပေါက်ကွဲမှုမျိုး ဖြစ်လာတတ်ပါတယ်။ အဲဒီလို စိတ်အကျဉ်းအကြပ်တွေ များလာလို့ရှိရင် အချို့ပုဂ္ဂိုလ်တွေက စိတ်ဖိစီးမှုတွေကို ထွက်ပေါက်ရှာကြတဲ့အနေနဲ့ 

မူးယစ်ဆေးဝါးတွေ အသုံးပြုကြပါတယ်။
အရက်သေစာတွေသောက်စားကြပါတယ်။ 

အဲဒီနည်းကို ထွက်ပေါက်ဆိုပြီး အသုံးပြုတတ်ကြပါတယ်။ ဆိုလိုတာက ပြဿနာဖြစ်လာတယ်၊ ထိုပြသနာကို မေ့ပစ်ဖို့ ကြိုးစားတဲ့အခါမှာ အာရုံတစ်ခုခုနဲ့ လွှဲဖယ်အစားထိုးပြီး တကယ် စိတ်ဖိစီးနေတာကို ဖယ်ရှားပစ်ဖို့ မကြိုးစားဘဲနဲ့ ခေတ္တခဏမေ့သွားအောင် တခြားနည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာကြပါတယ်။ အဲဒီထွက်ပေါက်က တကယ့်အစစ်အမှန်ထွက်ပေါက် မဟုတ်သည့်အတွက် ပြဿနာထဲမှာပဲ ပြန်လည် ၀ဲလည်လာပါတယ်။ တကယ့်ငြိမ်းချမ်းတဲ့ အပြင်ဘက်ကို ရောက်မသွားဘဲ အတွင်းထဲမှာ တ၀ဲလည်လည်နဲ့ ထွက်ပေါက်ရှာရင်းနဲ့ပဲ ဒုက္ခရောက်သွားကြပါတယ်။ အကျဉ်းအကျပ်တွေက ပိုများလာပါတယ်။ ပြဿနာ တစ်ခုကနေ ပြဿနာနှစ်ခု၊ သုံးခု ဖြစ်လာပါတယ်။

 ပြဿနာအတွက် ထွက်ပေါက်ကို မှန်မှန်ကန်ကန်မရှာနိုင်ဘူး ဆိုလို့ရှိရင် ဒီလိုပဲ ပြဿနာတက်နေကြကြမှာပါ။ ဒါကြောင့်မို့လို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အဲဒီ ဖြေရှင်းနည်းတွေက မှန်ကန်တဲ့ ဖြေရှင်းနည်းတွေ မဟုတ်ပါ၊ ထွက်ပေါက်ဟာလည်း မှန်ကန်တဲ့ထွက်ပေါက် မဟုတ်ပါလို့ သိရှိနားလည် သဘောပေါက်ကြပြီး မိမိတို့မှာ စိတ်၏ထွက်ပေါက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရအောင်ရှာပြီး ထာဝရငြိမ်းတဲ့ မြတ်နိဗ္ဗာန်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။



၂၀၁၅ ခုနှစ် ကမ္ဘာ့လက်ဆေးနေ့အခမ်းအနား ကျင်းပ (အလက-၁ လှိုင်)








နာမကျန်းစဉ် လျော်ကြေးရရှိနိုင်မည့် ကျန်းမာရေးအာမခံ စတင်ခဲ့သည့် နှစ်လအတွင်းမှာပင် အစောင်ရေ ၅၀၀ ရောင်းချထားကြောင်း သိရ
ကျန်းမာရေးအာမခံ ထားရှိသူများအနေဖြင့် နာမကျန်းစဉ် လျော်ကြေးရရှိနိုင်မည့် ကျန်းမာရေးအာမခံကို စတင်ခဲ့သည့် နှစ်လအတွင်းမှာ ကျန်းမာရေးအာမခံ အစောင်ရေ ၅၀၀ အထိ ရောင်းချထားကြောင်း မြန်မာ့အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။ အဆိုပါ အာမခံအမျိုးအစားသည် အာမခံထားရှိစဉ်အတွင်း ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်ပါက ဆေးရုံတက်စရိတ် တစ်ရက် ကျပ် ၁၅၀၀၀ ရရှိနိုင်ကာ ၂၀၁၅ ဇူလိုင် ၁ ရက်မှစ၍ မြန်မာ့အာမခံလုပ်ငန်း အပါအ၀င် ပုဂ္ဂလိကအာမခံများတွင်ပါ ပြည်သူများ တစ်ပြိုင်နက် ထားရှိနိုင်ကြောင်း သိရသည်။


“ကျန်းမာရေးအာမခံက ခုဆို စလုပ်တာ နှစ်လလောက်ပဲ ရှိမယ်။ အာမခံထားရှိသူတွေအနေနဲ့က ဒီရောင်းချတဲ့ ကာလတိုအတွင်းမှာပင် အစောင် ၅၀၀ လောက် ရောင်းရတယ်ဆိုတော့ အခြေအနေကောင်းတယ်လို့ ပြောရမှာပါ။
အခုရောင်းရထားတဲ့ အစောင် ၅၀၀ ကလည်း မြန်မာ့အာမခံ အပါအ၀င် ပုဂ္ဂလိကအာမခံကုမ္ပဏီတွေ အကုန်လုံးရောင်းရတဲ့ စာရင်းပါ” ဟု မြန်မာ့အာခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ကျန်းမာရေးအာမခံ ထားရှိမည့်သူများသည် အသက် ခြောက်နှစ် မှ ၆၅ နှစ်အတွင်း မြန်မာနိုင်ငံအတွင်း နေထိုင်သူများနှင့် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်တာ ၀န်ထမ်းဆောင်နေသော နိုင်ငံခြားသားများပါ ၀ယ်ယူထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးအာမခံ ထားရှိသည့် အသက်အပိုင်းအခြားနှင့် ပတ်သက်၍ “ကျန်းမာရေး အာမခံက သက်ကြီးပိုင်းတွေ အထားများတယ်။ အလုပ်လုပ်နေတဲ့သူတွေလည်း အသက်အရွယ်မရွေး၊ လူတန်းစားမရွေး ထားကြပါတယ်။ ပရီမီယံကြေးကလည်း တစ်နှစ်လုံးစာမှ ငါးသောင်း နေ့အလိုက် ပြန်တွက်ရင် တစ်ရက်မှ ၁၀၀ ကျော်ဆိုတော့ လူတိုင်းထားနိုင်တဲ့ ပမာဏဖြစ်တယ်။ IKBZ အာမခံကုမ္ပဏီအနေနဲ့လည်း တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးကရှိတဲ့ ပြည်သူတွေကို ထားနိုင်အောင် တစ်ပြိုင်နက် ရောင်းချပေးနေပါတယ်”ဟု IKBZ အာမခံကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကျန်းမာရေးအာမခံကို တစ်နှစ်စာအတွက် ပရီမီယံကြေး တစ်ယူနစ်လျှင် ကျပ် ၅၀၀၀၀ ဖြင့် အများဆုံး ငါးယူနစ်အထိ ၀ယ်ယူထားရှိနိုင်သောကြောင့် သေဆုံးသည့်အခါ လျော်ကြေးပေးလျော်ရာတွင် တစ်ယူနစ်လျှင် ကျပ် ၁၀သိန်း အများဆုံးမှ ငါးယူနစ်ဖြစ်သောကြောင့် ကျပ်သိန်း ၅၀ အထိ ပေးလျော်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကျန်းမာရေးအာမခံကို ၀ယ်ယူထားရှိသူများအနေဖြင့် ဆေးရုံတက်ရပါက ဆေးရုံတက်စရိတ် ရက် ၃၀ စာအထိ ပေးမည်ဖြစ်ကာ တစ်ရက်လျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့် ပေးလျော်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ထို့အပြင် ကျန်းမာရေးအာမခံ ၀ယ်ယူထားသူသည် ၀ယ်ယူသည့်နေ့မှ စတင်ကာ တစ်နှစ်အတွင်းသာ အကျုံးဝင်မည်ဖြစ်ပြီး လျော်ကြေးရယူလိုသူများအနေဖြင့်လည်း သုံးလအတွင်း လျော်ကြေးတောင်းခံရမည် ဖြစ်ကြောင်းသိရသည်။

“လျော်ကြေးပေးလျော်တဲ့အခါမှာ အကျုံးမ၀င်ဘူးလို့ သတ်မှတ်ထားတဲ့အချက်တွေက ၁၇ ချက်ရှိတယ်။ သွားအတွက် ဆေးရုံတက်တာတို့၊ မျက်စိခွဲတာတို့၊ အလှအပအတွက် ခွဲတာ၊ ကိုယ်ဝန်ရယူလိုမှု၊ ပျက်ကျမှု၊ ရောဂါလက္ဓဏာ နဂိုရှိပြီးသူတွေ စတဲ့အချက်တွေက လျော်ကြေးပေးလျော်တဲ့ အခါမှာလည်း အကျုံးမ၀င်ပါဘူး”ဟု လျော်ကြေးပေးလျော်ရာတွင် အကျုံးမ၀င်ဟု သတ်မှတ်ထားသည့် အချက် ၁၇ ချက်ရှိကြောင်းကို မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆေးရုံတက်စရိတ်များ ကြီးမြင့်လာသည့်အတွက် ဆေးရုံတက်စရိတ် အသင့်အတင့် သက်သာစေရန် ရည်ရွယ်ကာ ကျန်းမာရေးအာမခံကို အကောင်အထည်ဖော်ရခြင်းဖြစ်ကာ စမ်းသပ်ကာလ တစ်နှစ်အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးအာမခံကို မြန်မာ့အာမခံအပါအ၀င် ပုဂ္ဂလိက အာမခံကုမ္ပဏီများတွင်ပါ ထားရှိနိုင်မည်ဖြစ်ပြီး ကျန်းမာရေးအာမခံသည် ကမ္ဘာပေါ်တွင် ၁၈၈၃ ခုနှစ်မှ စတင်ကာ ဂျာမနီနိုင်ငံတွင် ပထမဆုံးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ သက်တမ်းအားဖြင့် ၁၃၂ သက်တမ်း ရှိနေပြီဖြစ်ကြောင်း သိရသည်။


သက်ထား၊ အေးမြတ်မွန်





ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဦးနေစိုးမောင်နှင့် တွေ့ဆုံမေးမြန်းခြင်း


ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်၊ ရန်ကုန် ဆေးတက္ကသိုလ် ၁ နှင့် ၂၊ မန္တလေး ဆေးတက္ကသိုလ်နှင့် မကွေး ဆေးတက္ကသိုလ် တို့တွင် ယခုနှစ်မှ စတင်ကာ အစိုးရ ဝန်ထမ်း ဆရာဝန်များ ကိုသာမက ပြင်ပ ဆရာဝန်များကိုပါ ဘွဲ့လွန် သင်တန်းများ တက်ရောက် ခွင့် ပေးတော့မည် ဖြစ်သည်။ အဆိုပါ ဒီပလိုမာ သင်တန်း များနှင့် ပတ်သက်၍ ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဦးနေစိုးမောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ ခုလိုမျိုး ပြင်ပ ဆရာဝန်တွေကို ဒီနှစ်မှာစပြီး ဘွဲ့လွန် သင်တန်း တက်ခွင့်ပေးလိုက်တဲ့ ရည်ရွယ် ချက်လေး ပြောပြ ပေး ပါရှင့်။ 

ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးတာက အစိုးရ ဝန်ထမ်း ဆရာဝန်တွေရော ပြင် ပ ဆေးရုံဆေးခန်းတွေက ဆရာ ဝန်တွေရော ပါတယ်လေ ။ ဝန်ထမ်း ဆရာဝန်တွေတင် မဟုတ်ဘဲ ပြင်ပ ဆရာဝန်တွေပါ ပညာ အရည်အသွေးမြှင့် တင်ပေးဖို့ လိုပါတယ် အဲဒီ အတွက် ဒီနှစ်ကစပြီး ဒီပလိုမာ သင်တန်းတွေ တက်ခွင့်ပေးသွားမှာပါ။

ဘယ်လိုသင်တန်းတွေ အဓိကထား တက်ခွင့်ပေး မှာလဲရှင့်။ ဘယ်ကျောင်းတွေမှာ တက်ခွင့်ရမှာ လဲရှင့်။

ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်၊ ရန်ကုန်ဆေး တက္ကသိုလ် ၁နဲ့ ၂၊ မန္တလေး ဆေးတက္ကသိုလ်နဲ့ မကွေး ဆေးတက္ကသိုလ်တွေ မှာပါ။ သင်တန်း တွေ ကတော့ ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်မှာ ဆိုရင် Diploma in Hospital Administration (ဆေးရုံအုပ်ချုပ်ရေး ဒီပလိုမာ )၊ ဆေး ၁၊ ဆေး ၂ နဲ့ မန္တလေး ဆေးတက္ကသိုလ်တို့မှာ Diploma in Obstetrics and Gynecology ( သားဖွားမီးယပ် ဒီပလိုမာ)၊ Diploma in Child Health (ကလေး ကျန်းမာရေး ဒီပလိုမာ)၊ Diploma in Radiology (ဓာတ်မှန်ပညာ ဒီပလိုမာ)၊ Diploma in Anesthesia (မေ့ဆေးပညာ ဒီပလိုမာ) နဲ့ Diploma in Pathology (ရောဂါဗေဒ ဒီပလိုမာ) ရှိမယ်။ မကွေး ဆေးတက္ကသိုလ် မှာတော့ OG (Obstetrics and Gynecology)၊ Child Health နဲ့ Pathology သုံးခုပါ။ Diploma in Emergency Medicine (အရေးပေါ် ဆေးကုသမှု ပညာ ဒီပလိုမာ)ကို ရန်ကုန် ဆေးတက္ကသိုလ် (၁) တစ်ခုတည်းမှာပဲ သင်ကြား မှာပါ။

သင်တန်းကာလက ဘယ်လောက် ကြာမလဲရှင့်။ ဘယ်လို ကန့်သတ်ချက်တွေ ရှိပါသလဲ။

Diploma in Hospital Administration သင်တန်းက ခြောက်လ ကြာမယ်။ ကျန်တဲ့သင်တန်း တွေကတော့ တစ်နှစ် ကြာမယ်။ အချို့ သင်တန်း တွေကို ဒီနှစ်ထဲ စဖွင့်မယ်။ အချို့သင်တန်း တွေကိုတော့ နောက်နှစ်စမှာ စဖွင့်သွားမှာပါ။ ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် ကတော့ ဝန်ထမ်း ဆရာဝန် ၂၅ ဦး နဲ့ ပြင်ပ ဆရာဝန် ၂၅ ဦး စုစု ပေါင်း ၅ဝ ခေါ်သွားမယ်။ အခြား တက္ကသိုလ်တွေ ကတော့ လျှောက်လွှာတွေပေါ် မူတည်ပြီး ဆုံး ဖြတ် ရွေးချယ်သွားမယ်။ လိုအပ်ချက် အလိုက် ထပ်မံ ခေါ်ယူသွားမယ်။ လုပ်သက် အတွေ့အကြုံများတဲ့ သူကို ပိုပြီး ဦးစားပေးမှာပါ။ အသက် ကတော့ ၅ဝ နှစ် အတွင်း သတ်မှတ် ထားပါတယ်။

ပြင်ပ ဆရာဝန်တွေကို ခုလိုမျိုး ဘွဲ့လွန် သင်တန်း တွေ တက်ခွင့်ပေးလိုက်တဲ့ အတွက် သူတို့ အပါအဝင် အခြား ဘယ်သူတွေ အတွက်ရော အကျိုး ကျေး ဇူးတွေ ရနိုင်ပါသလဲ။

သင်တန်း လာတက်သူတွေ အနေနဲ့ ဆေး ပညာကို ပိုပြီး သိရှိကျွမ်းကျင်လာမယ် နားလည် လာမယ်။ ပြင်ပဆရာဝန်တွေ ဆိုလည်း ပြည်သူတွေ အတွက် ပိုမို အဆင့်အတန်းမြင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေး လာနိုင်မယ်လေ။ ပြည် သူ တွေ ကောင်းမွန် ထိရောက်တဲ့ ကျန်းမာရေး စောင့် ရှောက် မှုတွေ ရရှိမှာပါ။

သင်တန်း တက်ပြီးသွားရင် အစိုးရ ဆေးရုံတွေမှာ တာဝန် ထမ်းဆောင်ဖို့ လိုပါသေးသလား။

ပြင်ပ ဆရာဝန်တွေ အနေနဲ့ သင်တန်းတက် မယ်ဆိုရင် သင်တန်းကြေး ကိုယ့်ဘာသာကိုယ် ပေးရပါမယ်။ တစ်လကို တစ်သိန်း ခွဲလောက် ကုန် ကျပါ မယ်။ အဲ့ဒီ အတွက် ဝန်ထမ်းပြန် လုပ်စရာ မလိုတော့ပါဘူး။ ဝန်ထမ်း ဆရာဝန်တွေကတော့ သင်တန်းကြေး အခမဲ့ပါ။ ဒီပလိုမာ သင်တန်းပြီး ရင် နှစ်နှစ်ပြန်ပြီး တာဝန် ထမ်းဆောင်ရပါမယ်။

နောက်နှစ်တွေမှာရော ဒီလို ဆက်ပြီး တက်ခွင့် ပေးသွားမှာပါလား။ သင်တန်းတွေရော ထပ်တိုး မြှင့်သွားဖို့ ရှိပါသလားရှင့်။

ဆက်ပြီး တက်ခွင့်ပေး သွားမှာပါ။ ထပ်ပြီး သင်တန်းတွေ တိုးမြှင့်ဖို့ ကတော့ သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ ဝန်ထမ်း အင်အား အထူးသဖြင့် သင် ကြားပေး မယ့် ဆရာတွေပေါ် မူတည်ပြီး သင် တန်း အမျိုးအစားနဲ့ သင်တန်းသား ဦးရေကို တိုး မြှင့်သွားမှာပါ။

ဆရာ့ အနေ နဲ့ ဒီလို ပြင်ပ ဆရာဝန်တွေကို ဘွဲ့လွန် သင်တန်း တက်ခွင့်ပေးလိုက်ခြင်း အပေါ် ထပ်မံ ဖြည့်စွက် ပြောချင်တာများ ရှိ ရင် ပြောပေးပါဦး ဆရာ။

ဒီလို ပြင်ပ ဆရာဝန်တွေကို ဘွဲ့လွန်သင်တန်း တွေ ပေးလိုက်တာက ဆေးပညာ မြင့်မားစေဖို့ပါ။ သင်တန်းတက်မယ့် သူတွေကို ကြိုဆို တယ်။ ဆေးပညာ ကို သေချာ ဂရုစိုက် သင်ယူပြီး ပြင်ပ ဆေးရုံ ဆေးခန်းတွေမှာ ပြည်သူတွေရဲ့ ကျန်းမာ ရေး ကို သေ ချာလေး ပြန် ပြီး စောင့်ရှောက်စေ လိုပါတယ်။ ကု သရေးတွေ လည်း ပိုမို ကောင်းမွန် လာစေချင်တယ်။ ဘွဲ့တစ်ခု ထပ်ရရုံ မဟုတ်ဘဲနဲ့ အများပြည် သူတွေ အတွက် ထိရောက်တဲ့ ကျန်း မာရေး ဝန်ဆောင် မှုတွေ ပေးစေချင်ပါတယ်။


ယခုနှစ်တွင် မြွေဆိပ်ဖြေဆေးအလုံးရေ ရှစ်သောင်းအထိ တိုးမြှင့်ထုတ်လုပ်မည်


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ်တွင် မြွေဆိပ်ဖြေဆေး လုံးရေရှစ်သောင်းအထိ တိုးမြှင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၄ က မြွေဆိပ်ဖြေဆေး လုံးရေခြောက်သောင်းထုတ်လုပ် နိုင်ခဲ့ပြီး ယခုနှစ်တွင် တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာန ဆေးဝါးစက်ရုံ (အင်း စိန်)မှ ဒုစက်ရုံမှူး ဒေါက်တာ ခင်ပြုံးလွင်က ပြောသည်။ ‘‘တစ်နိုင်ငံလုံး အတိုင်းအ တာနဲ့ လိုအပ်နေတာက ခုနစ် သောင်းဆိုပေမယ့် ဒီနှစ်ဆိုရင် ရှစ် သောင်းလောက်အထိထုတ်လုပ် ဖို့ လျာထားတယ်။ နှစ်စဉ်တိုးတိုး ပြီးထုတ်သွားမယ်။ ပြီးတော့ လက်ရှိထုတ်နေတဲ့အရည်(ဆေးရည်) က ကျေးလက်ထိရောက်ဖို့ဆိုရင် အေးခဲစက်တွေ ဘာတွေရှိမှအဆင်ပြေမှာ။ အခုက အဲဒီလိုမရှိတော့ ဝေးလံတဲ့ ကျေးလက်တွေ ရောက်ဖို့အတွက်က အခက်အခဲ ရှိတယ်’’ဟု ၎င်းကပြောသည်။

ထို့ကြောင့် ယခုနှစ်တွင်အေး ခဲခြောက်စက်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထားရှိပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြွေဆိပ်ဖြေဆေးကို ဆေး သုတေသနဌာနက သုတေသနပြု လုပ်ခြင်း၊ စက်မှုဝန်ကြီးဌာနက ထုတ်လုပ်ခြင်းနှင့် ကျန်းမာရေးဝန် ကြီးဌာနက ဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့နှစ်စဉ်တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ရ ရှိပြီး မြွေကိုက်ခံရမှုကြောင့် သေ ဆုံးနှုန်းများ လျှော့ချနိုင်မည်ဖြစ် သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်လူ တစ်သောင်းခန့် မြွေကိုက်ခံနေရပြီး ၁၀ ရာခိုင်နှုန်းခန့် သေဆုံးလျက်ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။

မြွေအန္တရာယ်သည် မြန်မာ နိုင်ငံ၏ အရေးကြီးသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး စပါး စိုက်ပျိုးသောတိုင်းဒေသကြီးများတွင် မြွေကိုက်ခံရမှုပိုမိုများပြား၍ အဓိကအကြောင်းရင်းများမှာကျေး ရွာများတွင် သယ်ယူပို့ဆောင်မှုမ လွယ်ကူခြင်း၊ တိုက်နယ်ဆေးရုံများ တွင် မြွေဆိပ်ဖြေဆေးလုံလောက် စွာမရှိခြင်းတို့ကြောင့်ဖြစ်သည်။

မြွေကိုက်ခံရသော လူနာ တစ်ဦးသည် မြွေဆိပ်ဖြေဆေး လေးလုံးထိုးနှံရန်လိုအပ်ပြီး မြွေ ဆိပ်သက်သာမှုမရှိပါက နောက် ထပ်ခြောက်နာရီတွင် မြွေဆိပ်ဖြေ ဆေးလေးလုံးထပ်မံထိုးနှံရန် လို အပ်သည်။ မြွေဆိပ်ဖြေဆေး တစ်လုံး၏တန်ဖိုးမှာ ကျပ်လေးသောင်း ခန့် ရှိသည်။

မြန်မာနိုင်ငံတွင် မြွေအမျိုးအ စားပေါင်း ၁၄၅ မျိုးခန့်ရှိပြီး လူကို သေစေနိုင်သောမြွေအမျိုးအစား များမှာ မြွေပွေး၊ မြွေဟောက်၊ ငန်းမြွေ၊ ငန်းတော်ကျားနှင့် Sea Snake တို့ဖြစ်သည်။ မြွေကိုက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းမှာ မြွေပွေး ကြောင့်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းမှာ မြွေဟောက်ကြောင့်ဖြစ်သည်။

 ယမင်း



သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ဧရာဝတီတိုင်း ပထမနေရာတွင်ရှိနေ

ဧရာဝတီတိုင်းဒေသကြီး သည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုပထမနေရာတွင်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ယင်းဌာန၏ စာရင်းဇယား များအရ ဧရာဝတီတိုင်းတွင် သွေး လွန်တုပ်ကွေးဖြစ်ပွားမှုမှာ ဇွန်လ ၁၀ ရက်အထိ ၃,၃၉၇ ဦးနှင့်သေ ဆုံးသူ ၁၁ ဦးရှိခဲ့ပြီး အခြားပြည် နယ်နှင့်တိုင်းများထက် ဖြစ်ပွားမှု နှုန်း ပထမနေရာ၌ ရောက်ရှိနေ ကြောင်း သိရသည်။ ‘‘ဧရာဝတီတိုင်းကဖြစ်တာ အများဆုံးပဲ။ သူက နံပါတ်(၁)ပဲ။ အဓိကကတော့ ရေပေါလို့။ ရေ ကန်တွေ၊ မြစ်တွေ၊ ချောင်းတွေ ပေါများတယ်။ ချောင်းတွေမြောင်း တွေဆို ဧရာဝတီတိုင်းက အများ ဆုံးပဲ။ ပြီးတော့ ရေကန်ကြီးတွေ မှာလည်း အဘိတ်ဆေးခတ်ရ မယ်။ နားမလည်ကြဘူး။ အဲဒါ တွေကြောင့် နှစ်တိုင်းအဖြစ်များ တယ်’’ ဟု ရန်ကုန်တောင်ပိုင်းခရိုင် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ မာလာစိုးကပြောသည်။

ထို့ကြောင့် ဧရာဝတီတိုင်းသို့ ကွင်းဆင်း၍ ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း နှင့် အသိပညာပေးခြင်းတို့ကို အ ရှိန်အဟုန်မြှင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

‘‘ဧရာဝတီတိုင်းမှာ များနေ လို့ အစည်းအဝေးတွေခေါ်ပြီး ကွင်းဆင်းဆောင်ရွက်သွားဖို့ရှိ တယ်။ ဒီနှစ်က ဇန်န၀ါရီမှာဆယ် ဂဏန်းလောက်ဖြစ်တာကနေတဖြည်းဖြည်းနဲ့ မတ်လမှာ ၂၀ လောက်ဖြစ်လာတယ်။ ပြီးတော့ ဧပြီသင်္ကြန်မိုးလည်းထိရော ခြင် တွေစပေါက်ဖွားလာပြီး မေလ ကျတော့ ရာဂဏန်းကျော်သွား တယ်။ အဲဒီလိုကျော်သွားတာနဲ့အ ရေးပေါ်အစည်းအဝေးတွေခေါ် ပြီး ဇွန်လမှာစပြီးတော့ တစ်နိုင်ငံ လုံးမှာ အရှိန်အဟုန်မြှင့်ဆောင် ရွက်ဖို့ ပြင်ဆင်ခဲ့တယ်’’ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းကပြောသည်။

သွေးလွန်တုပ်ကွေးအဖြစ် များဆုံးအသက်အရွယ်များမှာ(၅) နှစ်မှ(၉)နှစ်အတွင်းဖြစ်ကာ အ သက်(၁)နှစ် မှ (၄) နှစ်အတွင်း ဒုတိယနှင့်(၁၀)နှစ်မှ (၁၄) နှစ်အရွယ်ထိ တတိယအဖြစ်အများဆုံးဖြစ်သည်။

ယခုနှစ်တွင် ဇန်န၀ါရီမှ ဇူ လိုင်ဒုတိယပတ်အထိ ဧရာဝတီ တိုင်းသည် ဖြစ်ပွားနှုန်းပထမ နေရာတွင်ရှိပြီး မွန်ပြည်နယ်သည်ဒုတိယအဆင့်နှင့်ရန်ကုန်တိုင်းသည် တတိယနေရာတွင်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံး သွေးလွန်တုပ် ကွေးဖြစ်ပွားသူဦးရေတစ်သောင်း ခြောက်ထောင်ကျော်ရှိနေပြီး ၆၀ ဦးခန့် သေဆုံးနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏စာရင်း ဇယားများတွင် ဖော်ပြထားသည်။



တနင်္သာရီတိုင်းအတွင်း တိုင်းရင်းဆေးရုံတစ်ရုံ ထပ်မံတည်ဆောက်မည်

တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းဆေးရုံတစ်ရုံ ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ တိုင်းဒေသကြီးအတွင်း မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ရောဂါ ကာကွယ်ကုသမှုများ ပြု လုပ်နိုင်ရန် ယခင်ဘဏ္ဍာနှစ်က မြိတ်မြို့၌ ၂၅ ခုတင်ဆံ့ တိုင်းရင်း ဆေးရုံတစ်ရုံတည်ဆောက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း ထားဝယ်မြို့ ၌ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေး ရုံတစ်ရုံ ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ထားဝယ်မှာက ၁၆ ခုတင် ဆံ့ ဆေးရုံအဖြစ် အရင် တည်ဆောက်သွားမယ်။ နောက်မှ ၅၀ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ဖို့ လျာ ထားတယ်’’ ဟု တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ၀င်းအောင်က ပြောကြားသည်။ အဆိုပါ ဆေးရုံကို ထားဝယ်မြို့၊ ဆန်းချီတိုးချဲ့မြို့သစ်ရှိ မြေဧရိယာ တစ်ဧကကျော်၌ တည်ဆောက်ရန် လျာထားကြောင်း သတင်းရရှိ သည်။ တိုင်းရင်းဆေးရုံကို ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်ရန် မေလက တင်ဒါခေါ်ယူထား ပြီးဖြစ်ကြောင်း သိရသည်။ ခုတင် ၅၀ ဆံ့ ဆေးရုံ တည်ဆောက်မည် ဆိုပါက မြေဧရိယာလေးဧကခန့် လိုအပ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း တိုင်းရင်းဆေးပညာကို မြို့နယ်များ၌ ဆေးကုခန်းများဖြင့်သာ ကုသပေးနေရခြင်း ဖြစ်သည်။ မြိတ်မြို့တွင် တည်ဆောက်ထားသည့် တိုင်းရင်းဆေးရုံသည်လည်း ၀န်ဆောင်မှု မပေးနိုင်သေးကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးအတွင်း ယခု ဘဏ္ဍာနှစ်၌ သစ်လွင် ဆရာဝန် များ ထပ်မံခန့်အပ်ပေးခြင်း၊ ပြည် ထောင်စုရန်ပုံငွေဖြင့် ထားဝယ် ပြည်သူ့ဆေးရုံကြီးကို ခုတင် ၃၀၀ ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်နိုင်ရန် အဆောက်အအုံများ တိုးချဲ့ခြင်း၊ ဒေသလိုအပ်ချက်နှင့် ဖွဲ့စည်းပုံအရ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၄၀ ကျော် ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 စိုးမိုးအောင်


ကမ္ဘာ့ကူးစက်မြန်ရောဂါများကာကွယ်ရန် နယ်စပ်ဂိတ်သုံးခုတွင် ခေတ်မီရောဂါရှာဖွေရေးစက်သုံးလုံး တပ်ဆင်မည်

ကမ္ဘာ့ ကူးစက်မြန်ရောဂါများ မြန်မာနိုင်ငံတွင်း မဝင်ရောက်စေရန် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များတွင် ခေတ်မီရောဂါရှာဖွေရေးစက်သုံးလုံး ထပ်မံထားရှိ ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် အီဘိုလာ၊ မားစ်ကဲ့သို့ သော ကူးစက်မြန်ရောဂါများ မဝင်ရောက်စေရန် ရောဂါရှာဖွေစစ်ဆေးသည့် စက်သုံးလုံးကို လိုအပ်နေသည့်နေရာများတွင် ထားရှိပေးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

‘‘ဝန်ကြီးဌာနအနေနဲ့ ရောဂါ ရှာဖွေရေးစက်တွေ နောက်ထပ် စက်သုံးလုံးလောက်ထပ်ဝယ်ဖို့ရှိ တယ်။ ဒါတွေကို နယ်စပ်ပေါက်တွေရဲ့ လိုအပ်တဲ့နေရာတွေမှာ ထားသွားပါမယ်။ အခုလောလောဆယ်မှာ တင်ဒါခေါ်ထားပြီး နိုင်ငံတကာကနေ ဝယ်ယူသွားမှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ စက်အမျိုးအစား နယ်စပ်ဝင်ပေါက်များတွင် ရှိနေသည့် အဖျားတိုင်းစက်ကဲ့သို့ မဟုတ်ဘဲ လေဆိပ်များ၌ထားရှိ သည့် ကွန်ပျူတာနှင့်ချိတ်ဆက်ထားသော ခေတ်မီရောဂါရှာဖွေရေးစက်အမျိုးအစားဖြစ်သည်။

‘‘အခုက နယ်စပ်တွေမှာ ထားထားတာက ရိုးရိုးအဖျားတိုင်း တာစက်ပဲ။ အခုစက်ကကျတော့ ဝင်လာတာနဲ့ အဖျားသွေးရှိ၊ မရှိ စစ်ပြီးသားပဲ။ အဖြေကလည်း စက်မှာတန်းပေါ်တယ်။ ကွန်ပျူတာစနစ်နဲ့လုပ်ထားတာ။ လွတ်သွားတယ်ဆိုတာတော့မရှိဘူး။ ဝင်ပေါက်ကနေဖြတ်တာနဲ့ အော် တိုစစ်ပြီးသားပဲ။ ပြန်ကြည့်လို့ လည်းရတယ်’’ဟု ၎င်းက ပြော သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ အိန္ဒိယနယ်စပ်၊ တရုတ် နယ်စပ်ဖြစ်သော မူဆယ်၊ ထိုင်း နယ်စပ်များဖြစ်သော မြဝတီ၊ ဘုရားသုံးဆူ၊ ကော့သောင်း၊ တာ ချီလိတ်တို့၌ ရောဂါရှာဖွေရေး စက် (ရိုးရိုး) ထားရှိပေးထားပြီး ကူးစက်ရောဂါများ နယ်စပ်ဒေသများမှတစ်ဆင့် ဝင်ရောက်နိုင်ခြင်း ကြောင့် ယခုကဲ့သို့ ခေတ်မီရောဂါ ရှာဖွေရေးစက်များထားရှိပေးခြင်း ဖြစ်သည်။

နယ်စပ် ထွက်ပေါက်များ တွင် ရောဂါရှာဖွေရေးစက်များဖြင့် အဖျားတိုင်းတာမှုများအပြင် ရောဂါလက္ခဏာများပါ စစ်ဆေး ခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှု ခြင်း၊ လိုအပ်ပါက ဆေးရုံတင် ကုသခြင်းနှင့် ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေး၍ အတည်ပြုချက် ရယူခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ခေတ်မီရောဂါ ရှာဖွေရေးစက် လေးလုံးကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ညောင်ဦး စသော အပြည်ပြည်ဆိုင် လေဆိပ်များတွင် တပ်ဆင်ထားပြီး ယခုထပ်မံ တပ်ဆင်မည်ဆိုပါက အဆိုပါစက် အရေအတွက် စုစုပေါင်းခုနစ်လုံး ရှိလာမည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန စာရင်းဇယားများအရ သိရသည်။

 ယမင်း




ပင်လုံဈေး အမှိုက်ပုံ ပုံမှန်သိမ်းဆည်းပေးရန် ရပ်ကွက်ပြည်သူတို့လိုလား



ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အမှတ်(၁၃)ရပ်ကွက်ရှိ ပင်လုံဈေးသည် စည်ကားသောဈေးဖြစ်ပြီး ဈေးရှေ့အမှိုက်ကန်မှာ လမ်းပေါ်သို့လျှံကျနေ၍ ဈေးသွားဈေးပြန်ရပ်ကွက် ပြည်သူတို့နှင့် ဈေးသည်များ၊ အမှိုက်ကန်အနီးရှိ နေအိမ်များ၊ ဈေးဆိုင်များမှာ အမှိုက်များမှထွက်ပေါ်လာသော အနံ့အသက်တို့ကို ရှူရှိုက် နေရသည့်အတွက် ကျန်းမာရေးစိုးရိမ်နေရသောကြောင့် အမှိုက်များကို ရှင်းလင်းပေးရန် ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ ''အမှိုက်မကျုံးတာ တစ်ပတ်လောက်ရှိပြီ။ ဘာလို့အကုန်မသိမ်းတာလဲလို့မေးတော့ ပိတောက်မြိုင် ဈေးမှာ လမ်းကြောင်းရှိလို့ ဦးစားပေးလုပ်နေရတယ်လို့ အလုပ်သမားတစ်ယောက်က ပြောတယ်။ မိုးရွာရင် အမှိုက်ပုံက ကွန်ကရစ်လမ်းပေါ်ကို စွန့်ပစ်ရည်တွေစီးကျတယ်။

နေပူရင်မခံနိုင်အောင် နံတယ်။ ဈေးရောင်းဖို့ နေရာတစ်နေရာရဖို့ မလွယ်ဘူးဆိုတော့ သည်းခံပြီးရောင်းရတာ။ အရင်က နှစ်ရက်တစ်ခါ ပုံမှန်သယ်တော့ အခုလိုမဖြစ်ပါဘူး။ ခုတော့ တစ်နေကုန်ရှူနေရတော့ ကျန်းမာရေးထိခိုက်တာတော့ အမှန်ပါပဲ''ဟု နံနက် ၅ နာရီမှ ည ၉ နာရီအထိ အမှိုက်ကန်အနီးတွင်ဈေးရောင်းနေသော ဈေးသည်တစ်ဦးက ပြောသည်။ ကျူးကျော်နေထိုင်မှုနှင့် အဆောင်နေထိုင်မှုများလာသော လှိုင်သာယာတွင်နေ့စဉ်စွန့်ပစ်ပစ္စည်းထွက်နှုန်းနှင့် သိမ်းဆည်းနှုန်းမညီမျှသောကြောင့် အမှိုက်ကန်များတွင် ပြည့်လျှံလျက်ရှိကြောင်း၊ လူအများစုဝေးရာ ဈေးများရှိ အမှိုက်ကန်များသန့်ရှင်းရေးသည် ကျန်းမာရေးအတွက် အရေးကြီးသောကြောင့် စားသောက်ကုန် များမှ ရောဂါပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပင်လုံဈေးအမှိုက်ကန်ရှိ အမှိုက်များကိုလည်း ပုံမှန်သိမ်းဆည်းပေးရန် ရပ်ကွက်ပြည်သူတို့ လိုလားလျက်ရှိကြောင်းသိရသည်။

 မြင့်မြတ်သစ္စာ




Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ