ငြိမ်းချမ်းရေးအစ အပစ်အခတ်ရပ်စဲရေးက

hnm | 火曜日, 10月 20, 2015 |




ငြိမ်းချမ်းရေးအစ အပစ်အခတ်ရပ်စဲရေးက

ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲသည် အနှစ်ခြောက်ဆယ်ကျော် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီးငြိမ်းရန် ကနဦး ခြေလှမ်းအစ သို့မဟုတ် ငြိမ်းချမ်းရေး မှတ်တိုင်သစ်တစ်ခု စိုက်ထူလိုက်ခြင်းဟု ဆိုရမည်ဖြစ်သည်။
လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အစိုးရ၊ တပ်မတော်၊ ကုလသမဂ္ဂ၊ နိုင်ငံရေးပါတီများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံခြားသံတမန်များနှင့် ပြည်တွင်းမှ အဖွဲ့အစည်းအသီးသီး တက်ရောက်ခဲ့ကြခြင်းမှာ ငြိမ်းချမ်းရေးကို လိုလားထောက်ခံကြောင်းနှင့် လက်မှတ်ရေးထိုးသူများကို အားပေးဂုဏ်ပြုကြောင်း လက်တွေ့ပြသကြခြင်း ဖြစ်သည်။

စင်စစ်အားဖြင့် အနှစ်ခြောက်ဆယ်ကျော်ကြာ တစ်ဖက်နှင့်တစ်ဖက် သူသေကိုယ်သေ တိုက်ခိုက်လာခဲ့သူများ အကြား ယခုကဲ့သို့ မျက်နှာချင်းဆိုင် ထိုင်ကာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်ခြင်းသည် အစိုးရနှင့် တပ်မတော်တို့ ဆောင်ရွက်လုပ်ကိုင်သမျှ ဆန့်ကျင်ကန့်ကွက်ခြင်း၊ ဒီမိုကရေစီ အင်အားစုများ ပြုမူပြောဆိုသမျှ အပြစ်တင် တိုက်ခိုက်ခြင်းကဲ့သို့သော နိုင်ငံရေး မရင့်ကျက်မှုများကိုလည်း သတိပေးရာလည်း ရောက်နေပေသည်။

ဖြတ်သန်းလာခဲ့သော ပြည်တွင်းစစ် သမိုင်းကြောင်းနှင့် အိမ်နီးချင်းအချို့၏ စွက်ဖက်မှု၊ သြဇာသက်ရောက်မှုများကြောင့် လောလောဆယ်အားဖြင့် စိတ်ကူးယဉ်ဆန်သော အားလုံးပါဝင်ရေး မဖြစ်သေးသော်ငြား လက်မှတ်ရေးထိုးရန် ဆုံးဖြတ်သူများနှင့် ထိုသို့ လက်မှတ်ရေးထိုးလာစေရန် ဆော်သြစည်းရုံးသူ ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရမည် ဖြစ်သည်။

ယခင်က အစိုးရနှင့် လက်မှတ်ရေးထိုးရန် ဆွေးနွေးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ အနက်မှ လက်ရှိတွင် အဖွဲ့ရှစ်ဖွဲ့သာ လက်မှတ်ရေးထိုးသော်လည်း နောင်တွင် ကျန်အဖွဲ့များလည်း လက်မှတ်ရေးထိုးလာရန် အစိုးရ၊ တပ်မတော်နှင့် လက်ရှိ လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့များက လက်တွေ့လုပ်ရပ်များဖြင့် ပြသကြရမည် ဖြစ်သည်။

အထူးသဖြင့် အစိုးရနှင့် တပ်မတော်တို့က ကျန်ရှိနေသော လက်နက်ကိုင်တပ်ဖွဲ့များ အပေါ် သဘောထားကြီးကြောင်း၊ ရင့်ကျက်ကြောင်း အထူးပြသရန် လိုအပ်ပြီး လတ်တလော လက်မှတ်မထိုးခြင်းကြောင့် စစ်ရေးနှင့် အခြားနည်းလမ်းများဖြင့် ဖိအားပေး အကျပ်ကိုင်သည့် သဘောမျိုး မရောက်ရှိစေရန်လည်း ထိန်းသိမ်းရမည် ဖြစ်သည်။

All inclusive ခေါ် အားလုံးပါဝင်ရေးသည် စကားလုံးအားဖြင့်သော် လည်းကောင်း၊ နိုင်ငံရေး စံနှုန်းအားဖြင့်သော် လည်းကောင်း များစွာ သင့်မြတ်ကောင်းမွန်သည့် အပြင် ထိုသို့ဖြစ်စေရန်လည်း ဆက်လက်အားထုတ်သွားရမည် ဖြစ်သော်ငြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်တိုင် အဆိုပြု ညှိနှိုင်းရေးဆွဲထားသော အချက်များကို မူတည်ကာ သဘောတူသည့် အဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်းကဲ့သို့ လက်တွေ့ကျ၍ ဖြစ်နိုင်ခြေရှိသော လုပ်ငန်းများကိုလည်း အချိန်မဆိုင်း ဆောင်ရွက်ရန် တာဝန်ရှိပေသည်။

စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ဆောက်လိုပါက နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရန် မဖြစ်မနေ လိုအပ်သည်ဖြစ်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ၎င်းတို့ အခြေစိုက်ရာ ဒေသခံပြည်သူများ ငြိမ်းချမ်းရေး၏ အရသာကို လက်တွေ့ခံစားကာ အခြားသော လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး အခြေအနေများ တိုးတက်မြင့်မားလာစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပေသည်။

mbn

Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ